ရှုပ်ထွေးပွေလီသွားပြီဖြစ်တဲ့ ဟေတီ

 1008

ကိုလှိုင် (NP News) - ဇူလိုင် ၁၀
ဇူလိုင်လ(၇)ရက်နေ့ နံနက် (၁)နာရီလောက်က ဟေတီ သမ္မတ ယိုဗီနဲလ် မိုဝီကို ကြေးစားသေနတ်သမားတွေလို့ ယူဆရသူတစ်စုက သေနတ်နဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

သေနတ်သမားတွေဟာ သမ္မတ မိုဝီကို ပေါ်တိုပရင့်စ် မြို့တော် အပြင်ဘက်တောင်ကုန်းပေါ်က သူ့ရဲ့ ကိုယ်ပိုင်အိမ်တော်မှာ လုပ်ကြံခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ (၁၂)ချက်နဲ့ နေရာတွင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတကတော်ကတော့ ဒဏ်ရာတွေရရှိခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့ပြီး အမေရိကန် ဖလော်ရီဒါပြည်နယ်ကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။ လုပ်ကြံသူတွေက အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ DEA အဖြစ် အယောင်ဆောင် ဝင်ရောက်ခဲ့ပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ကျွမ်းကျင်သူကြေးစားတွေဖြစ်တယ် လို့ဆိုပါတယ်။

လုပ်ကြံသူတွေကို ဟေတီရဲတပ်ဖွဲ့က လိုက်လံချေမှုန်းရာမှာ (၄) ယောက် အသေရမိပြီး (၂၆) ယောက်ကို အရှင် ဖမ်းဆီးရမိခဲ့ပါတယ်။ ဟေတီရဲတပ်ဖွဲ့ရဲ့ ကြေညာချက်အရ ကိုလံဘီယာနိုင်ငံက ကြေးစား (၁၇) ယောက် နဲ့ ဟေတီနွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ ကိုလံဘီယာနိုင်ငံက ကြေညာရာမှာတော့ ဖမ်းဆီးခံထားရတဲ့ ကိုလံဘီယာနိုင်ငံသားတွေထဲမှာ စစ်သားဟောင်း (၆) ယောက်ပါဝင်ပြီး သေသွားတဲ့သူတွေထဲက နှစ်ယောက်ကလည်း ကိုလံဘီယာစစ်ထွက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသား (၂)ဦးက ဖလော်ရီဒါမှာ နေထိုင်သူတွေဖြစ်ပြီး သူတို့ထဲက တစ်ဦးကတော့ သူ့ကိုယ်သူကျွမ်းကျင်တဲ့ သံတမန်ထောက်လှမ်းရေးသမားလို့ ဖော်ပြကာ ဟေတီနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှာ သက်တော်စောင့် လုပ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ နောက်ပိုင်း ထွက်ဆိုချက်အရတော့ ဒီအမေရိကန် ဟေတီတွေက စကားပြန်လုပ်ဖို့ ငှားလာတာလို့ ပြောပါတယ်။ ဖမ်းမိတဲ့အထဲမှာ (၁၁) ယောက်ကတော့ တိုင်ဝမ်သံရုံးထဲ ဝင်ပုန်းနေလို့ သံရုံးထဲမှာပဲ ဝင်ဖမ်းခဲ့ရတယ်လို့သိရပါတယ်။ တိုင်ဝမ်ကတော့ သူတို့သံရုံးထဲကို လူဆိုးတွေက အတင်းကျူးကျော်ဝင်လာတာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ (အမေရိကန်ရဲ့ စောင့်ရှောက်ခံသဘောမျိုး ဖြစ်နေတဲ့ ဟေတီဟာ တိုင်ဝမ်ကိုနိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။)

