ဦးနေဝင်းသုံးခဲ့သော အိမ်စောင့်အစိုးရဆိုသည့်အသုံးအနှုန်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ဖြစ်လာသောအမိန့်ကြေညာစာများ ထုတ်ပြန်

4425

Iris (NP News) - သြဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှု(၆)လပြည့်သည့်နေ့မှစ၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ ပုံစံအတိုင်း အိမ်စောင့်အစိုးရဟုသောအသုံးအနှုန်းကို စတင်သုံးစွဲဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၁၉၅၈ ခုနှစ်ကလည်း ဝန်ကြီးချုပ် ဦးနုက အာဏာသိမ်းရန်စီစဉ်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းထံသို့ အိမ်စောင့်အစိုးရအဖြစ် တာဝန်လွှဲပေးခဲ့ဖူးပြီး အိမ်စောင့်အစိုးရဆိုသောစကားလုံးကို အတိအလင်းသုံးစွဲခဲ့ကာ နှစ်ပေါင်း(၆၃)နှစ်အကြာတွင် အိမ်စောင့်အစိုးရဆိုသောစကားလုံးကို ယခုကဲ့သို့ ထပ်မံမြင်တွေ့လာရခြင်းလည်း ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏လက်မှတ်ဖြင့် သြဂုတ်လ(၁)ရက်တွင် ထုတ်ပြန်လိုက်သော အမိန့်ကြေညာစာအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲရေးကော်မတီအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က အမိန့်ကြေညာစာအမှတ် (၁၉/၂၀၂၁)ဖြင့် ဖွဲ့စည်းခဲ့သော်လည်း အဆိုပါအဖွဲ့ကို သြဂုတ်လ(၁)ရက်မှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားသည်။ ပြင်ဆင်ဖွဲ့စည်းလိုက်သော အိမ်စောင့်အစိုးရတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ နစက ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ်ကောင်း၊ ယင်းနောက်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်များ၊ အမြဲတမ်းအတွင်းနှင့် အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ ပါဝင်သည်ဟု သိရသည်။ ပြင်ဆင်ဖွဲ့စည်းရခြင်းဆိုသောအကြောင်းတရားတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်မှု ပိုမိုလုပ်ဆောင်နိုင်ရန်၊ လွယ်ကူလျှင်မြန်ထိရောက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။
အလားတူပင် ပြည်နယ်နှင့်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကိုလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း အမိန့်အမှတ်(၁၅၃/၂၀၂၁)ဖြင့် ဖော်ပြထားသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးများကို ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး အစရှိသဖြင့် ယခင်အစိုးရတစ်ရပ်ပုံစံအတိုင်း ဖွဲ့စည်းထားသည်ကိုလည်း တွေ့ရသည်။