ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်က နောင်တရမိတဲ့ ဖြစ်ရပ်တစ်ခုကို ပြန်လည်ဖွင့်ဟ ဝန်ခံ
1269
ရောင်နီ (NP News) - သြဂုတ် ၇
ကလေးသူငယ်လိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံရပြီး သေဆုံးခဲ့ပြီဖြစ်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲသူ သူကြွယ် Jeffrey Epstein နဲ့ တွေ့ဆုံခဲ့မိမှုအတွက် နောင်တရမိကြောင်း မိုက်ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ဟာ CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
၎င်းကို ယုံကြည်ထားပြီး ၎င်းနဲ့အချိန်ဖြုန်းခဲ့ခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုသာဖြစ်တယ်လို့ ဘီဂိတ်က CNN သတင်းထောက် Anderson Cooper ရဲ့ မေးမြန်းမှုမှာ ပြေဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန် မျှော်လင့်ကာ ငွေကြေးဆိုင်ရာ ဆက်နွယ်ရန်အတွက် Epstein နဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးနဲ့ ပရဟိတလုပ်ငန်းများအတွက် Epstein နဲ့ ညစာစားပွဲများစွာမှာ တွေ့ဆုံခဲ့ပေမယ့် ၎င်းဟာ မမှန်ကန်ခြင်းကြောင့် ဆက်ဆံရေးအဆုံးသတ်ခဲ့ကြောင်း ဘီလ်ဂိတ်က ပြောဆိုခဲ့ပါတယ်။ Epstein ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ဒါဇင်များစွာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လက တရားစွဲဆိုခံခဲ့ရပါတယ်။ ဖက်ဒရယ်ထိ စွဲချက်မရောက်ရှိခဲ့တဲ့ Epstein ဟာ ပြည့်တန်ဆာ စွဲချက်နှစ်ခုနဲ့အတူ ထောင် ၁၃ လ ကျခံခဲ့ရကာ ၂၀၁၉ ခုနှစ် သြဂုတ်လမှာတော့ နယူးယောက်အကျဉ်းထောင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့တယ်လို့ သိရပါတယ်။
ဘီလ်ဂိတ်ကတော့ Bill & Melinda Gates ဖောင်ဒေးရှင်းမှတဆင့် ကမ္ဘာ့ကျန်းမာရေးပြဿနာများအတွက် ၎င်းရဲ့ အချိန်အများစုကို အသုံးပြုခဲ့တာဖြစ်ပြီး ဇနီးသည်နဲ့ လမ်းခွဲခဲ့ပြီးနောက် ယင်းဖောင်ဒေးရှင်းကို ဆက်လက်လုပ်ဆောင်မလားဆိုတာကိုတော့ လာမယ့် ၂ နှစ်မှာ ဆုံးဖြတ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။