ကိုဗစ်ကြောင့် တရုတ်အစိုးရက တရုတ်မြန်မာနယ်စပ်ဒေသမှာ ခြံစည်းရိုးများကာရံပြီး တင်းကြပ်တဲ့လုံခြုံရေးစနစ်တွေ ချထား

1454

ဂျန်ဇက် (NP News) - ဇူလိုင် ၁၀
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အနောက်ပိုင်းဒေသရှိ နယ်စပ်မြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရုတ်တရက်မြင့်တက်လာနေတဲ့အတွက် နယ်စပ်ဒေသကို တရားမဝင်ဖြတ်သန်းပြီး တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာသူတွေကို တားဆီးပိတ်ပင်နိုင်ဖို့ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတရုတ်မြန်မာနယ်စပ်ဒေသတစ်လျှောက် သွပ်ဆူးကြိုးများနဲ့ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း Global Times သတင်းဌာနကဖော်ပြပါတယ်။
ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် Covid 19 ကူးစက်ခံရသူ(၈)ဦး ရှိခဲ့ပြီး ဇူလိုင်လအတွင်း နောက်ထပ်(၉)ဦးရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်ခံရသူတွေ(၈)ဦးထဲက တစ်ဦးဟာ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ရွှေလီမြို့က ဖြစ်ပါတယ်။ တရုတ်အစိုးဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ရွှေလီမြို့ကို Lock down ချပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် Covid 19 ကူးစက်ခံရသူဦးရေ မြင့်တက်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်တစ်လျှောက်မှာ သွပ်ဆူးကြိုးများနဲ့ ခြံစည်းရိုးခတ်ကာရံနေခြင်းဖြစ်ရာ ညပိုင်းများတွင်လည်း လုပ်ငန်းများလုပ်ကိုင်နေခဲ့ကြောင်း မျက်မြက်သက်သေများက ဆိုပါတယ်။၂၀၂၀ စက်တင်ဘာလအတွင်းကလည်း ရွှေလီမြို့မှာ ပထမဆုံးအကြိမ် Lock down ချမှတ်ပြီးနောက်ပိုင်း တရုတ်မြန်မာနယ်စပ်ဒေသမှာ ခြံစည်းရိုးကာရံခြင်းများရှိခဲ့ကြောင်း ရွှေလီမြို့အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။
နယ်စပ်ဒေသကိုဖြတ်သန်းပြီး တရုတ်နိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာခြင်းအပေါ် တားဆီးနိုင်ဖို့အတွက် ကာရံထားတဲ့သွပ်ခြံစည်းရိုးတွေမှာ ကင်မရာတွေလည်း တပ်ဆင်ထားကြောင်းသိရပါတယ်။ ဒါ့အပြင် တရုတ်မြန်မာနယ်စပ်ဒေသတစ်လျှောက် ကာရံထားတဲ့ခြံစည်းရိုးတစ်လျှောက်မှာ တရုတ်ကင်းလှည့်အဖွဲ့တွေကိုလည်း ချထားပြီးခြံစည်းရိုးအဖြစ် ကာရံထားတဲ့သွပ်ဆူးကြိုးတွေမှာ တပ်ဆင်ထားတဲ့ကင်မရာတွေကနေ ခြံစည်းရိုးပေါ်ကျော်တက်လာမယ့်သူတွေကို အလွယ်တကူဖမ်းဆီးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
တရုတ်အာဏပိုင်တွေဟာ ခြံစည်းပေါ်ကိုကျော်တက်ဖို့ကြိုးပမ်းသူတွေကို ဖမ်းဆီးထိန်းသိမ်းမှာ
ဖြစ်ပြီး နယ်စပ်ဒေသက ရွာအချို့ဟာငွေကြေးရဖို့အတွက် တရုတ်မြန်မာနယ်စပ်ဒေသကိုတရားမဝင်ဖြတ်သန်းနိုင်ဖို့ ကူညီပေးတာမျိုးရှိနေကြောင်း တရုတ်အာဏပိုင်တွေက ပြောပါတယ်။ ရွှေလီမြို့မှ ာနယ်စပ်ဒေသထိန်းချုပ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေရာမှာ တရားမဝင်ဖြတ်သန်းဝင်ရောက်ဖို့ကြိုးပမ်းမယ့်သူတွေကို အပြစ်ပေးသွားမယ်လို့ ရွှေလီမြို့ရှိ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Zhai Yulong က ပြောပါတယ်။