ခိုလှုံခွင့်ရထားတဲ့ မြန်မာဂိုးသမားဟာ ဂျပန်ကလပ်မှာ ဘောလုံးသင်တန်းသားအဖြစ် ကစားခွင့်ရဖို့ရှိနေ

 1379

ဂျန်ဇက် (NP News) - ဇူလိုင် ၂၅
မြန်မာနိုင်ငံကိုပြန်ဖို့ငြင်းဆန်ပြီး ဂျပန်နိုင်ငံမှာဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံခဲ့တဲ့ မြန်မာဂိုးသမားဟာ ဂျပန်ဘောလုံးကလပ် ယိုကိုဟာမားအသင်းထံ ဘောလုံးသင်တန်းသားအဖြစ် ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဂိုးသမားပြည့်လျှံအောင်ဟာ ဒီလအတွင်း ဂျပန်နိုင်ငံမှာ ခြောက်လနေထိုင်ခွင့်ဗီဇာသက်တမ်းနဲ့နေထိုင်ခွင့်ရရှိခဲ့ပြီးနောက် ဂျပန်ပြည်တွင်း ကလပ်ယိုကိုဟားမားအသင်းကို သင်တန်းသားအဖြစ်နဲ့ ပြောင်းရွှေ့မှာဖြစ်တယ်လို့ ယိုကိုဟားမားအသင်းက ဆိုပါတယ်။ ဂျပန်အစိုးရဟာ ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံထံပြန်ပို့တာတွေကို တားဆီးနိုင်ဖို့ အရေးပေါ်ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် ဂိုးသမား ပြည့်လျှံအောင်ဟာ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ မြန်မာဂိုးသမားဟာ ဂျပန်နိုင်ငံရှိ ဘောလုံးကလပ်တွေမှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ ပြည်လျှံအောင်ဟာ ပြီးခဲ့တဲ့မေလနောက်ပိုင်းက ဂျပန်နိုင်ငံကို ရက်ပေါင်း(၉၀)အောက်သာ နေထိုင်ခွင့်ရမယ့်သက်တမ်းတိုဗီဇာနဲ့ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဂိုးသမား ပြည်လျှံအောင်ဟာ မေလနောက်ပိုင်းက ဂျပန်လက်ရွေးစင်အသင်းနဲ့ ကစားတဲ့ ကမ္ဘာဖလားခြေစစ်ပွဲစဉ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အာဏသိမ်းမှုတွေကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး “WE NEED JUSTICE” စာတမ်းကို အင်္ဂလန်လိုရေးသားကာ ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ပြည့်လျှံအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကဖြစ်ခဲ့တဲ့ အာဏသိမ်းမှုကို ဆန့်ကျင်ကန်ကွက်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့ပါတယ်။ ပြည့်လျှံအောင်ဟာ ဇွန်လ(၁၆)ရက်နေ့က မြန်မာဘောလုံးအသင်း ဂျပန်နိုင်ငံကပြန်ချိန်မှာ အိုဆာကာမြို့ရှိ ကန်ဆိုင်းလေဆိပ်မှာ ဂျပန်လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဂျပန်နိုင်ငံမှာ ဆက်ရှိလိုတဲ့အကြောင်း အသိပေးခဲ့ပါတယ်။

ပြည်လျှံအောင်ဟာ ဂျပန်နိုင်ငံမှာ ကျန်ရစ်ခဲ့ပြီးနောက် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ပေးဖို့လျှောက်ထားခဲ့ရာ ဂျပန်အစိုးရဟာ ဒုက္ခသည်အဖြစ် ခြောက်လနေထိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.