သမ္မတ မိုဝီကို ဘာကြောင့် လုပ်ကြံတာလဲ၊ နောက်ကွယ်က ဘယ်သူတွေက ခိုင်းစေညွှန်ကြားတာလဲဆိုတာတော့ မသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ DEA အယောင်ဆောင်ပြီး ကိုလံဘီယာက ကြေးစားတွေငှားတယ်လို့ ဆိုတဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေဖွယ်ရှိပါတယ်။ ပြဿနာက ဟေတီမှာ နိုင်ငံရေးသမားတိုင်း၊နိုင်ငံရေးပါတီတိုင်း၊ လုပ်ငန်းရှင်ကြီးတိုင်းလိုလိုက တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေကြပြီး၊ အဲဒီ လက်နက်ကိုင်ဂိုဏ်းတွေကလည်း မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
မူးယစ်နဲ့နွယ်မယ်ဆိုရင်တော့ ၂၀၁၇ ခုနှစ်က မူးယစ်ဆေးဝါးအမှုနဲ့ ဟေတီမှာ ဖမ်းဆီးပြီး အမေရိကန်ကို လွှဲပို့လို့ ၂၀၁၈ မှာ ထောင်(၉)နှစ်ကျသွားတဲ့ ဟေတီ ဂိုဏ်းခေါင်းဆောင် ရဲအရာရှိဟောင်း အထက်လွှတ်တော်အမတ် ဂိုင်းဖိလစ်နဲ့များ အဆက်အစပ်ရှိမလား စဉ်းစားစရာပါပဲ။

နိုင်ငံရေးဘက် လှည့်စဉ်းစားရင်တော့ အများကြီးရှုပ်ထွေးပါတယ်။ လူဦးရေ(၁၁)သန်းကျော်ရှိပြီး အမေရိကတိုက်မှာ အဆင်းရဲဆုံးနိုင်ငံတခုဖြစ်တဲ့ ဟေတီဟာ(၁၅)ရာစု အစကတည်းက ပြင်သစ်ကိုလိုနီလက်အောက်က တော်လှန်လွတ်မြောက်ခဲ့တဲ့ လူမည်း ငွေဝယ်ကျွန်ဟောင်း နိုင်ငံဖြစ်ပေမဲ့ အခုမှ ဒီမိုကရေစီဆိုတာကို မြေစမ်းခရမ်းပျိုးနေရတုန်းပဲ ရှိပါတယ်။ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်က ဆင်းရဲမွဲတေနေဆဲဖြစ်ပြီး နေရာတကာမှာ တရားမဝင် လက်နက်ကိုင်ဂိုဏ်းတွေက ကြီးစိုးနေကြလို့ တရားဥပဒေစိုးမိုးမှု မရှိသလောက်ဖြစ်နေတာပါ။ ကာရေဘီယံပင်လယ်ထဲကနေ အမေရိကန် ဖလော်ရီဒါကမ်းခြေကို တိတ်တဆိတ်ခိုးဝင်ဖို့ အလွန်ကောင်းတဲ့ ကြားခံကျွန်းနေရာဖြစ်လို့ တောင်အမေရိက မူးယစ်ဂိုဏ်းကြီးတွေအတွက် အရေးပါတဲ့ကြားစခန်းနေရာလည်း ဖြစ်ပါတယ်။

