ကျူးဘားသံရုံး တိုက်ခိုက်ခံရမှုအတွက် အမေရိကန်အစိုးရကို ကျူးဘားအစိုးရ ပြစ်တင်ဝေဖန်
486
ဂျန်ဇက်(NP News) - ဇူလိုင် ၂၇
ပြင်သစ်နိုင်ငံရှိ ကျူးဘားသံရုံးအား မီးပုလင်းဖြင့် ပစ်ပေါက် တိုက်ခိုက်ခံခဲ့ရမှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရ ကို ကျူးဘားအစိုးရမှ စွပ်စွဲပြစ်တင်လိုက်ပြီး ယင်းလုပ်ရပ်သည် အမေရိကန်အစိုးရ၏ အကြမ်းဖက်လုပ်ရပ် ဖြစ်ကြောင်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ကျူးဘားနိုင်ငံတွင် အစိုးရကို ဆန့်ကျင်သည့် သမိုင်းဝင်ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပြင်သစ်နိုင်ငံရှိ ကျူးဘားသံရုံး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ကျူးဘားသံရုံးကို မီးပုလင်း သုံးပုလင်းနှင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးပုလင်းဖြင့် ပစ်ပေါက်ခံခဲ့ရသည့်အတွက် သံရုံးအဆောက်အဦးဝန်းကျင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရပြီး သံရုံးဝန်ထမ်းများနှင့် ပြင်သစ်မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
"ပြင်သစ်နိုင်ငံရှိ ကျွန်တော်တို့သံရုံးကို မီးပုလင်းနဲ့ပစ်ပေါက်ပြီး အကြမ်းဖက်တိုက်ခိုက်တာတွေအတွက် ရှုတ်ချပါ တယ်။ အဲဒီတိုက်ခိုက်မှုဟာ ကျွန်တော်တို့နိုင်ငံအပေါ် ဆန့်ကျင်တဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ကိုင်နေတဲ့ အမေရိကန်အစိုးရရဲ့လက်ချက်ဖြစ်ပြီး အဲဒီအတွက် အမေရိကန်အစိုးရ တာဝန်ယူရမယ်။ ကျွန်တော်တို့နိုင်ငံအပေါ် မုန်းတီးမှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာစေတဲ့ အတွက် အမေရိကန် အစိုးရမှာ တာဝန်ရှိတယ်” ဟု ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် က ပြောသည်။
ပစ်ပေါက်ခံခဲ့ရသည့် မီးပုလင်း သုံးလုံးအနက် မီးပုလင်း နှစ်လုံးမှာ သံရုံးအဆောက်အဦးမျက်နှာစာ၌ ပေါက်ကွဲခဲ့ ပြီး ကျန်တစ်လုံးမှာ သံရုံးအဆောက်အဦးအတွင်းထဲသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ကျူးဘားနိုင်ငံတွင် ယခု ဇူလိုင်လ အစောပိုင်းကတည်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး နိုင်ငံစီးပွားရေး ကျဆင်းမှုများနှင့်ပတ်သက်၍ ကျူးဘားပြည်သူများမှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကျူးဘားနိုင်ငံရှိ မြို့များတွင် ယခု သီတင်းတပတ်အတွင်း အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်နေ့တွင် အမျိုးသားနေ့အထိမ်းမှတ်ပွဲများနှင့်အတူ ကြီးမားသည့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။
#NPNews #ကျူးဘားနိုင်ငံ #အမေရိကန်