ကိုဗစ်ဆေးပူးပေါင်းထုတ်လုပ်ရန် ရုရှားကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ယခုလအတွင်း ရောက်မည်
989
အေဝိုင်အီး (NP News) - ဇူလိုင် ၁၀
ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရန်အတွက် ရုရှားဘက်က ပူးပေါင်းဆောင်ရွက်ကူညီပေးမည့်အဖွဲ့များ ယခုလအတွင်း လာရောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ(၉)ရက်က ကျင်းပခဲ့သော စစ်ကောင်စီအဖွဲ့၏ ကိုဗစ်ကာကွယ်ကုသရေးဆိုင်ရာ အစည်းအဝေးတွင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ " ကျွန်တော်တို့ ဝယ်မယ့်ဆေးက လက်ရှိ ဝယ်ထားတဲ့ဆေးက သိပ်များတာ မဟုတ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာလည်း မြန်မာနိုင်ငံဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိလို့ရှိရင် ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာရှိပါတယ်။ ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေးရာမှာ မူအားဖြင့် သူတို့သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ သူတို့ဒီမှာ လာကြည့်ပါရစေ။ လာကြည့်ပြီးတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ပြောပါတယ်။ ဒီလထဲမှာ သူတို့ လာဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စောနိုင်သမျှစောအောင် လာနိုင်ဖို့အတွက် ဖိတ်ထားတာ ရှိပါတယ် " ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ မြန်မာနိုင်ငံ၏ လူဦးရေအရ အသက်(၁၈)နှစ်အောက်လူငယ်များကိုပါ ကာကွယ်ဆေးထိုးသွားရန်လည်း စီစဉ်ထားပြီဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံ၏ ဆေးအမျိုးအစားပေါ်မူတည် စဉ်းစားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ ပူးပေါင်းထုတ်လုပ်မှုလုပ်မည့်အဖွဲ့သာမက အခြားသော ပူးပေါင်းဆောင်ရွက်ရေးလုပ်မည့်အဖွဲ့များပါ ရောက်လာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ အထူးသဖြင့် ကိုဗစ်ဖြစ်ပွားမှုပြန်လည်မြင့်တက်လာနေချိန်တွင် ရုရှားဘက်မှလည်း လာရောက်ရေးအတွက် သေချာစွာ စီစဉ်နေခြင်းဖြစ်ပြီး ပူးပေါင်း၍ဆေးထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေအကောင်အထည်ဖော်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။