ဒီလို ရေမြေအခြေအနေမျိုးမှာ ဒီမိုကရေစီမျိုးစေ့ မရှင်သန်နိုင်တာကတော့ အံ့ဩစရာမရှိပါဘူး။ သမိုင်းကြောင်းကို ကြည့်ရင်လည်း (၁၅)ရာစုကတည်းက ငွေဝယ်ကျွန်လူမည်းတွေက ပြင်သစ်လက်အောက်ကနေ တော်လှန်လွတ်မြောက်ခဲ့ပေမဲ့ အမေရိကန်က သိမ်းပိုက်ခဲ့တာကိုလည်း ၁၉၁၅ ကနေ ၁၉၄၃ အထိ ခံခဲ့ရပါတယ်။ နောက်ပိုင်း အမေရိကန်တွေ ပြန်ထွက်သွားပေမဲ့ နိုင်ငံရေးအရ အမေရိကန်လွှမ်းမိုးမှု အောက်မှာပဲရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ စစ်အေးကာလမှာ ဆင်းရဲတဲ့ဟေတီကို ကွန်မြူနစ်တွေ ခြေကုပ်မယူနိုင်ဖို့ အမေရိကန်အားပေးထောက်ခံမှုနဲ့ Papa Doc နဲ့ Baby Doc လို့ နာမည်ရတဲ့ အာဏာရှင် ဒူဗေးလီးယား သားအဖက ၁၉၅၄ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ သူတို့သားအဖ လက်ထက်မှာ ခါးပိုက်ဆောင် လက်နက်ကိုင်တပ်ဖွဲ့တွေ သောင်းကျန်းခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဒူဗေးလီးယား အငယ် (Baby Doc) ကို လူထုက အုံကြွတော်လှန်ပြီး စစ်ဘက်က အာဏာသိမ်းခဲ့လို့ အမေရိကန်က ဒူဗေးလီးယားကို ပြင်သစ်မှာ ခိုလံှုဖို့ ပို့ဆောင်ပေးခဲ့ရပါတယ်။ ၁၉၈၈ မှာ စစ်အာဏာသိမ်းမှုကို နောက်ထပ်စစ်အာဏာသိမ်းမှု ထပ်ဆင့်ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီကာလတဝိုက်မှာ လက်ဝဲယိမ်း ဆင်းရဲသားကြိုက် ခရစ်ယာန်ဘုန်းကြီး ဘာထရန်အရစ္စတိုဒ်ကို လူထုကထောက်ခံအားပေးခဲ့ပြီး လူထုအုံကြွမှုဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာဖိအားကြောင့် စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဘာထရန်အရစ္စတိုဒ် အနိုင်ရခဲ့ပြီး ဟေတီရဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အရစ္စတိုဒ်လည်း ကြာကြာမခံပါဘူး။ ၁၉၉၁ မှာ အာဏာသိမ်းမှုဖြစ်ခဲ့ပြန်ပြီး သူလည်း မှာ ခိုလံှုခဲ့ရပါတယ်။ နောက်တော့ ၁၉၉၄ မှာ အမေရိကန်စစ်သင်္ဘောနဲ့ အင်အားပြခြိမ်းချောက်ပြီး စစ်အစိုးရကို ညှိနှိုင်းဖယ်ရှားခဲ့ပါတယ်။အဲဒီနောက်မှာ အမေရိကန်က ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေက နိုင်ငံကို ထိန်းသိမ်းပြီး အရစ္စတိုဒ်ကို ပြန်တင်ပါတယ်။ ၁၉၉၅ မှာရွေးကောက်ပွဲလုပ်တော့ သူ့တပည့် ရီနေးပရီဗဲ အနိုင်ရပါတယ်။ ၁၉၉၉ မှာ ရွေးကောက်ပွဲ ထပ်လုပ်တော့ မဲမသမာမှုရှိတယ်လို့ စွပ်စွဲကြပေမဲ့ အရစ္စတိုဒ် အာဏာတစ်ကြိမ်ထပ်ရပါတယ်။ ဒါပေမဲ့ သူက လက်ဝဲဝါဒီ၊ အမေရိကန်ဆန့်ကျင်ရေးသမားဆိုတော့ နောက်တစ်ကြိမ်လည်း ကြာကြာမခံပါဘူး။ ဆင်းရဲသားတွေကြိုက်ပေမဲ့ ငွေရှင်တွေမကြိုက်တော့ လူဆိုးဂိုဏ်းတွေက ရန်ရှာတာလည်းပါတယ်။ အရစ္စတိုဒ် ကိုယ်တိုင်ကလည်း ဒီရေစီးကြောင်းထဲမှာ သူ့ပါတီကို ဂိုဏ်းနဲ့ ချိတ်ဆက်လာရတဲ့လာရတဲ့ အခြေအနေရှိပါတယ်။

