မြန်မာများက လူမှုရေးစိတ်ဓါတ်ရှိသည့်အတွက် ကိုဗစ်အရေးကိုဖြစ်အောင်လုပ်ပါက မဖြစ်နိုင်စရာအကြောင်းမရှိဟု စစ်ကောင်စီဥက္ကဋ္ဌ ပြော

 518

အေဝိုင်အီး (NP News) - ဇူလိုင် ၁၀
မြန်မာပြည်သူများမှာ လူမှုရေးစိတ်ဓါတ်ရှိထားပြီးဖြစ်သည့်အတွက် ကိုဗစ်အရေးကူညီဝိုင်းဝန်းရန် ဒေသအလိုက် အသိပေးကြညာပြီး ဖြစ်အောင်လုပ်မည်ဆိုပါက မဖြစ်နိုင်စရာအကြောင်းမရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ကိုဗစ်တတိယလှိုင်းအရေးကို ဦးဆောင်ရင်ဆိုင်ရတော့မည့် စစ်ကောင်စီအနေဖြင့် ကာကွယ်ရေးနှင့်ကုသရေးကို နှစ်ပိုင်းခွဲထားပြီး ကာကွယ်ရေးအပိုင်းကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဇူလိုင်လ(၉)ရက်တွင် ကျင်းပခဲ့သည့် ကိုဗစ်ဆိုင်ရာအထူးအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ “ ကျွန်တော်တို့ဆီမှာ ဆေးတပ်ကြပ်တွေရှိတယ်။ Medical Corporal တွေ Medical Sergeant တွေရှိတယ်။ MA တွေရှိတယ်။ သူတို့လည်းသုံးလို့ရတယ်။ အနည်းဆုံးတော့Third Grade တက်ပြီးသားတွေပဲ။ အနည်းဆုံးတော့ ဆေးထိုးပေးလို့ရတယ်ဗျာ။ ကျွန်တော်က သတိရတာနဲ့ ချက်ခြင်းတန်းပြောတာ။ မေ့သွားမှာ စိုးလို့ ချက်ခြင်းလုပ်ပါလို့ ဒါကိုပြောလိုက်တာ။ အဲဒီတော့ အပြင်မှာလည်း ဒီလိုမျိုးသင်တန်းတက်ပြီးသားတွေ ရှိလိမ့်မယ်။ ဒါတွေလည်း ကြေညာလိုက်ပါ။ အတတ်နိုင်ဆုံး Volunteer အဖွဲ့မှာ လာကူညီကြဖို့ပေါ့။ ကျန်းမာရေး တစ်ခုခုနဲ့ပတ်သက်ပြီး သင်တန်းတက်ပြီးသားသူတွေက နီးစပ်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးဆေးရုံတွေမှာ လာရောက်ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်က ကြေညာပေး လိုက်တာ ကောင်းမယ်။ အဲ့ဒါဆိုရင်တော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။ မြန်မာတွေက Volunteer စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့မတူတာက ကျွန်တော်တို့မှာ လူမှုရေးစိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေအများကြီးရှိတယ်။ အဲဒီတော့ ရအောင်လုပ်မယ်လို့ ဆိုလို့ရှိရင် ဘယ်လိုမှ မဖြစ်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် အဓိကကတော့ ကာကွယ်ရေးပိုင်းမှာ လုပ်ဖို့ရယ်။ ပြည်သူလူထုရဲ့ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိပူးပေါင်းဆောင်ရွက်မှုတွေနဲ့လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ အဲဒါကိုအဓိကထားပြောလိုပါတယ် ” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။ အထူးသဖြင့် ကိုဗစ်ကို ကာကွယ်ရေးအပိုင်းတွင် မနိုင်မနင်းဖြစ်လာပါက ကုသရေးအပိုင်း၌ ပိုမိုဆိုးဝါးသောဒဏ်ကို ခံစားရလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။ “ နောက်တစ်ခုကလည်း Co-operation၊ Co-ordination ပေါ့။ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လည်း လို တယ်။ ဟိုလူတွေ၊ ဒီလူတွေ ခွဲလို့ မရပါဘူး။ အရေးကြီးတာကတော့ လူသားတစ်ယောက်ရဲ့ကျန်းမာရေးအပေါ် မူတည်ပြီးတော့ လုပ်ကြရတာဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ဖြစ်လာလို့ရှိရင်တော့ အကုန်လုံး လုပ်ပေးရမယ့် သဘောရှိတယ်။ လုပ်ပေးရမယ့်သဘောလည်း ရှိတယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်း ငြင်းပယ်လို့ မရပါဘူး ” ၎င်းက ဆက်လက်ပြောကြားသည်။

အများပြည်သူဘက်မှလည်း ကိုဗစ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်လိုအပ်ကြောင်းနှင့် တာဝန်ရှိသူများဘက်ကလည်း စည်ကမ်းအတိုင်းလိုက်နာစေရန် ကြပ်မတ်သွားသင့်ကြောင်း ထည့်သွင်ပြောကြားသည်။ ယင်းအပြင် မကြာခင်စတင်မည့် ကာကွယ်ဆေးများထိုးနှံမှုတွင်လည်း သက်ကြီး ရွယ်အိုများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဘဏ်များနှင့် အခြားပုဂ္ဂလိကဝန်ထမ်းများအား ဦးစားပေးထိုးနှံ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ COVID-19 ကူးစက်မှုကြောင့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရေး ဘဏ်များအား COVID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကိုပါ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Related news

© 2021. All rights reserved.