“ ကိုဗစ်ကူးပြီးသားလူတွေထဲက တကယ်ကိုစိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေ၊ ကိုယ်ခံအားတောင့်တဲ့သူတွေပဲ ကျန်ခဲ့မယ် ”

 2265

အိဖြူ (NP News) – သြဂုတ် ၆
ကိုဗစ်ကြောင့်သေဆုံးသွားတဲ့လူနာတွေကို သဂြိုလ်တဲ့နေရာမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး လက်ရှိမြေပြင်အခြေအနေတွေကို မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းတည်ထောင်သူ ဦးမင်းဒင်က ပြည့်စုံစွာ ဆွေးနွေးပြောပြထားပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်းအတွင်း မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းကနေ နေ့စဉ်ကူညီပေးနေမှုအပိုင်း လေးကို အရင်ဆုံးသိပါရစေ။
ဖြေ ။ ။ ဒီရက်ပိုင်း ကျွန်တော်တို့အသင်းမှာက နာရေးပို့ဆောင်ရေးယာဉ်က ငါးစီးရှိတယ်။ မနက် ၈ နာရီခွဲ ၉ နာရီဆို ကားတွေ စထွက်ပြီ။ အဲဒါကလည်း ဒီနေ့ရတဲ့အလောင်းမဟုတ်ဘူး။ မနေ့တုန်းက မလုပ်နိုင်တော့လို့ ကြွင်းကျန်တဲ့အလောင်းတွေ။ အဲဒီကျန်တဲ့အလောင်းတွေကို ကျွန်တော်တို့စပြီးတော့သယ်တယ်။ နေ့ချင်းတက် တဲ့အလောင်းဆိုရင်တော့ ကျွန်တော်တို့က နေ့လယ် ၁၁ နာရီလောက်ဆိုရင် ဒီနေ့အတွက်ဆိုပြီး စတာပေါ့။ ဒါက တော့ ပုံမှန်သွားနေတာပေါ့။
မေး ။ ။ တစ်ရက်ကို အလောင်းဘယ်နှစ်လောင်းလောက်ကို ပို့ဆောင်ပေးဖြစ်လဲ။
ဖြေ ။ ။ သွားနေရတာကတော့ တစ်စီးကိုအနည်းဆုံး အလောင်းနှစ်လောင်း၊ သုံးလောင်းပြည့်တော့မှ ကား တစ်စီးထွက်တာ။ တစ်စီးကို တစ်လောင်းစနစ် မလုပ်တာကြာနေပြီ။ အရင်တုန်းကတော့ တစ်စီးကို အလောင်း တစ်လောင်းစနစ်နဲ့ပဲသွားနေကြ။ ဒါပေမဲ့ အခုအနေအထားမှာ အချိန်အရမ်းကြန့်ကြာတာဖြစ်တဲ့အတွက် အခု တချို့ဆို အလောင်းသုံးလောင်း၊ တချို့ဆိုရင် လေးလောင်း၊ တချို့ဆိုရင် ငါးလောင်း။ အဲဒီလိုရတော့မှပဲ တစ်စီး ထွက်တယ်။
မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲလူမှုကွန်ရက်ပေါ်မှာ အစ်ကို့အနေနဲ့ အလောင်းတွေမီးသဂြိုလ်ဖို့နဲ့ပတ်သက်ပြီး စီစဉ်နေတာကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်ကို ကျွန်တော်ရော ကျန်တဲ့သူတော်တော်များများလည်းကြည့်လိုက်ရ တယ်။ အဲဒီကိစ္စကရော ဘယ်လိုမျိုးဖြစ်တာလဲ သိပါရစေ။ အဲဒီဖိုင်ကိုကြည့်ပြီး အစ်ကို့ရဲ့ပရဟိတစိတ်ထားကို သိ လိုက်ရတယ်။
