ဆရာဝန်လိုအပ်ချက်ကို ကန်ထရိုက်စနစ်ဖြင့်ခန့်ထားပြီး ကိုဗစ်ကုသရေးအရှိန်မြှင့်ရန် စစ်ကောင်စီဥက္ကဋ္ဌ အတည်ပြု

 2261

Iris (NP News) - ဇူလိုင် ၉
ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ဆရာဝန်လိုအပ်ချက်ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းရန် ဆရာဝန်ကန်ထရိုက်ခန့်ထားမျိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ကိုဗစ်တတိယလှိုင်းက မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်ဝင်ရောက်နေပြီဖြစ်ပြီး ပြည်သူများမှာလည်း မည်ကဲ့သို့ ကာကွယ်ကုသရမည်ကို စိုးရိမ်တကြီးဖြစ်လာနေရကြောင်းလည်း သတင်းများကြားသိနေရသည်။ အထူးသဖြင့် ကုသရေးပိုင်း၌ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ လစ်ဟာချက်ကို မည်သို့လုပ်ဆောင်သွားလိမ့်မည်နည်းဆိုသည့် စိုးရိမ်မှုများ ဖြစ်လာခြင်းလည်း ဖြစ်သည်။ “ကျန်းမာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ အချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က ပြန်ပြီး ဖြန့်သွားမှာပေ့ါ။ များတဲ့နေရာကနေ မရှိတဲ့နေရာ၊ နည်းတဲ့နေရာတွေကို သွားဖို့ဟာ တစ်ခုရှိမယ်။ အဲဒီလိုမှ မရဘူးဆိုရင် ကျွန်တော်တို့က ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့လည်း စီမံထားတယ်။ မှာထားတာ ရှိတယ် ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ကိုဗစ်ဒုတိယလှိုင်းအပြီးတွင် ရွေးကောက်ပွဲဖြစ်စဉ်၊ အာဏာသိမ်းမှုဖြစ်ရပ်တို့နှင့်အတူ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများဘက်က စစ်ကောင်စီအပေါ် CDM လုပ်ခဲ့ကြပြီး ယခုတတိယအကြိမ် ကိုဗစ်အရေးတွင် မည်သို့ဆက်လက်သဘောထားလုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည်လည်း ဖြစ်နေသည်။ ကိုဗစ်ကုသရေးနှင့်ပတ်သက်၍ ယခင်အစဉ်အဆက်လုပ်ဆောင်ခဲ့သော ဆေးရုံလုပ်ငန်းစဉ်များကို ဖျက်ထားခြင်းမျိုး မရှိဘဲ ပြန်လည်ပြင်ဆင်နေသည်များရှိထားကြောင်း၊ တတိယလှိုင်းပြန်လာနိုင်သည်ကို တွေးဆမိသည့်အတွက် ပြင်ဆင်မှုများလုပ်ခိုင်းထားသောကြောင့် ယခုအချိန်တွင် တပ်လှန့်နှိုးဆော်ထားပြီဖြစ်ကြောင်းလည်း ဆိုသည်။ တပ်မတော်ဆေးကုသရေးအပိုင်းတွင်လည်း တပ်မတော်ဆေးရုံများတွင်သာ ကုသမှုပေးခြင်းမျိုး မရတော့ဘဲ ကိုဗစ်ကို အမျိုးသားရေးရန်သူအဖြစ် ရည်မှန်း၍ နိုင်ငံအနှံ့ကို ဖြန့်ကျက်ပြီး ကုသမှုများ လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ နေ့စဉ် ကိုဗစ်ပိုးတွေ့လူနာ တိုးပွားလာနေပြီး လွန်ခဲ့သော(၂၄)နာရီအတွင်း စစ်ဆေးထားချက်များအရ ပိုးတွေ့သူ(၄၃၂၀)ဦးနှင့် သေဆုံးသွားရသူ(၆၄) ဦးရှိခဲ့ကြောင်း ဇူလိုင်လ(၉)ရက်ညပိုင်းက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

Related news

© 2021. All rights reserved.