ဖေ့ဘွတ် နိုင်ငံတော်

 1223

မျိုးမင်း(မကျည်းလဟာ) - NP News

ကမ္ဘာ့လူဦးရေအများဆုံကို အုပ်ချုပ်ရတဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ အများဆုံးလူဦးရေ ဘယ်လောက်အထိကို အုပ်ချုပ်ခွင့်ရထားပါသလဲ။
သူအုပ်ချုပ်ခွင့်ရတဲ့ လူဦးရေ တစ်ယောက်ချင်းစီတိုင်းရဲ့ဆန္ဒနဲ့လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ပါ့မလား။ သေချာပါတယ်။ ဘယ်အစိုးရကမှ မစွမ်းသာပါ။
ဒါပေမဲ့ ကမ္ဘာ့လူဦးရေသန်း ၂၀၀၀ ကျော်ကို အုပ်ချုပ်နေတဲ့သူကတော့ တစ်ဦးချင်းစီရဲ့အချက်အလက်နဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်နေပါပြီ။
သူကတော့ ဖေ့ဘွတ်ပါပဲ။
" ခင်ဗျားတို့အစိုးရက ပြည်သူတွေကို ဖေ့ဘွတ်နဲ့အုပ်ချုပ်နေတာလား "
၂၀၁၇ ခုနှစ်အစောပိုင်းတုန်းက အမေရိကန်ကနေ အလည်ပြန်လာတဲ့ မိတ်ဆွေတစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။
" အစိုးရက ဖေ့ဘွတ်ပေါ်တင်မှ လိုက်ပြီးရှင်းတာတွေ၊ အလုပ်လုပ်တာတွေ ရှိနေတယ်ဆို "
ဆင့်ကဲဆင့်ကဲ မေးလာတဲ့ သူ့မေးခွန်းတွေကို ရယ်မောရုံသာ တုန့်ပြန်မိခဲ့ပေမယ့် အဲဒီနေ့ကနေစတင်ပြီး ဒီကနေ့တစ်နှစ်ကျော်လာချိန်မှာတော့ သူ့ကို တစ်ခုခု လှမ်းပြောချင်နေမိပါတယ်။

ကမ္ဘာမှာ လူဦးရေ ၇ ဘီလျံကျော်ရှိတဲ့အထဲက ၄ ဘီလျံကျော်ဟာ အင်တာနက်ကို နေ့စဉ်မပြတ်သုံးစွဲကြပါတယ်။ ဒီအထဲမှာ အာရှဟာ အခြားသောတိုက်ကြီးတွေထက်ပိုပြီး ထိုးထွက်တာစူစွာနဲ့လူဦးရေ ၂ ဘီလျံကျော်အထိ သုံးစွဲမှုနှုန်းရှိနေပါတယ်။ မြန်မာနိုင်ငံကတော့ နေ့စဉ်မပြတ် အင်တာနက်သုံးစွဲသူ ၁၈ သန်းထက်မနည်းရှိတယ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးစုစည်းထားတဲ့သတင်းအချက်အလက်တွေက ညွှန်းဆိုနေပါတယ်။ အင်တာနက်သုံးစွဲသူ မြန်မာနိုင်ငံသား ၁၈ သန်းကျော်ထဲက ၁၆ သန်းကျော်ဟာ ဖေ့ဘွတ်သုံးစွဲကြပါတယ်။ Internet Business လို့ခေါ်တဲ့ အင်တာနက်နဲ့တိုက်ရိုက်အလုပ်လုပ်မှဖြစ်မယ့်လုပ်ငန်းမှန်သမျှရဲ့၉၀ ရာခိုင်နှုန်းကျော်ကို မြန်မာတွေဟာ ဖေ့ဘွတ်နဲ့ပဲ အလုပ်လုပ်ကြပါတယ်။ အခြားသောနိုင်ငံတွေရဲ့အင်တာနက်အသုံးပြုပုံနဲ့တမူထူးခြားစွာပဲ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံနဲ့မှ မတူဘဲ ဖေ့ဘွတ်ကိုသာ အားပြုမှုမျိုးဖြစ်ပေါ်နေတာပါပဲ။ " ငါတို့နိုင်ငံမှာတော့ Youtube က တော်တော်လေးသုံးကြတယ်။ Youtuber တွေလည်း များလာတယ်။ အဲဒီကနေလည်း ဝင်ငွေတွေရတယ်။ ဖေ့ဘွတ်ကတော့ အပျင်းပြေပုံစံမျိုးပဲသုံးတယ်။ မရှိမဖြစ်မသုံးဘူး " လို့ ကမ္ဘာဒီးယားက