မြို့နယ်အလိုက်ဒေသန္တရဆေးခန်းများတွင် ကိုဗစ်ရှိမရှိ အခမဲ့စစ်ဆေးနိုင်ပြီလို့ ရန်ကုန် စစ်ကောင်စီ ဥက္ကဋ္ဌ အသိပေး

1517

အေဝိုင်အီး (NP News) - ဇူလိုင် ၂၅
ကိုဗစ်သံသယရှိနေပါက သက်ဆိုင်ရာမြို့နယ် ဒေသန္တရဆေးခန်းများ၌ အခမဲ့စစ်ဆေးနိုင်ပြီဖြစ်ပြီး ယင်းတွင် မသေချာပါက မဖြစ်မနေဆက်သွယ်ရမည့်နေရာများလည်းရှိပြီဖြစ်ကြောင်း စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောသည်။
ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းကို တာဝန်ခံကူညီကယ်ဆယ်မည့်ဒေသန္တရအစိုးရများ မရှိတော့ဘဲ ကိုယ်ထူကိုယ်ထပုံစံဖြင့် ရင်ဆိုင်လာခဲ့ရသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ရန်ကုန်နစကဥက္ကဋ္ဌက ဇူလိုင်လ(၂၅)ရက်ရောက်မှသာ ယခုကဲ့သို့ ဖေ့ဘွတ်မှတစ်ဆင့် အသိပေးခြင်းမျိုးလည်း ဖြစ်သည်။ အထူးသဖြင့် အများပြည်သူ သိရှိစေရန် မီဒီယာကဏ္ဍအလိုက်ကျယ်ကျယ်ပြန့်ပြန့်အသိပေးခြင်းမျိုးမလုပ်ဘဲ Friend အနည်းငယ်သာရှိသော အကောင့်မှတစ်ဆင့် ရေးသားအသိပေးခြင်းမျိုးလည်း ဖြစ်သည်။ " ကိုယ့်နားကတစ်ယောက်ယောက် P+ ဖြစ်သွားပြီ။ မိမိကလည်းထိစပ်သူဖြစ်နေလို့ သံသယဖြစ်နေတယ်ဆိုရင် နေထိုင်ရာမြို့နယ်ဒေသန္တရဆေးခန်းတွေမှာ အခမဲ့စစ်ဆေးနိုင်ပါတယ်။ အမျိုးသားဓါတ်ခွဲခန်းကလည်း ဗိုလ်ချုပ်လမ်းသူနာပြုတက္ကသိုလ်မှာ Test Center ဖွင့်ထားပါတယ်။ အဆိုပါနေရာများကိုဆက်သွယ်ဖို့ခက်ခဲနေတယ်ဆိုရင်တော့ ခေါင်းစားမနေပါနဲ့။ ဒီနေရာတွေကိုသာ အပြေးလေးသွားလိုက်ပါ။၂၆-၇-၂၀၂၁ ကစပြီး ရုံးချိန်အတွင်းမည်သူ့ကိုမဆို အခမဲ့ စစ်ဆေးပေးပါလိမ့်မယ် " ဟု ဦးလှစိုးက ဖေ့ဘွတ်မှတစ်ဆင့် ရေးသားထားသည်။ ၎င်းရေးသားထားသည့်နေရာများမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ဦးစေတီဓမ္မာရုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း အောင်မြင့်မိုရ်အိမ်ယာဓမ္မာရုံ၊ မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမ္မာန် (ကျိုက္ကလို့ဘုရားမျက်နှာချင်းဆိုင်) ၊ သံလျင်မြို့နယ်သာသနာ့ဗိမ္မာန် ဟူ၍တွေ့ရသည်။ ယင်းနေရာများအားလုံးတွင် အမှန်တကယ်စစ်ဆေးပေးနိုင်ခြင်း ရှိမရှိနှင့် ဟန်ပြလုပ်နေခြင်းလား၊ အမှန်တကယ် အလုပ်လုပ်နေသည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ရပ်ဟုလည်း ဆိုနိုင်သည်။
အဆိုပါနေရာများတွင် သွားရောက်စစ်ဆေးပြီး၍ ကိုဗစ်ဖြစ်နေကြောင်း ရလဒ်ထွက်ပါက သက်ဆိုင်ရာအလိုက်နီးစပ်သည့် ကိုဗစ်စင်တာများသို့ ပို့ဆောင်ပေးလိမ့်မည်ဖြစ်ပြီး ပြင်ပဆေးရုံများ၌ တက်ရောက်ကုသမှုခံယူလိုသည်ဆိုပါကလည်း ကိုဗစ်ဖြစ်နေကြောင်း အထောက်အထားများကို လက်ခံစိစစ်၍ ကုသမှုပေးလိမ့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်ကိုတွေ့ရသည်။