ဖြေ ။ ။ အော်… အဲဒါကတော့ ဒီလိုပါ။ အဲဒီနေ့က သုဿာန်မှာကလည်း အလောင်းတွေက တအားကိုများ တယ်ဗျ။ နောက်ပြီးတော့လည်း စနစ်တကျ Plan ကလည်း မရှိသေးဘူးဗျ။ ဒါကလည်း ဌာနဆိုင်ရာရော လူ့လော ကသားအားလုံးအတွက် ဘာသာရပ်ကအသစ်ဖြစ်နေသလို သေဆုံးမှုတွေကလည်း အသစ်ဖြစ်နေတဲ့အခါကျ တော့ အဲဒီမှာ အလောင်းနှစ်လောင်းကို လမ်းဘေးမှာချထားကြတယ်။ သင်္ချိုင်းလက်မှတ်လေးတင်ထားတယ်။ ဘယ်အသင်းက သယ်လာမှန်းလဲမသိဘူး။ ကာယကံရှင်လည်း မရှိဘူး။ မေးလိုက်တော့လည်း အဖြေမပေါ်ဘူး။ နောက်ဆုံး မထူးတော့ဘူးဆိုပြီးကျွန်တော်က သင်္ချိုင်းလက်မှတ်ကိုကောက်ပြီးတော့ ကျွန်တော် ကိုယ့်အစီအစဉ် နဲ့ကိုယ်ရွေ့လိုက်တာပါ။ တကယ်တော့ အမှန်က ဘယ်သူပဲဖြစ်ဖြစ် သင်္ချိုင်းလက်မှတ်ပါတယ်ဆိုရင် တရားဝင် တယ်။ သဂြိုလ်လို့ရတယ်။ ကာယကံရှင်မပါတဲ့အခါကျတော့ ဘယ်သူမှလည်းမကိုင်ရဲဘူး။ ဘယ်သူကလည်း ဘယ်လိုထားသွားမှန်းလဲမသိဘူး။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့က တစ်ခုခုအဖြေပေါ်ဖို့ရယ် ကျွန်တော်တို့သည် နာရေးအသင်းဖြစ်တဲ့အတွက် ဒီအလောင်း မြေကျဖို့အရေးကြီးတယ်။ ဒီအလောင်း မီးလောင်ဖို့အရေးကြီးတယ်။ အဲဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲ ဖြေရှင်းလိုက်တာပေါ့နော်။
မေး ။ ။ အဲဒီရုပ်သံသတင်းနဲ့ တချို့သောသတင်းတွေကြောင့် သုဿာန်မှာအလောင်းတွေအများကြီး ပုံထပ် နေတယ်ဆိုပြီး ကျွန်တော်တို့လည်း သတင်းတွေကြားနေရတယ်။ အစ်ကိုတို့ကိုယ်တိုင်လည်း အလောင်းတွေကို ပို့ဆောင်ပေးနေရတာဆိုတော့ တစ်နေ့တစ်နေ့ကိုပျမ်းမျှအားဖြင့် ဘယ်လောက်လောက် သေနေတယ်လို့ ခန့်မှန်း ရလဲ။
ဖြေ ။ ။ ကျွန်တော်တို့မှန်းတာတော့ လက်ရှိကျွန်တော်တို့သိတာက ရေဝေးရယ်၊ ကြည်စုရယ် အဲဒီသုဿာန် နှစ်ခုကိုသွားနေတာ။ အဲဒီသုဿာန်နှစ်ခုပေါင်းမှာ ပုံမှန် အလောင်းခြောက်ရာနဲ့ ရှစ်ရာဝန်းကျင်ရှိတယ်။ အဲဒါက တော့ ပုံမှန်ပဲ။
မေး ။ ။ အဲဒီတော့ ကျွန်တော်တို့ကြားနေရတဲ့ကိုဗစ်အလောင်းတွေ သုဿာန်တွေမှာပုံထပ်ကုန်ပြီဆိုတဲ့ သတင်းတွေက တကယ်ပဲမြေပြင်မှာဖြစ်နေတယ်ဆိုတဲ့သဘောတွေပေါ့နော်။
ဖြေ ။ ။ ဟုတ်တယ်။ အဲဒါမှာအစီအစဉ်ကတော့ တစ်မျိုးဗျ။ ပထမက သုဿာန်မှာတာဝန်ရှိတဲ့ ဝန်ထမ်းတွေ ရော ကျွန်တော်တို့ရောက အသစ်ဖြစ်တဲ့အခါကျတော့ Plan တွေလည်း မရှိသေးတဲ့အခါကျတော့ ကားတွေက လည်း နှစ်နာရီလောက်ကြာမယ့်အတူတူ မထူးတော့ဘူးဆိုပြီးတော့ ကာယကံရှင်မိသားစုနဲ့အတူ အလောင်းကို လျှောက်လမ်းတွေမှာ ချထားပေးခဲ့လိုက်တယ်။ ပြီးတော့ ပရဟိတကားတွေက နောက်တစ်ခေါက်၊ နောက်တစ် ခေါက် အလောင်းတွေကိုသွားပြန်သယ်တယ်။ အဲဒီတော့ လျှောက်လမ်းတွေမှာ အလောင်းတွေက သွားပုံတယ်။ အခုကျတော့ ရေဝေးက အဲဒီစနစ်မဟုတ်တော့ဘူး။ အဂါရဝဖြစ်မှာဆိုးလို့ ဆိုတာရယ်၊ မြင်ကွင်းမှာလည်း မသင့် တော်တာကြောင့် ကားတွေပေါ်မှာပဲ အလောင်းတွေကိုတင်ခွင့်ပေးလိုက်တယ်။ စီနီယာအရ အစဉ်လိုက်ဝင်တ ယ်။ အဲဒီတော့ အလောင်းတွေက လျှောက်လမ်းတွေမှာ မပုံတော့ဘူး။ ဒါပေမဲ့မြေပြင်မှာတော့ ကားတွေက အစီး ခြောက်ဆယ်နဲ့ တစ်ရာကြား သွားတန်းစီနေရတယ်။ ပုံစံလေးပဲ ကွဲသွားတယ်။ အလောင်းတွေ ပုံနေတာကတော့ ဒါ ထုံးစံပဲ။
မေး ။ ။ အဲဒီလိုအလောင်းတွေကို လမ်းဘေးမှာပစ်ထားတာတွေကိုမြင်ရတော့ အစ်ကိုကိုယ်တိုင်ရော ဒီဖြစ်စဉ် တွေနဲ့ပတ်သက်ရင် ဘယ်လိုတွေများတွေးကြည့်ခဲ့မိတာရှိမလဲ။
ဖြေ ။ ။ ဒီလိုဖြစ်စဉ်တွေရဲ့ကိစ္စကတော့ ကျွန်တော်တို့ရန်ကုန်မြို့မှာလူသေဆုံးတဲ့ကိစ္စကတော့ ဘယ်လို အကြောင်းနဲ့ပဲသေသေ သင်္ချိုင်းလက်မှတ်ဆိုတဲ့ မီးသဂြိုလ်ခွင့်ထုတ်တဲ့လက်မှတ်ထုတ်ဖို့ကို နံပါတ်တစ်ချက်က သက်ဆိုင်ရာနေတဲ့ရပ်ကွက်ရဲ့ထောက်ခံစာလိုတယ်။ နံပါတ်နှစ်အချက်က ဆေးစာလိုတယ်။ ဒီသေဆုံးသွားသူ ဟာ ဘာရောဂါနဲ့သေဆုံးသွားပါတယ်ဆိုတဲ့ ဆရာဝန်တစ်ယောက်ရဲ့ဆေးစာ။ အဲဒါကတော့ ခြွင်းချက်က ရန်ကုန် တစ်တိုင်းလုံး ကြိုက်တဲ့ဆရာဝန်ကိုမေးကြည့်ပါ၊ ဘယ်ဆရာဝန်ကမှ ဒီအလောင်းကိုလာစစ်ပြီးတော့ ပေးတာမျိုး တော့မဟုတ်ဘူး။ ပုံမှန်ဒီတိုင်းပဲ ၉၆ ပါး၊ ဘာညာဆိုပြီးပဲ ဆေးစာပေးလိုက်တာ။ အဲဒီထောက်ခံစာ နှစ်ခုပြည့်ရင် တောင်မှ အလောင်းသဂြိုလ်ခွင့်ကဒ် မရသေးဘူးဗျ။ အဲဒီကဒ်ရဖို့အတွက်ကို ကျွန်တော်တို့တတွေက ဒေသန္တယ မှာ မနက် ဆယ်နာရီထိုး သွားတန်းစီကြရတယ်။ နေ့လည် ဆယ့်တစ်နာရီထိုးမှ သင်္ချိုင်းလက်မှတ်က စထုတ်ပေး တာ။
မေး ။ ။ အခုလက်ရှိကိုဗစ်တတိယလှိုင်းမှာ ပရဟိတအသင်းအဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရှု့ပ်အထွေးကြားမှာ လုပ်ရကိုင်ရတာတွေတော်တော်ခက်နေတာကိုတွေ့ရတယ်။ အဲဒီတော့ ပရဟိတအသင်းတွေ ရင်ဆိုင်နေရတဲ့ ပြဿနာမှာ ဘယ်အချက်တွေက အဓိကဖြစ်မလဲ။