မိတ်ဆွေသတင်းသမားက ပြီးခဲ့တဲ့လအတွင်းက ရန်ကုန်မြေကိုရောက်တုန်းမှာ မြန်မာတွေ ဖုန်းပွတ်နေတာကို ကြည့်ပြီး ထုတ်ပြောလာပါတယ်။ သူတို့နိုင်ငံမှာတော့ ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ အက်ပလီးကေးရှင်းတွေကို ကိုယ့်လုပ်ငန်းတိုးတက်ရေးအတွက် သုံးသလို အီးမေးလ်ကိုတော့ အထူးအားပြုတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက Youtube ကနေ တိုက်ရိုက်ပိုက်ဆံရှာလို့မရခြင်းနဲ့ပတ်သက်လို့တော့ အံ့အားသင့်မိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ဆိုရှယ်နက်ခ်ဝါ့ အသုံးပြုမှုဟာ တစ်ခုခုတော့ မှားနေပြီလို့သူက ထောက်ပြခဲ့ပါတယ်။

တကယ်တော့ ဖေ့ဘွတ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆိုရှယ်နက်ခ်ဝါ့တွေထဲက တစ်ခုဖြစ်သလို ၂၀၀၄ ခုနှစ်မှာပဲ လူသားတွေအတွက် စတင်ဖြစ်ထွန်းလာပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဆိုရှယ်နက်ခ်ဝ့ါအဖြစ် ထိပ်ဆုံးကနေဦးဆောင်နေသလို လူသားတွေရဲ့မက်မက်စက်စက်သုံးစွဲမှုကြောင့်ပဲ အသားတင်အမြတ်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၁၆ ဘီလျံအထိ ရှိနေတယ်လို့သိရပါတယ်။ ဒီငွေတွေထဲမှာ မြန်မာနိုင်ငံက သုံးစွဲလိုက်တဲ့ငွေကြေးတွေလည်း စီးဝင်နေပါတယ်။ ဒါတောင် မြန်မာနိုင်ငံမှာ ဖေ့ဘွတ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာတာ ၁၅၀၀ တန်ဆင်းမ်ကတ်တွေ ပေါ်ပေါက်လာပြီးနောက်ပိုင်းမှပဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ကမ္ဘာ့နိုင်ငံအချို့မှာ စတင်သုံးစွဲနေပြီဖြစ်တဲ့ ဖေ့ဘွတ်ကို မြန်မာနိုင်ငံမှာတော့ ၂၀၀၈ နောက်ပိုင်းမှသာ အင်တာနက်သုံးစွဲသူအချို့က စတင်သိရှိလာတာဖြစ်ပါတယ်။ မြန်မာပြည်ရောက်ဖေ့ဘွတ်ရဲ့ခေတ်ဦးပိုင်းနဲ့၂၀၁၂ ခုနှစ်အထိမှာတော့ ဖေ့ဘွတ်ဟာ မွေးကင်းစကလေးငယ်လိုပါပဲ။ ဒီကနေ့၂၀၁၈ ကိုရောက်လာချိန်မှာတော့ မျက်နှာစာအုပ်ဟာ အရောင်တွေ စွန်းထင်လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေတော်တော်များများ မလုပ်တဲ့လုပ်ရပ်မျိုးဖြစ်တဲ့ အစိုးရကိုယ်တိုင်က ဖေ့ဘွတ်စောင့်ကြည့်ရေးအတွက် ၆၄၂၆ ဆိုတဲ့ကိစ္စမျိုး ပေါ်ပေါက်လာတဲ့အထိ အရောင်တွေ စွန်းထင်သွားခဲ့တာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တက်လာတဲ့ ဦးသိန်းစိန်အစိုးရဟာ အင်တာနက်နဲ့ဖေ့ဘွတ်စာမျက်နှာပေါ်ကနေ တိုက်ခိုက်မှုတွေ တနင့်တပိုးခံခဲ့ရပေမယ့် စာပေလွတ်လပ်ခွင့်တွေကို သို့မဟုတ် အင်တာနက်လွတ်လပ်ခွင့်တွေကို ကမ္ဘာကအသိအမှတ်ပြုရလောက်အောင်ပေးခဲ့ပါတယ်။ ကမ္ဘာက အမြင်မကြည်၊ ပြည်သူတွေက အမြင်မကြည်တဲ့အစိုးရအဖြစ်ကနေ အားလုံးနှစ်သက်လက်ခံမှုကို အငမ်းမရ လိုချင်နေတဲ့သူတို့အတွက်ကတော့ ဒီလိုတိုက်ခိုက်မှုတွေဟာ မှတ်ကျောက်တွေအဖြစ် နေတတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ညှောင့်လေးတစ်ခုတော့ ထားခဲ့ပါတယ်။ ၆၆ ဃ ဆိုတာပါပဲ။ ဒီညှောင့်လေးဟာ တည်ဆဲအစိုးရလက်ထက်မှာတော့ အရွယ်ရောက်လာပါတယ်။ စစ်တမ်းတွေအရဆိုရင်တော့ ပြီးခဲ့တဲ့အစိုးရထက် ၁၀ ဆ ကျော်ပိုများတဲ့ ၆၆ ဃ အမှုတွေဟာ ဖေ့ဘွတ်ကနေတစ်ဆင့် ခြေရာခံစီးဆင်းလာပါတယ်။ မြန်မာတွေဟာ ၁၅၀၀ တန် ဆင်းမ်ကတ်တစ်ကတ်ကို ဖုန်းဘေလ် ၁၀၀၀ ဖိုးလောက်ဖြည့်ပြီး ဖေ့ဘွတ်အကောင့်တစ်ခု ဖုန်းနဲ့ပဲဖွင့်ရင်း ပြင်ပလူနေမှုဘဝက အဆင်မပြေမှုတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ယုတ်ကြမ်းမှုတွေကို ဖေ့ဘွတ်ပေါ်မှာ ဆင်ဆာမဲ့ပေါက်ကွဲကြပါတယ်။ ဒီလိုပေါက်ကွဲမှုတွေကနေတစ်ဆင့် မလိုလားအပ်တဲ့ပြသနာတွေကို ဖန်တီးမိပြီးသားလည်း ဖြစ်သွားကြသလို ၆၆ ဃ ကလည်း ဒွန်တွဲပါလာခဲ့ပါတယ်။ အချို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ပုဂ္ဂိုလ်အဖွဲ့အစည်းကိုဖြစ်စေ၊ အစိုးရတစ်ရပ်ကိုဖြစ်စေ ဟိရိသြတ္တပတရားကိုတောင် မသိတော့ဘဲ ရိုင်းစိုင်းစွာပြောဆိုရေးသားမှုတွေ လုပ်လာကြပါတယ်။ ပြီးရင်တော့ ဆင်းမ်ကတ်ကို ချိုးပြီး လွှင့်ပစ်လိုက်ရုံပါပဲ။ ဖေ့ဘွတ်ပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေသမျှတွေဟာ သတိတရားနဲ့သာ ဆင်ခြင်ကြည့်တတ်မယ်ဆိုရင် သံဝေဂယူစရာတွေချည်းပါပဲ။ မျောက်အုန်းသီးရသလိုမျိုး ဖေ့ဘွတ်အကောင့်တစ်ခုပေါ်ကနေ တက်လာသမျှသတင်းအချက်အလက် အကြောင်းအရာမှန်သမျှကို မျှဝေလိုက်၊ မှတ်ချက်ပေးလိုက်၊ ဒေါသထွက်လိုက်၊ Like ပေးလိုက်နဲ့ဖေ့ဘွတ်ပြုသမျှ နုနေကြရပါတယ်။ ဦးနှောက်မပါတဲ့ စာဖတ်မှုမျိုးနဲ့ဆင်ခြင်တုံတရားနည်းပါးလှတဲ့ ပြုမူမှုမျိုးတွေကို ခေတ်ပညာတတ်နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေကြားမှာတောင် မြင်တွေ့လာရတဲ့အထိ မြန်မာနိုင်ငံသားတွေ အသိပညာနောက်ကျခဲ့ကြတာကို မျက်ဝါးထင်ထင် မြင်လာရတဲ့အထိပါပဲ။

