အိုလံပစ်သမိုင်းမှာ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင်နောက်တစ်ဦး (၈၅)နှစ်ကြာပြီးမှ ထပ်မံထွက်ပေါ်
4820
မိုးတိမ် (NP News) - ဇူလိုင် ၂၆
ကမ္ဘာ့အိုလံပစ်သမိုင်းမှာ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင် နောက်ထပ်တစ်ဦး ထပ်မံပေါ်ပေါက်ခဲ့ပြီဖြစ်ပြီး သူမဟာဂျပန်နိုင်ငံသူ အသက်(၁၃)နှစ်အရွယ် နီရှီရာ မိုမီဂျီဖြစ်ပါတယ်။
ကမ္ဘာ့အိုလံပစ်သမိုင်းမှာတော့ အရင်တုန်းကစံချိန်တင်ထားသူဟာ အသက်(၁၃)နှစ်(၂၆၇)ရက်နဲ့ ဖြစ်ပြီး သူကတော့ အမေရိကန်နိုင်ငံသူ ရေကူးဒိုင်ဗင်သမား Marjorie Gestring ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူ ဂက်စ်ရင်းဟာ ဒုတိယကမ္ဘာစစ် မစတင်မီ သုံးနှစ်အလို ဂျာမနီမှာကျင်းပတဲ့ ၁၉၃၆ ခုနှစ် Berlin Games မှာ စံချိန်တင်ခဲ့တာဖြစ်ပြီး ဒီစံချိန်ကို နှစ်ပေါင်း(၈၅)နှစ်ကြာပြီးမှသာ ဂျပန်နိုင်ငံသူလေးက ထပ်မံဝင်ရောက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်သူလေး မိုမီဂျီဟာ စကိတ်စီးသမားတစ်ဦးဖြစ်ပြီး ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အသက်(၁၃)နှစ်နဲ့ ၂၀၃ ရက်အရွယ်ရှိ ဘရာဇီးကစားသမားကို ကျော်ဖြတ်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်သလို ဇူလိုင်လ(၂၆)ရက်မှာပဲ မိုမီဂျီရဲ့အသက်ဟာ (၁၃)နှစ်နဲ့(၃၀၃)ရက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ အိုလံပစ်သမိုင်းမှာ ဂျပန်နိုင်ငံသမိုင်းမှာပါ အငယ်ဆုံးရွှေတံဆိပ်ဆုရှင်စာရင်းဝင်သွားပြီဖြစ်လို့ အရမ်းကို ဝမ်းသာမိပါတယ်။ မျက်ရည်ကျလုမတတ်ပါပဲ ” လို့ ဂျပန်သူလေး မိုမီဂျီက ရွှေတံဆိပ်ဆု လက်ခံရယူစဉ်မှာ ပြောကြားလိုက်ပါတယ်။ တကယ်လို့သာ ဘရာဇီးကစားသမားက အနိုင်ရခဲ့ရင် အိုလံပစ်သမိုင်းမှာ အမေရိကန်ကစားသမားကို ကျော်လွန်ပြီး အသက်အငယ်ဆုံးဆိုတာကို မှတ်တမ်းအသစ်ချိုးဖျက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ပြိုင်ခဲ့တဲ့ ဂျပန်သူလေး မိုမီဂျီကိုယ်တိုင်က အိုလံပစ်သမိုင်းမှာ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင်တစ်ဦးအဖြစ် စာရင်းဝင်သွားခဲ့ပြီဖြစ်သလို ဂျပန်နိုင်ငံအတွက်တော့ ဒါဟာ ဒုတိယမြောက် အိုလံပစ်ရွှေတံဆိပ်လည်း ဖြစ်လာခဲ့ပါတယ်။
ကိုဗစ်တတိယလှိုင်းတွေရှိနေတဲ့ကြားက ဖြစ်အောင်ကျင်းပနေတဲ့ ဂျပန်အိုလံပစ်ပြိုင်ပွဲကြီးမှာတော့ နှစ်ပေါင်း(၈၀)လောက်ကြာမှ တစ်ကြိမ်သာဖြစ်နိုင်တဲ့ စံချိန်သစ်မျိုးကို ဂျပန်နိုင်ငံကပဲ တင်ထားနိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ မိုမီဂျီကတော့ မိဘဖြစ်သူတွေဟာ သူ့အတွက် ဂုဏ်ယူမဆုံးဖြစ်နေလိမ့်မယ်လို့လည်း မီဒီယာတွေကို ပြောကြားခဲ့သလို ဒါမျိုးနောက်တစ်ကြိမ်ထပ်လုပ်ပြနိုင်ဖို့ဆိုတာဟာ ပိုမိုကြိုးစားအားထုတ်မှုတွေ ဖြည့်သွင်းမှသာ ဖြစ်တော့မယ်လို့လည်း ဆိုပါတယ်။