သူ့လက်ထက်မှာ ဟေတီ စစ်တပ်ကို ခဏခဏ အာဏာသိမ်းလို့မရအောင် လုံးဝဖျက်ပစ်တာ၊ ရဲတွေကိုလည်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုပြီး အစုလိုက်ထုတ်ပစ်တာတွေကလည်း ဂိုဏ်းပြဿနာကို လောင်စာလောင်းပေးသလို ဖြစ်ခဲ့ပါတယ်။ ဖျက်ပစ်တဲ့ စစ်တပ်က စစ်ထွက်တွေကိုလည်း ပြန်လှည့်မကြည့်၊ အလုပ်ပြုတ် ရဲထွက်တွေကလည်း အလုပ်မရှိတော့ လူဆိုးဂိုဏ်းတွေထဲ တွန်းပို့သလို ဖြစ်ကုန်ကြတာပါ။ မြို့တော် ပေါ်တိုပရင့်စ်တစ်ခုတည်းမှာကိုပဲ လူဆိုးဂိုဏ်းပေါင်း ၁၆၀ ကျော်က အင်အား ၃၀၀၀ ကျော်နဲ့ သူ့အပိုင်စားနယ်မြေအလိုက် သူတစ်လူ ငါတစ်မင်း ကြီးစိုးနေကြတယ်လို့ဆိုပါတယ်။ (လက်နက်ကိုင် အဖွဲ့အစည်း အင်စတီကျူးရှင်းဆိုတာ သတိထားပြီး မှန်မှန်ကန်ကန် မကိုင်တွယ်တတ်ရင် အင်မတန် အန္တရာယ်ကြီးပါတယ်။ အီရတ်မှာ အမေရိကန်တွေ ၂၀၀၃ က ဝင်တိုက်တော့ ရက်ပိုင်းနဲ့ နိုင်ငံကို သိမ်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဆက်ဒမ်ဟူစိန်ရဲ့ ဘတ်သ်ပါတီဝင် အမာခံတွေဆိုပြီး အမေရိကန် အုပ်ချုပ်ရေးမှူးက ပင်စင် လျော်ကြေး မပေးဘဲ စစ်တပ်ကို ဖျက်ပစ်လိုက်တာ အကုန်လုံး သူပုန်တွေဖြစ်၊ နောက်ပိုင်း အယ်လ်ကေဒါတွေဖြစ်ကုန်ကြတော့ အီရတ်မှာ အမေရိကန်တွေ စစ်နွံနစ်သွားတော့တာပါပဲ။ )

ဟေတီမှာလည်း ၂၀၀၄ ခုနှစ်မှာ အကြမ်းဖက်မှုတွေ၊ လူထုဆူပူအုံကြွမှုတွေ ထိန်းမနိုင် သိမ်းမရဖြစ်ပြီး အမေရိကန်ရဲ့ဖိအားပေးမှုကြောင့် အရစ္စတိုဒ်လည်း ထွက်ပြေးရတဲ့ဘဝ ရောက်သွားပါတော့တယ်။ အမေရိကန်တွေက အရစ္စတိုဒ်ကို စစ်လေယာဉ်နဲ့ တင်ဆောင်ပြီး အိမ်နီးချင်း ဒိုမီနီကန်နိုင်ငံကို မဲဇာပို့လိုက်တာ ဖြစ်ပါတယ်။ ဟေတီလည်း အကြမ်းဖက်ဆူပူမှုတွေနဲ့ တိုင်းပြည်မပျက်ရုံဘဲ ကျန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်တွေဝင်လာပြီး ထိန်းရပြန်ပါတယ်။
အမေရိကန်နဲ့ ကုလသမဂ္ဂက ကြားဖြတ်အုပ်ချုပ်ပြီး ၂၀၀၆ မှာရွေးကောက်ပွဲလုပ်တော့ ပရီဗဲ ပြန်နိုင်ပါတယ်။ သူ့လက်ထက်မှာ ဟေတီဟာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာလို ဝမ်းရောဂါတွေ အကြီးအကျယ်ဖြစ်၊ အငတ်ဘေးဆိုက် ဆူပူမှုတွေဖြစ်၊ ၂၀၁၀ မှာတော့ ငလျင်အကြီးအကျယ်လှုပ်တာ လူသုံးသိန်းလောက်သေပါတယ်။ အဲဒီကာလမှာတော့ ဟေတီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ပဲ အသက်ရှင်နေခဲ့ရတာဖြစ်ပြီး ဒုက္ခသည်နိုင်ငံဘဝကို လုံးလုံးလျားလျားရောက်သွားတာဖြစ်ပါတယ်။ အချုပ်အခြာအာဏာပိုင်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ်မှ မရပ်တည်နိုင်တော့ ကုလသမဂ္ဂအမည်ခံ အမေရိကန်တပ်တွေ ဝင်လာတဲ့ ၁၉၉၅ ခုနှစ်ကစပြီး ပြန်ထွက်သွားတဲ့ ၂၀၁၇ ခုနှစ်အထိ ဟေတီအစိုးရဆိုတာ အစစအရာရာ လက်ဖြန့်တောင်းပြီး သူများညွှန်ကြားရာလုပ်နေရတဲ့ ဟန်ပြသာသာပါပဲ။

၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြန် နာမည်ကျော် ရက်ပါ အဆိုကျော် မီခဲလ် မာတယ်လီ သမ္မတအဖြစ် ရွေးကောက်ခံရပါတယ်။ သူလည်း ဟေတီရဲ့ နိုင်ငံရေး စီးပွားရေးအရှုပ်ထုပ်ကြီးကို နိုင်နိုင်နင်းနင်း မဖြေရှင်းနိုင်ပါဘူး။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ လွှတ်တော်ထဲမှာ ထိန်းမနိုင်သိမ်းမရ သောင်းကျန်းမှုတွေ၊ ခပ်ကြမ်းကြမ်းကိုင်တွယ်ရင်လည်း အာဏာရှင်လို့ စွပ်စွဲခံရပြီး နှုတ်ထွက်ပေးဖို့ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ အငြင်းပွားမှုတွေကြောင့် သူ့ကိုဆက်ခံမယ့်သူ အမည်မပေါ်ခင်မှာပဲ ရုတ်တရက်နဲ့ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတော့တယ်။ သူ့ကို ဆက်ခံတဲ့ အခု လုပ်ကြံခံရတဲ့ သမ္မတ မိုဝီဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုပေမဲ့ အငြင်းပွားမှုတွေနဲ့ ပြဿနာတွေ တက်ခဲ့ပြီး ၂၀၁၇ ကျမှ ဒုတိယအကြိမ်ရွေးကောက်ပွဲနဲ့ အနိုင်ထပ်ရလို့ တက်လာတာဖြစ်ပါတယ်။ မိုဝီဟာ မူလက နိုင်ငံရေးသမားမဟုတ်ပါဘူး။ သူက ငှက်ပျောသီး စိုက်ပျိုးတင်ပို့တဲ့ လုပ်ငန်းရှင်ဖြစ်ပြီး သူ့ကို ငှက်ပျောလူသား banana man လို့ လူသိများပါတယ်။ သူက ရေမြေရာသီဥတုကောင်းမွန်တဲ့ ဟေတီကို ပြင်သစ်ကိုလိုနီဘဝကလို စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်ချမ်းသာတဲ့ နိုင်ငံဖြစ်အောင် ပြောင်းလဲပစ်ချင်တဲ့သူပါ။

ဒါပေမဲ့ ဒီလောက် ဘက်ပေါင်းစုံက မူမမှန်ပျက်စီးနေတဲ့ နိုင်ငံကို ပြန်လည်ပြင်ဆင်ပြုပြင်ပြောင်းလဲဖို့ဆိုတာ နွားရိုင်းတစ်ထောင်ကို နွားကျောင်းသားတစ်ယောက်ထဲနဲ့ ယဉ်ပါးအောင် ကျင့်ရသလိုပါပဲ။ သူက ခပ်ကြမ်းကြမ်းကိုင်တော့ မဟုတ်တာနဲ့ အကျင့်ပါသူတွေနဲ့ ထိပ်တိုက်ဖြစ်ရတော့တာပါပဲ။ သူ လုပ်ကြံမခံရခင်မှာပဲ နိုင်ငံရေးအကြပ်အတည်းနဲ့ကြုံနေရတာပါ။ အတိုက်အခံတွေက ၂၀၁၆ ကနေတွက်ရင် သူ့သမ္မတသက်တမ်းက ၅ နှစ်ပြည့်ပြီဖြစ်လို့ သူ့ကို ထွက်ပေးရမယ်လို့တောင်းဆိုနေကြပြီး သူ့ကို ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးစားမှုတစ်ခုလည်း မကြာခင်က ဖြစ်ခဲ့ပါသေးတယ်။ သူက ၂၀၁၇ ကျမှ ကျမ်းကျိန်တာမို့ နောက်နှစ်မှ ၅ နှစ်ပြည့်မှာဆိုပြီး တင်းခံနေတာဖြစ်ပါတယ်။ ဟေတီလွှတ်တော်ကတော့ သက်တမ်းပြည့်သွားလို့ ပယ်ဖျက်လိုက်ပြီး လွှတ်တော်မရှိဘဲ သမ္မတ ဒီကရီအမိန့်နဲ့ အုပ်ချုပ်နေတာကြောင့် အာဏာရှင်ဆိုပြီး ဆန့်ကျင်ဆူပူနေသလို သူ့ကို သက်တမ်းကျော်နေလို့ တရားဝင်သမ္မတ မဟုတ်တော့ဘူးဆိုပြီး ထိုးနှက်နေတာလည်းရှိပါတယ်။ ဒီအခြေအနေမှာ လုပ်ကြံခံရတာဆိုတော့ သူ့ကို သမ္မတအဖြစ် မတွေ့မြင်ချင်သူတွေရဲ့ လက်ချက်ပဲဖြစ်မယ်လို့ တွက်ဆရပါတယ်။ သူ့ကိုသတ်ချင်တဲ့သူတွေကလည်း အများသားဆိုတော့ ဘယ်သူ့ကို လက်ညှိုးထိုးရမလဲဆိုတာတောင် ခက်နေတာပါ။ တချို့ကတော့ ၂၀၁၇ မှာ ကုလသမဂ္ဂအမည်ခံ အမေရိကန်တပ်တွေ ရုပ်သိမ်းလိုက်တာက မိုဝီကို သေတွင်းထဲပို့လိုက်သလို ဖြစ်သွားတာပဲလို့လည်း သုံးသပ်ကြပါတယ်။ ဟေတီမှာက ဟေတီရဲတပ်ဖွဲ့ အင်အား(၈၅၀၀)နဲ့ ကုလသမဂ္ဂ နိုင်ငံစုံရဲတပ်ဖွဲ့အင်အား(၉၀၀ လောက်နဲ့ လုံခြုံရေးကို ထိန်းထားရတာ ဖြစ်ပါတယ်။ ဆိုတော့ ရဲထက် လူဆိုးက များနေတဲ့သဘောရှိပါတယ်။

မိုဝီနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း အဂတိနဲ့ကင်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ မိုဝီက သူ့အရင်သမ္မတ မာတယ်လီလက်ထက်မှာ ဩဂဲနစ် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း အတွက်အတိုးသက်သာတဲ့ချေးငွေ ဒေါ်လာ(၆)သန်းရခဲ့ပြီး ချမ်းသာလာသူဖြစ်ပါတယ်။ သူ့ဩဂဲနစ်ငှက်ပျောလုပ်ငန်းက သိပ်အောင်မြင်လှတာတော့ မဟုတ်ပါဘူး။ တချို့က ပြောတာတော့ သူ့ဩဂဲနစ်ငှက်ပျောသီးတင်ပို့မှုက ကုန်သေတ္တာ(၂)လုံးစာလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ ဒါ့ အပြင် သူ့ကို ငွေမည်းခဝါချမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံခဲ့ရဖူးတာလည်းရှိပါတယ်။ သူမကွယ်လွန်မီကပဲ ဗင်နီဇွဲလားက ရေနံအလှူကနေရတဲ့ ပရဟိတရံပုံငွေဒေါ်လာ(၂)ဘီလျံကျော်ဖိုး သုံးစွဲမှုမှာ သူကိုယ်တိုင်နဲ့ သူ့ဝန်ကြီးတွေ ခြစားမှုတွေရှိနေတယ်ဆိုပြီး စွပ်စွဲခံရလို့ ပြီးခဲ့တဲ့ဝန်ကြီးချုပ်နဲ့ အစိုးရကို ဖြုတ်လိုက်ပြီး ယာယီဝန်ကြီးချုပ်ခန့်ထားတာဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဝန်ကြီးချုပ်အသစ်လဲတာ (၅)ကြိမ်ရှိနေပါပြီ။