၂၀၁၈ အတွင်းမှာတော့ ဖေ့ဘွတ်နဲ့မြန်မာနိုင်ငံဟာ ထူးခြားအံအားသင့်ဖွယ်ကောင်းတဲ့ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တည်ဆဲအစိုးရဟာ ဖေ့ဘွတ်ပေါ်က ပြသနာတွေကို စောင့်ကြည့်ဖို့အတွက် ကျပ်ငွေ ၆၄၂၆ သန်း(သိန်းပေါင်း ၆၄၀၀၀ ကျော်) သုံးစွဲခဲ့တယ်လို့အသိပေးကြေညာပါတယ်။ ဒီကြေညာချက်ဟာ နည်းပညာအကြောင်း ၊ ဆိုရှယ်နက်ခ်ဝါ့တွေအကြောင်း လေ့လာထားတဲ့ မြန်မာတွေကြားမှာတော့ ဟာသတစ်ခုလိုမျိုး ရှုမြင်လာကြတာက ပကတိအရှိတရားပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံရေးခေါင်းဆောင်တွေဟာ ဖေ့ဘွတ်ပေါ်ကနေ နိုင်ငံအတွက် အကျိုးအမြတ်ရှာဖို့လုံးပမ်းနေကြချိန် မြန်မာနိုင်ငံက အားလုံးနဲ့မတူ တမူထူးကိုထူးသော နိုင်ငံဖြစ်အောင် လုပ်ဆောင်ပြလိုက်သလားလို့ထင်စရာရှိလာပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တော်တော်များများဟာ ဖေ့ဘွတ်က တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီးတော့ သူ့နိုင်ငံနဲ့ကိုက်ညီမယ့် ပုံစံမျိုး၊ လူမှုကွန်ရက်အသုံးပြုမှုမျိုး၊ နိုင်ငံသားတစ်ဦးချင်းရဲ့လုံခြုံရေးစည်း ကျိုးပေါက်မှုမဖြစ်စေတဲ့ပုံစံမျိုးနဲ့အလုပ်လုပ်ဖို့ညွှန်ကြားလေ့ရှိကြပါတယ်။ အခွန်ဆောင်ခိုင်းဖို့လည်း တိတိပပ ပြောကြပါတယ်။ ညွှန်ကြားချက်အတိုင်းမလုပ်ရင်လည်း နိုင်ငံအတွင်းမှာ ဖေ့ဘွတ်သုံးစွဲလို့မရအောင် ပိတ်ပင်တာမျိုးအထိ လုပ်ရဲကြပါတယ်။ ဆိုလိုချင်တာက ဖေ့ဘွတ်ဆီကနေ သူ့နိုင်ငံရလဒ်ကောင်းရေးအတွက်သာ ရှေးရှုပြီး အစိုးရက ငွေပြန်ရနိုင်တဲ့အထိ စီမံခန့်ခွဲကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံတကာထက်ပိုပြီး ထူးခြားတဲ့အစိုးရတစ်ရပ်လို့ဆိုရမှာပါပဲ။ ဒါ့အပြင် ဖေ့ဘွတ်ကနေ နိုင်ငံရေးဆူပွက်နိုင်တဲ့ပြသနာတွေနဲ့အမုန်းပွားမယ့်ကိစ္စတွေကို စောင့်ကြည့်နိုင်ဖို့အတွက် အစိုးရက သုံးလိုက်တဲ့ကျပ်သိန်းပေါင်း ၆၄၀၀၀ ကျော်ဟာ ဘယ်လိုပုံစံရှိသလဲ ဘယ်လိုစီမံခန့်ခွဲမှုမျိုးနဲ့လဲ ဆိုတာကို ချပြနိုင်ခြင်း မရှိသေးပါဘူး။ ဒီတော့ ၆၄၂၆ ဟာ လူပြောသူပြောများလှတဲ့ ဟာသနှောစရာစကားလုံးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ တည်ဆဲအစိုးရအပေါ် ပေါ်တင်တိုက်ခိုက်ရေးသားနေကြတဲ့ အုပ်စုတွေရဲ့ဖေ့ဘွတ်အကောင့်တွေဟာ လုံး၀ ဖေ့ဘွတ်ပေါ်ကနေ ပယ်ဖျက်ခံလိုက်ရတာပါပဲ။ ပထမဆုံးတစ်ခုကတော့ အမျိုးသားရေးဆရာတော် ဦးဝီရသူပါ။ နောက်ထပ်တစ်ခုကတော့ ဘူးလက်လှဆွေလို့နာမည်ကျော်တဲ့ အမျိုးသားလွှတ်တော်အမတ်ဟောင်း(စစ်ထွက်) ဦးလှဆွေပါပဲ။ ဒီနောက်မှာတော့ ငါးမင်းဆွေ စသဖြင့် အတိုက်အခံလို့ပြောနိုင်တဲ့ လက်ရှိတည်ဆဲအစိုးရကို ဘယ်တုန်းကမှ အကောင်းမပြောခဲ့တဲ့သူတွေရဲ့ဖေ့ဘွတ်အကောင့်တွေဟာ ဖေ့ဘွတ်ပေါ်ကနေ ပယ်ဖျက်ခံလိုက်ရတာပါပဲ။ ဒီလို ပယ်ဖျက်ခံရမှုဟာလည်း တိုက်ဆိုင်စွာပဲ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ဒုဝန်ကြီးတို့ကို