မြန်မာ၌ကြုံတွေ့နေရသော ပြသနာအားလုံး၏ တရားခံမှာ စစ်ကောင်စီသာဖြစ်ပြီး အမြစ်ပြတ်ချေမှုန်းရမည်ဖြစ်ကြောင်း NUG အစည်းအဝေး၌ ဆွေးနွေး

1558

Iris (NP News) - ဇူလိုင် ၁၃
ကိုဗစ်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော အခက်အခဲအားလုံး၏တရားခံမှာ စစ်ကောင်စီသာ ဖြစ်ကြောင်း NUG ၏အပတ်စဉ်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ(၁၃)ရက်တွင် ကျင်းပသည့် NUG ၏အစည်းအဝေး၌ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို မထိန်းသိမ်းနိုင်သော အခြေအနေများဖြစ်လာသည်ဟုကြားသိရနေရသည့်အတွက် အလွန်စိတ်မချမ်းမြေ့ ဖြစ်ရကြောင်းလည်း ထည့်သွင်းပြောကြားသည်။ ကိုဗစ်ကပ်ရောဂါကို စစ်ကောင်စီဘက်က စီမံခန့်ခွဲမှုသည် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ သေဆုံးမှုဖြစ်စေရန်ကျုးလွန်နေရာရောက်ကြောင်း၊ ဆေးပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး၊ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများကို စစ်တပ်အမိန့်ဖြင့် လိုက်ပိတ်ဆို့မှု လုပ်ဆောင်ခြင်းအပြင် ရောဂါဖြစ်ပွားနေသည့်ပြည်သူများအတွက် စနစ်တကျ စီမံထားခြင်းများမရှိကြောင်း၊ နေ့စဉ်နေ့တိုင်း ပြည်သူများ လက်လွှတ်ဆုံးရှုံးနေရများအတွက် အလွန်စိတ်မချမ်းမသာဖြစ်ရကြောင်းလည်း ဆိုသည်။ ယင်းအပြင် ဖေဖေါ်ဝါရီလမှစ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံ ရောက်ရပြီး ကပ်ရောဂါဘေးကိုပါ အကာအကွယ်မဲ့ခံစားနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမလှိုင်း ၊ဒုတိယလှိုင်းများကို ဖြတ်ကျော်ခဲ့စဉ်က ခေါင်းဆောင်ကောင်း၏လမ်းညွှန်မှု ၊အစိုးရဝန်ကြီးဌာနများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ အဓိကအားဖြင့် ပြည်သူတစ်ရပ်လုံး၏အရပ်သားအစိုးရအပေါ် ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရောဂါအန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ကြသကဲ့သို့ စီးပွားရေးရပ်နားထားရမှုများ ၊ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း စုပေါင်းအင်အားဖြင့် ကျော်လွှားနိုင်ခဲ့ကြကြောင်းလည်း ဆိုသည်။ NUG အနေဖြင့် ပြည်သူများအတွက် တတ်နိုင်သမျှ အစွမ်းကုန်အကူအညီပေးနိုင်မည့် အစီအစဉ်များကို အမြန်ချမှတ်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများဘက်မှလည်း လိုအပ်သောကော်မရှင်များဖွဲ့စည်း၍ ဆောင်ရွက်နေကြကြောင်း၊ ပိုမိုမြန်ဆန်ထိရောက်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ဆွေးနွေးခဲ့သည်ဟု သိရသည်။
ကပ်ရောဂါကိုရင်ဆိုင်ရင်း တစ်ဘက်မှလည်း တော်လှန်ရေးကို မျက်ခြေမပြတ်လှုပ်ရှားဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲအားလုံး၏တရားခံမှာ စစ်အုပ်စုသာ ဖြစ်ကြောင်း၊ ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ မြန်မာနိုင်ငံ၏ဘေးဒုက္ခအပေါင်းချုပ်ငြိမ်းမည်ဆိုသည်ကို အမြဲနှလုံးသွင်းထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။