အခုတစ်ခါ ပြဿနာက သူကွယ်လွန်ချိန်မှာ ဆက်ခံဖို့ ဘယ်သူ့ကို ယာယီအာဏာပေးရမလဲဆိုတာပါပဲ။ ဒုသမ္မတမရှိတဲ့ ဟေတီမှာ အခြေခံဥပဒေအရ တရားသူကြီးချုပ်ကို လွှဲရမှာဖြစ်ပေမဲ့ တရားသူကြီးချုပ်က ကိုဗစ်ဖြစ်ပြီးဆုံးသွားတယ်။ သူမရှိရင် ဝန်ကြီးချုပ်ကို လွှဲရမယ်ဆိုပေမဲ့ ဝန်ကြီးချုပ်ကလည်း ယာယီလုပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ကလော်ဒီ ဂျိုးဇက်နဲ့ သမ္မတ မိုဝီ မဆုံးခင်တစ်ရက်ကမှ ရွေးချယ်လျာထားပြီး ကျမ်းမကျိန်ရသေးတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း အေရီယယ် ဟင်နရီတို့က သူသာလျှင်ဝန်ကြီးချုပ်အစစ်ဖြစ်ကြောင်း အပြိုင်ကြေညာနေကြပြန်ပါတယ်။ သမ္မတ အလောင်းတောင်မြေကျခင်မှာ နန်းလုပွဲက ဖြစ်နေကြတာမို့ တရားကျဖို့တော့ ကောင်းလှပါတယ်။ တိုင်းပြည်မှာတော့ ဆူပူမှုတွေက ဖြစ်နေပြန်ပါပြီ။ ပြဿနာပေါင်းစုံနဲ့ တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ ဟေတီနိုင်ငံကလေးရဲ့ ကံကြမ္မာကတော့ စိတ်ဝင်စားစရာကောင်းသလို၊ ဂရုဏာသက်စရာ သံဝေဂယူစရာလည်း ကောင်းလှပါတယ်။

တကယ်တော့ ဟေတီဟာ သမ္မတ မိုဝီပြောခဲ့သလို ရာသီဥတု ရေမြေအနေအထားအရရော၊ လူဦးရေ အင်အားအရပါ ကြီးပွားချမ်းသာနိုင်တဲ့ နိုင်ငံတစ်ခုပါ။ ပြင်သစ်နိုင်ငံဟာ သူတို့ပိုင် ဟေတီက ငွေဝယ်ကျွန်တွေ အသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ကြံသကြားနဲ့ ကော်ဖီထုတ်ကုန်တွေက ပြင်သစ်ကို ကြွယ်ဝလာစေခဲ့တာ ဖြစ်ပါတယ်။ ဒီငွေဝယ်ကျွန်တွေက (၁၅)ရာစုမှာ ပြင်သစ်ကိုတော်လှန်ပြီး ကိုယ်ပိုင်နိုင်ငံထူထောင်လိုက်တာ ကံဆိုးတဲ့အကြောင်းပေါင်းစုံနဲ့ တွေ့ကြုံပြီး အခုလို အဖြစ်မျိုးရောက်လာခဲ့ရတာပါပဲ။

ခြုံပြီးသုံးသပ်ရရင်တော့ ဟေတီမှာ ဖြစ်ပေါ်နေတဲ့ ပွေလီရှုပ်ထွေးလှတဲ့နိုင်ငံရေးပြဿနာတွေရဲ့ နောက်ခံအကြောင်းရင်းတွေများစွာထဲမှာ အဓိက အကြောင်းရင်းတချို့ကတော့ ဆင်းရဲချမ်းသာကွာဟမှုကနေ လူချမ်းသာလူနည်းစု ထိန်းချုပ်တဲ့ ကိုယ်ကျိုးရှာ ရေပေါ်ဆီနိုင်ငံရေး ထွန်းကားနေမှု၊ နိုင်ငံရေးသမားတွေက ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုတာလို ဒီမိုကရေစီအစစ်ကို အကောင်အထည်ဖော်ဖို့ထက် မိမိတို့ အာဏာရရှိရေး ညစ်ပတ်တဲ့ ကလိမ်ကကျစ် နိုင်ငံရေးနည်းလမ်းတွေကို အားသန်နေမှု၊ လုံခြုံရေးယန္တရားပျက်စီးသွားပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို မတည်ဆောက်နိုင်လို့ ရာဇဝတ်ဂိုဏ်းတွေက မြေပြင်မှာ ကြီးစိုးနေမှု၊ ကုလသမဂ္ဂအမည်ခံ ပြည်ပနိုင်ငံကြီးက ဩဇာပေးအုပ်ချုပ်နေတာကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှု မရှိဘဲ အစစအရာရာ သူတပါးကိုမှီခိုနေရမှု စတာတွေဖြစ်ကြောင်း သင်ခန်းစာယူနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

( ရေးသားသူ ကိုလှိုင်သည် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိတွင် နစက၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားရသူ ဖြစ်သည် )

Related news

© 2021. All rights reserved.