ဖေ့ဘွတ်က ဒုတိယဥက္ကဋ္ဌ မစ္စတာ Simon Milner ဦးဆောင်တဲ့အဖွဲ့တွေ့ဆုံခဲ့တဲ့ ဇွန်လ (၅) ရက်နေ့အပြီးမှာပဲ ဖြစ်ပါတယ်။ ဒါဟာတိုက်ဆိုင်မှုလို့ပြောရင် ရနိုင်သလို တမင်လုပ်ခဲ့တယ်လို့လူပြောသူပြော များသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဇွန်လ(၈) ရက်မှာ ပြန်လည်ငြင်းဆိုမှုလုပ်ခဲ့ပါတယ်။ " Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ယက် ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး ကြမ်းတမ်းရိုင်းပျစွာ ရေးသားပြောဆိုမှုများ၊ အမုန်းစကားရေးသားဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေးသားမှုအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးရေးနှင့် ထိုသို့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ စောင့်ကြည့်ထိန်းကျောင်းရာတွင် အခြေအနေမှန်များ သိရှိနိုင်စေရေးနှင့် ရေးသားပြောဆိုသည့် အကြောင်းအရာများကို အကောင်း၊ အဆိုး မှန်ကန်စွာ ခွဲခြားဆောင်ရွက်နိုင်စေရေး မြန်မာစကားကောင်းစွာတတ်ကျွမ်းသူများကို ခန့်ထား၍ ဆောင်ရွက်ပေးသင့်ကြောင်းကိုသာ အကြံပြုဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည် " လို့ပြန်ရှင်းခဲ့သလို " ပြန်ကြားရေးဝန်ကြီးဌာန၏ မူလတာဝန်များတွင် လူမှုကွန်ယက်ပေါ်တွင် ဖော်ပြသည်များကို စောင့်ကြည့်လေ့လာခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းတို့ မပါဝင်ကြောင်းနှင့် ဆောင်ရွက်နေမှုလည်း မရှိပါကြောင်း ဖော်ပြအပ်ပါသည်။ သို့ဖြစ်ပါ၍ ဦးလှဆွေအပါအဝင် မြန်မာနိုင်ငံမှ Facebook Account အချို့ ပိတ်သိမ်းခံရမှုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုတိုက်တွန်းမှုကြောင့် မဟုတ်ပါကြောင်း သိရှိနိုင်ပါရန် ဖြေရှင်းအပ်ပါသည် " လို့ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေရာမှာတော့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေက စတင်ပါပြီ။ ဖေ့ဘွတ်အဖွဲ့ဟာ မြန်မာပြည်မှာ ရုံးလာဖွင့်ဖို့အစီအစဉ်ရှိနေသလို ပြန်ကြားရေးဝန်ကြီး အကြံပြုခဲ့တဲ့ " မြန်မာစကားကောင်းစွာတတ်ကျွမ်းသူများကို ခန့်ထား၍ ဆောင်ရွက်ပေးသင့်ကြောင်း " ဆိုတဲ့စကားလုံးပါပဲ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ၂၀၁၆ ခုနှစ်နောက်ပိုင်းကနေ စတင်ပြီး မြန်မာနိုင်ငံသားတွေကြားထဲမှာ သိသိသာသာ ပြောဆိုရေးသားလာကြတဲ့ လားရာတူကိစ္စတစ်ခုရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ သူငယ်ချင်းအချင်းချင်း အသားမည်းသူကို " ကုလား " လို့စနောက်ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ စကားလုံးမျိုးဟာ ဖေ့ဘွတ်မှာ ပိတ်ပင်ခံခဲ့ရဖူးပါတယ်။ " ကုလား" ဆိုတဲ့စကားလုံးသုံးနှုန်းပြီး စတေးတပ်စ်တင်ခဲ့သူတွေအများစုဟာ အကောင့် Log ကျသွားကြပါတယ်။ ဖေ့ဘွတ်အကျယ်ချုပ်မိခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ ခိုးဝင်နေထိုင်ရင်း နယ်မြေလုသထက်လုလာတဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး တွန်းအားပေးရေးသားတာတွေလုပ်ရင် ရေးတဲ့အကောင့်ဟာ လှိုင်းတစ်ခုခုနဲ့ဝင်တိုက်ခံရတတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကားရေးသားပြီး ဓါတ်ပုံတွေကို မြင်မကောင်း ရှုမကောင်းလောက်အောင်တင်ရင်းနဲ့မြန်မာနိုင်ငံကို ဒုက္ခပေးနေတဲ့ ဘင်္ဂါလီနာမည်ပိုင်ရှင်လူမှုကွန်ရက်အကောင့်တွေကတော့ ပန်းပန်နေဆဲပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံသား ဖေ့ဘွတ်ကို နားလည်ကျွမ်းကျင်ကြသူတိုင်း သဘောပေါက်နေကြပါတယ်။ အမေရိကန်မှာရှိတဲ့ မြန်မာမိတ်ဆွေအချို့ကတောင် အံ့သြနေမိတယ်လို့ထုတ်ပြောလာပါတယ်။ ဒီအနေအထားမှာ ဖေ့ဘွတ်က မြန်မာစကားကောင်းစွာတတ်ကျွမ်းသူများကို ခန့်ထားမယ်ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံသားတွေကြားမှာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အထူးသဖြင့် ခန့်အပ်ခံရမယ့်သူတွေဟာ ဘင်္ဂါလီတွေဘက်က သို့မဟုတ် OIC အလိုကျ ဖေ့ဘွတ်ကိုလိုသလို ကစားသွားလေမလားလို့စိုးရိမ်နေကြတာပါ။ ဒီမေးခွန်းအတွက် မြန်မာနိုင်ငံက လူမှုကွန်ရက်အကြောင်းတကယ်ထဲထဲဝင်ဝင် လေ့လာထားသူတွေကို စစ်တမ်းသဘောမျိုးကောက်ယူကြည့်ရင် သိသာမှာဖြစ်ပါတယ်။ ဒီအချက်ဟာ လက်ရှိအစိုးရကိုယ်တိုင် သတိထားရမယ့်အချက်ဖြစ်နေပါတယ်။ ကိုယ့်အိမ်ကို ဝင်မွှေမယ့် သူခိုးအတွက် တံခါးဖွင့်ပေးမိပြီးသား ဖြစ်နေမှာစိုးပါတယ်။

ဖေ့ဘွတ်နဲ့မြန်မာအကြောင်းကို ပြောကြမယ်ဆိုရင် သေချာပေါက်ထည့်စဉ်းစားဖို့လိုလာတာဟာ ပြီးခဲ့တဲ့အစိုးရတုန်းက ဒီလောက်မဟုတ်ဘဲ အခုမှဘာကြောင့် ဖေ့ဘွတ်လှိုင်းဟာ မြန်မာနိုင်ငံအတွက် အကျပ်အတည်းတွေဖြစ်လာရသလဲဆိုတဲ့အချက်ပါပဲ။ ဦးသိန်းစိန်အစိုးရတုန်းက သူတို့ဟာ တပ်မတော်ကနေ အသွင်ပြောင်းလာသူတွေဖြစ်ပြီး လုပ်ရပ်တစ်ခုခုလုပ်မယ်ဆိုရင် အတူတကွလုပ်ရဲကိုင်ရဲရှိကြသလို အရပ်ဘက်ကအတိုက်အခံလုပ်တဲ့အဖွဲ့တွေကိုလည်း ထိန်းကျောင်းနိုင်တဲ့သူတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် တိုင်းပြည်ကမောက်ကမ မဖြစ်အောင် ထိန်းဖူးသူ ၊ ထိန်းတတ်သူတွေဖြစ်နေတဲ့အတွက် အပြင်ကလာမယ့်လှိုင်းကို မပူရပါဘူး။ ဒါပေမဲ့ ပြည်သူက ရွေးကောက်လိုက်တဲ့ဒီမိုကရေစီအစိုးရကတော့ အစဉ်အဆက် အုပ်ချုပ်ရေးအတွေ့အကြုံတွေ မရှိသေးသလို အတွင်းထဲမှာဖြစ်စေ၊ အပြင်ဘက်မှာဖြစ်စေ လှိုင်းမျိုးစုံနဲ့ရင်ဆိုင်ရမှာ အသေအချာပါပဲ။ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေးမနိုင်နင်းသောကြောင့် ဆိုတဲ့ခေါင်းစဉ်အောက်ကို မရောက်ရေးအတွက် တည်ဆဲအစိုးရမှာ ခေါင်းပူစရာတွေ တစ်ပုံတစ်ပင် ရှိနေမှာပါ။ တည်ဆဲအစိုးရကို ဝိုင်းထိုးလာတဲ့ ပုတ်ခတ်လာတဲ့ လက်ညှိုးပေါင်းဟာ အင်္ဂုလိမာလ ဖြတ်တောက်ခဲ့ဖူးတဲ့ လက်ညှိုးတွေနဲ့နှိုင်းယှဉ်ရတော့မလိုမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီအနေအထားမှာ အစိုးရဟာ လှိုင်းတွေများစွာထဲက တိုင်းပြည်တည်ငြိမ်ရေးနဲ့သက်ဆိုင်တဲ့လှိုင်းတစ်ခုကို အဆုံးသတ်ထိန်းချုပ်ဖို့ကြိုးစားရပါမယ်။ မြေပြင်အခြေအနေမှာ ဖြစ်ပေါ်နေတာဟာလည်း ဒီသဘောတရားအတိုင်းမို့တည်ဆဲအစိုးရရဲ့လုပ်ဆောင်ချက်တွေကို အပြစ်ချည်းပဲ ထိုင်တင်လို့မရသေးပြန်ပါဘူး။ အထူးသဖြင့် အသိမကြွယ်သေးတဲ့ မြန်မာနိုင်ငံသား ဖေ့ဘွတ်အသုံးပြုသူတွေနဲ့အသိကြွယ်ပြီးလှည့်စားတတ်တဲ့ နိုင်ငံရေးလှိုင်းလုံးတွေကြားမှာ အစိုးရတစ်ရပ်ဟာ သက်တမ်းတစ်ခုခုကို တည်တည်ငြိမ်ငြိမ်ထမ်းဆောင်သွားနိုင်ဖို့လမ်းတစ်ခုကိုတော့ ရွေးရပါမယ်။ အဲဒါကြောင့် ၆၄၂၆ ကိစ္စဖြစ်လာတယ်လို့အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ သတင်းအချက်အလက်တွေနဲ့နည်းပညာရှင်အသိုင်းအဝိုင်းကြားမှာ ကြားသိလာရတဲ့စကားကတော့ အစိုးရဟာ ၂၀၁၉ နဲ့ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၀ အထိ လိုအပ်တဲ့တင်းကျပ်မှုတွေ ဆက်လုပ်သွားဖို့ရှိနေတယ်ဆိုတာပါပဲ။ ဖြစ်သင့်လား မဖြစ်သင့်လားဆိုတဲ့ မေးခွန်းကတော့ သမိုင်းမှာတင်မယ့် မှတ်တမ်းမှတ်ရာတွေကပဲ အဖြေပေးနိုင်မှာပါ။

၂၀၀၀ ပြည့်နှစ်တုန်းက အင်တာနက်အသုံးပြုသူ ၁၀၀၀ ကျော်သာရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၇ ဒီဇင်ဘာလကုန်မှာပဲ ၁၈ သန်းအထိ ဖြစ်သွားခဲ့သလို အိမ်နီးချင်းငါးနိုင်ငံအပါအဝင် စုစုပေါင်း(၆)နိုင်ငံထဲမှာတော့ ဖေ့ဘွတ်ကို ရူးသွပ်မှုအရှိဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ထိုင်းနိုင်ငံဟာ အင်တာနက်သုံးစွဲသူ ၅၇ သန်းကျော်ရှိနေပြီး ဒီအထဲက ၄၆ သန်းသာလျှင် ဖေ့ဘွတ်သုံးကြပါတယ်။ လာအိုနိုင်ငံကတော့ အင်တာနက်သုံးသူ ၂၄ သန်းခွဲမှာ ဖေ့ဘွတ်သုံးသူ ၂၂ သန်းရှိနေပါတယ်။ တရုတ်နိုင်ငံကတော့ အင်တာနက်သုံးသူ ၇၇၂ သန်းကျော်မှာ ၁ ဒသမ ၈ သန်းသာ ဖေ့ဘွတ်သုံးပါတယ်။ အိန္ဒိယဟာ အင်တာနက်သုံးသူ ၄၆၂ သန်းကျော်မှာ ၂၅၁ သန်းသာ ဖေ့ဘွတ်သုံးစွဲသူ ရှိပါတယ်။ မြန်မာပြည်ကို ဒုက္ခအပေးဆုံး ဘင်္ဂလားဒေ့ရှ် အင်တာနက်သုံးသူ သန်း ၈၀ ကျော်မှာ ဖေ့ဘွတ်သုံးသူ ၂၈ သန်းသာ ရှိနေပါတယ်။ ဒီကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံဟာ ဖေ့ဘွတ်ရောဂါစွဲကပ်မှု အဆမတန်မြင့်မားနေတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်နေတာကို သိသာစေပါတယ်။
ရောဂါတစ်ခု စွဲကပ်ခံရရင်တော့ ကုသပေးရမှာ တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ဝတ္တရားပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်ကတော့ ဝတ္တရားနဲ့ကိုယ့်ကျင့်တရားဟာ ရောထွေးနေဆဲပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အစိုးရတစ်ရပ်ဟာ နိုင်ငံမတည်မငြိမ်ဖြစ်စေနိုင်တဲ့ ဖြစ်ရပ်မျိုးကိုတော့ သေချာပေါက်ထိန်းချုပ်ရမှာ တာဝန်ရှိပါတယ်။ ၁၉၄၇ ကနေ ၁၉၆၂ ၊ ၁၉၈၈ စတဲ့ဖြစ်ရပ်တွေအားလုံးဟာလည်း ဒီသဘောပါပဲ။ ထိန်းချုပ်မှု မှားခြင်းမှန်ခြင်းက လက်လွန်ခြင်းမလွန်ခြင်းက လက်တွေ့ရင်ဆိုင်ဖြေရှင်းနေရသူတွေရဲ့အဓိက ဆင်ခြင်တုံတရားသာ ဖြစ်ပါတယ်။

ဆရာတစ်ယောက်က ပြောဖူးပါတယ်။
" ဖေ့ဘွတ်ဟာ ဘ၀ မဟုတ်ဘူး။ ဒိုင်ယာရီမဟုတ်ဘူး " ဆိုတာပါပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဖေ့ဘွတ်ဟာဘဝတစ်ခုလို ဖြစ်နေသလို အစိုးရဟာလည်း ဖေ့ဘွတ်ပေါ်က ပြသနာတွေကို ရှင်းနေရဆဲပဲ ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ တိကျပြတ်သားတဲ့ မိန့်ခွန်းတစ်ခုကို နားထဲမှာ မှတ်သားလောက်အောင်ကိုပဲ ပြောဖူးပါတယ်။ " တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျုပ်မလိုချင်ပါဘူး။ အဲဒီညီညွတ်ရေးနှစ်ခုစလုံး မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်းပဲ ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာ(F)သည်လိုတိုင်းပြည်လို့ဖြစ်နေမှာပါပဲ " ဆိုတဲ့အချက်ပါ။
ဗိုလ်ချုပ်ရဲ့စကားထဲကအတိုင်း F တစ်ခုတော့ စတင်ဖြစ်ထွန်းလာတယ်လို့ပဲ မှတ်ရတော့မလိုပါပဲ။

( ၂၀၁၈ ခုနှစ်က မဂ္ဂဇင်းတစ်ခုအတွက် ရေးသားပေးခဲ့သော ဆောင်းပါးကို မူရင်းအတိုင်းပင် မှတ်တမ်းတစ်ခုအဖြစ် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

Related news

© 2021. All rights reserved.