ကိုဗစ်တတိယလှိုင်း စိုးရိမ်စရာအခြေအနေဖြစ်လာချိန်၌ စစ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ အရေးပေါ်အစည်းအဝေး ကျင်းပ
1629
Iris (NP News) - ဇူလိုင် ၉
စိုးရိမ်စရာအခြေအနေဖြစ်ပေါ်လာနေသည့် ကိုဗစ်တတိယလှိုင်းနှင့်ပတ်သက်၍ လပေါင်းများစွာအသံတိတ်နေခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့က ဇူလိုင်လ(၉)ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ကိုဗစ်တတိယလှိုင်းမှာ ကမ္ဘာတစ်လွှားတွင် ယခုနှစ်အစောပိုင်းကတည်းက ပြန်လည်ဖြစ်ပေါ်လာခဲ့သော်လည်း မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ရပ်များနှင့်အတူ အခြေအနေများက ရှုပ်ထွေးသွားခဲ့သည်။ အထူးသဖြင့် အခြေအနေရှုပ်ထွေးမှုနှင့်အတူ စစ်ကောင်စီဘက်မှ တာဝန်ရှိသူများနှင့် ပြည်သူများဘက်ကလည်း ကိုဗစ်ကို ဇွန်လအထိ အထူးသတိပြုမှု လျော့ပါးခဲ့ကြကာ နိုင်ငံရေးလွန်ဆွဲပွဲတွင် အရှိန်မြင့်တက်ခဲ့ကြသည်ကို တွေ့ရသည်။ ယခုမူ ကိုဗစ်တတိယလှိုင်း၏ထိုးနှက်ချက်က ပြင်းထန်လာနေပြီး နေ့စဉ်ပိုးတွေ့လူနာ(၃၀၀၀)အထက်ကို ရောက်ရှိလာခဲ့သည့်နောက် စစ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့က ဇူလိုင်လ(၉)ရက်တွင် အရေးတကြီးအစည်းအဝေးလုပ်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ(၈)ရက်ညပိုင်း၌ ကြေညာချက်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ဇူလိုင်လ(၂၃)ရက်အထိ ယာယီပိတ်ထားရန် ကြေညာပြီးသည့်နောက် ဇူလိုင်လ(၉)ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များက ကိုဗစ်တတိယလှိုင်းကို ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ အားထည့်လာသည်ကို တွေ့ရသည်။ စစ်ကောင်စီဘက်မှ ထုတ်ပြန်လာသောအချက်အရ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တတိယလှိုင်းကို အဆင်ပြေစွာကျော်ဖြတ်နိုင်ရေးအတွက် မူဝါဒများ ချမှတ်တော့မည်ဟု ဆိုသည်။ အထူးသဖြင့် ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေစည်းကမ်းများကို ပြည်သူများဘက်က တိကျစွာလိုက်နာ၍ တာဝန်ရှိသူများဘက်ကလည်း စနစ်တကျကြပ်မတ်ပြီး တတိယလှိုင်းကို ကျော်လွှားသွားကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီအနေဖြင့် ရုရှားနိုင်ငံထံမှ ကိုဗစ်ကာကွယ်ထိုးဆေး နှစ်သန်းကို မှာယူထားပြီးပြီဖြစ်ကာ မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ဆေးများရောက်ရှိလာချိန်တွင် ဦးစားပေးထိုးနှံသွားရမည် အုပ်စုကို စနစ်တကျခွဲခြား၍ ဆေးထိုးပေးသွားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ လုံလောက်မှုမရှိခြင်းကို ပြန်လည်ကာမိစေရေးအတွက် မူဝါဒချမှတ်ဖော်ဆောင်သွားရမည့်အပိုင်းများကို စီစဉ်နေကြောင်းလည်း သိရသည်။ နိုင်ငံတွင်း၌လည်း အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေးအတွက် စံချိန်စံညွှန်းမီ၍ သင့်တော်သောခွင့်ပြုချက်များဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများကို ခွင့်ပြုပေးသွားရန်ကိစ္စ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းမျိုးစုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်က နိုင်နင်းစွာထုတ်လုပ်သွားနိုင်စေရေးအတွက် မူဝါဒညွှန်ကြားချက်များ မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးရန်ဆိုသော အရေးကြီးသည့်ကဏ္ဍများကို တစ်ခုချင်းခွဲ၍ အစည်းအဝေးတွင် မူဝါဒချမှတ်ခဲ့ကြသည်ဟု ကြားသိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အရေးပေါ်အစည်းအဝေးကို စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဓိကမောင်းနှင်တော့မည်ဖြစ်ကြောင်းလည်း ကြားသိရသည်။ ကိုဗစ်တတိယလှိုင်းသည် မြန်မာနိုင်ငံကို ကြီးမားစွာထိုးနှက်လာသည့် အမျိုးသားရေးရန်သူဖြစ်လာနေပြီး ရန်ငါမခွဲခြားဘဲ အတူတကွရင်ဆိုင်သွားရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ဆိုနိုင်သည်။