အောက်စီဂျင်စက်များ တိုးချဲ့လုပ်ဆောင်နေသည့်အတွက် ထပ်မံ၍ အောက်စီဂျင်ပြတ်လတ်မည်ကို မစိုးရိမ်ကြရန် စစ်ကောင်စီပြော

 706

NP News - ဇူလိုင် ၁၈

အောက်စီဂျင်စက်အသစ်များ တိုးချဲ့တပ်ဆင်နိုင်ရေး လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် ထပ်မံ၍ အောက်စီဂျင်ပြတ်လတ်မည်ကို မစိုးရိမ်ကြရန် စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၁၈ ရက်တွင် ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်ပမှအောက်စီဂျင်ဓာတ်ငွေ့အရည်များကို ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် အသုံးပြုရန် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွက် (၆၆) တန်ခန့် ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ထပ်မံ၍ ဓာတ်ငွေ့ရည် တန် (၅၂ဝ) ဝယ်ယူထားပြီးဖြစ်သည့်အတွက် မကြာမီရက်ပိုင်းအတွင်းသို့ ရောက်တော့မည်ဖြစ် ကြောင်း အသိပေးပြောကြားထားသည်။

“ လက်ရှိမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အောက်စီဂျင်ထုတ်လုပ်တဲ့စက်တွေ တိုးမြှင့်တပ်ဆင် လည်ပတ်နေပြီးတော့ တပ်မတော်အနေနဲ့လည်း တိုင်းစစ်ဌာနချုပ်အသီးသီးမှာ အောက်စီဂျင်ထုတ်လုပ်ရေး စက်တွေ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိနေပါတယ်။ နောက်ထပ်လည်း အောက်စီဂျင်စက်အသစ်တွေ ထပ်ပြီး တိုးချဲ့တပ်ဆင်နိုင်ရေး လုပ်ဆောင်နေတာကြောင့်မို့လို့ ပြည်သူများအနေနဲ့ အောက်ဆီဂျင်ပြတ်လပ်မှာကို ထပ်မံ ပြီး မစိုးရိမ်ကြပါနဲ့လို့ ပြောကြားလိုပါတယ် ” ဟု စစ်ကောင်စီဘက်က ပြောသည်။

မြန်မာနိုင်ငံက အောက်စီဂျင်ပြတ်လတ်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံကနေ မှာယူထားသည့် အောက်စီဂျင်အရည် တန်ချိန် ၃ဝဝဝ ထည့်ထားသည့် ယာဉ်သည် တရုတ်- မြန်မာနယ်စပ်ဂိတ်မှတဆင့် မန္တလေးမြို့သို့ ဇူလိုင်လ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
#NPNews #အောက်ဆီဂျင် #အောက်ဆီဂျင်ပြတ်လပ်မှု #စစ်ကောင်စီ

Related news

© 2021. All rights reserved.