ဖြေ ။ ။ ပရဟိတအသင်းတွေမှာ အဓိကပြဿာနာဆိုရင်တော့ ရန်ပုံငွေပေါ့။ ကျွန်တော်တို့တွေ ကားတစ်စီးကို စပြီး အသုံးပြုပြီဆိုရင် တစ်နေ့ကိုအနည်းဆုံး ဆီက သုံးသောင်း(၃ဝဝဝဝ) ဖိုး အနိမ့်ဆုံးထည့်နေရတာ။ အဲဒီတော့ ကား ငါးစီးရှိတယ်ဆိုရင် တစ်နေ့ကို တစ်သိန်းခွဲ(၁၅ဝဝဝဝ)ထည့်ရတယ်။ ပြီးတော့ မီးသဂြိုလ်ကဒ်ခ၊ ကျွန်တော် တို့က အခမဲ့၊ အခမဲ့သာစိုက်ရမယ်ဆိုရင် အသင်းတွေမှာက ကြီးမားတဲ့ပြဿနာပဲ။ နောက်တစ်ချက်က ခုချိန်က လူအသေအပျောက် အရမ်းများနေတဲ့အခါကျတော့ အရင်တုန်းက Volunteer လုပ်မယ့်အသင်းတွေတောင်မှ ကျွန်တော်တို့ဆီကို မလာတော့ဘူး။ အရင်က အသင်းမှာ Volunteer လာလုပ်မယ့်သူက ၁ဝဝ လောက်ရှိ တယ်ဆို အခုက အယောက် ၂ဝ လောက်ပဲ လာတော့တယ်။ Volunteer အင်အားက အရမ်းကိုနည်းသွားတယ်။ အဲဒီတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့လက်ရှိလုပ်နေတဲ့ ပရဟိတအသင်းတွေခံယူထားကြ တာက အရင်ဆုံးကိုယ်ကျရာတာဝန်ကို ကိုယ်နိုင်အောင်ထမ်းကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်တို့က ဆက်သွားနေကြတာ။ ကျွန်တော်တို့နာရေးလုပ်တယ်ဆိုရင် ကျွန်တော်တို့နာရေးကိုတစိုက်မတ်မတ်နဲ့ ကျွန်တော် တို့ထမ်းတယ်။ ထိုနည်းလည်းကောင်းပဲ ကျန်းမာရေးပိုင်းဆိုင်ရာတာဝန်ယူတဲ့အသင်းတွေလည်း ကျန်းမာရေးပိုင်း ကိုသူတို့နိုင်သလောက်ထမ်းနေကြတယ်။ သူတို့လည်း တော်တော်ကိုခက်ခဲပါတယ်။ အောက်စီဂျင်ကို မအိပ်မနေ ရှာနေရတယ်။ ကျွန်တော့်ညီအစ်ကိုသူငယ်ချင်တွေကိုကြည့်ပြီး သူတို့သာလဲသွားခဲ့ရင် လူနာတွေ အောက်စီဂျင် ရှုဖို့အတွက် မရှိတော့ဘူး။ အဲဒီပြဿနာတွေရှိတာပေါ့။ အဲဒီတော့ အခုတတိယလှိုင်းမှာရှုံးရတာက ပရဟိတ အသင်းတွေနည်းသွားရတာ အဓိကပြဿနာပဲ။
မေး ။ ။ ရန်ကုန်တိုင်းမှာရှိတဲ့ပရဟိတအသင်းအဖွဲ့အားလုံးကို အခုချိန်မှပြန်စုစည်းပြီးချိတ်ဆက်လုပ်ဆောင် တာမျိုး လုပ်သင့်တယ်လို့ ထင်လား။ ချိတ်ဆက်လုပ်ဆောင်ပေးမယ့်သူရော ရှိလား/ မရှိဘူးလား။ ဘယ်သူက ဦး ဆောင်လုပ်ပေးသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အခုကတော့ မရှိဘူးဗျ။ အရင်တုန်းက ကျွန်တော်တို့ဒဂုံရှေ့အတွက် ဒဂုံရှေ့ပရဟိတအသင်း ကွန်ရက် ဆိုပြီးရှိတယ်။ အဲဒီအသင်းတည်ထောင်သူကလည်း ကျွန်တော်ပဲ။ အရင်က ကိုဗစ်အတွက်လုပ်တော့မယ်ဆိုရင် အသင်းတွေအားလုံးနဲ့ချိတ်ဆက်လိုက်တယ်။ ကားတွေက ဘယ်ကိုထွက်၊ ဘယ်ကိုထွက် ဆိုပြီး အစီအစဉ်တွေ ချလိုက်တယ်။ အခုကျတော့ Plan တစ်မျိုးဖြစ်သွားတယ်။ နာရေးကို ကျန်တဲ့နှစ်သင်းလောက်က တာဝန်ယူ တယ်။ တခြားအသင်းက ကျန်းမာရေးနဲ့အောက်စီဂျင်ပိုင်းကိုတာဝန်ယူတယ်။ ဆိုဒ်တွေခွဲလိုက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်က အချိတ်အဆက်တွေမရှိတော့ဘူး။ သူတို့ကလည်း သူတို့ အောက်စီဂျင်ကိစ္စကိုပဲ ခေါင်းထဲထည့်နိုင်တော့တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့နာရေးကိစ္စကိုပဲ အားသွန်ခွန်စိုက်သွားကြ တယ်။ ပုံစံတော့ ကွဲသွားကြတာပေါ့နော်။ အဲဒီတော့ တစ်စုတစ်စည်းတည်းဖြစ်ဖို့ဆိုတာကတော့ ဒီတတိယလှိုင်း မှာ မရှိဘူး။
မေး ။ ။ အဲဒီတော့ ပရဟိတအသင်းတွေအနေနဲ့ကလည်းငွေကြေးအပါအဝင် တခြားအခက်အခဲတွေနဲ့ တော် တော်ကိုအကြပ်အတည်းကြားထဲကနေ ဖြစ်အောင်လုပ်ပေးနေကြတဲ့ သဘောမျိုးပဲပေါ့နော်။
ဖြေ ။ ။ အဓိကကတော့ ငွေကြေးက တအားကြပ်တည်းတယ်။ ကြပ်တည်းတဲ့ကြားထဲကနေ ဖြစ်အောင်ကို လုပ်ဖို့အတွက် မျှကြတာပေါ့။ ကိုယ့်အသင်းကိုလာလှူတဲ့ပစ္စည်းတွေက အသင်းမှာ များများရှိနေတယ်ဆိုရင် ကျွန်တော်တို့က တခြားရေဝေးမှာလုပ်ကိုင်ပေးနေတဲ့အသင်းတွေကိုပြန်မျှပေးတယ်။ ဒီလိုတော့ ကျွန်တော်တို့ အသင်းတွေအချင်းချင်းက ညီညီညွတ်ညွတ်ရှိတာပေါ့နော်။
မေး ။ ။ အစ်ကိုတို့အလောင်းတွေကိုသဂြိုလ်ဖို့ သုသာန်တွေကိုပို့တဲ့အခါမှာ အလောင်းတွေကိုသဂြိုလ်ဖို့ စောင့်ဆိုင်းနေကြတဲ့မိသားစုဝင်တွေရဲ့မြင်ကွင်းတွေနဲ့ သုဿာန်မှာသဂြိုလ်မှုပိုင်းကိုတာဝန်ယူထားတဲ့အခြေ အနေတွေကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ သဂြိုလ်ပေးနေတဲ့လုပ်သားတွေကတော့ အရင်တုန်းက သုဿာန်ကဖိုစက်မှာ အလွန်ဆုံးရှိရင် လေး ယောက်။ အခုကတော့ကျွန်တော်ထင်တာ ဆယ်ယောက်၊ ဆယ့်ငါးယောက်လောက်ရှိမယ်။ ကျွန်တော့်အထင် နေ့စား Volunteer တွေခေါ်ထားပုံရတယ်။ လူငယ်လူရွယ်တွေပဲ လူအင်အားများတယ်ဆိုပေမယ့် သူတို့က ကျွန်တော်တို့ထက် ပိုပြီးတော့ပင်ပန်းတယ်ဗျ။ သူတို့ရဲ့ပုံစံတွေကိုကြည့်ပြီး သူတို့ကိုလည်း တော်တော်စိုးရိမ် တယ်။ အခြေအနေအရဆို သူတို့ထိသွားနိုင်တယ်။ သူတို့က ကျွန်တော်တို့ထက် ပိုဆိုးတယ်ဗျ။ ပလက်စတစ်ပါ တဲ့အလောင်းတွေရော၊ မပါတဲ့အလောင်းတွေရောကိုပါ သူတို့ကအစုံကိုင်နေရတာလေ။ အဲဒီတော့ လက်ရှိ ကျွန်တော်တို့ ဒီမှာနာရေးသယ်နေတဲ့သူတွေထက် ဖိုတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေက ပိုပြီးတော့ သနားဖို့ကောင်းတယ်ဗျ။ လှူဒါန်းချင်တဲ့အလှူရှင်တွေနဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့က သူတို့ကိုပိုပြီးတော့ ဂရုစိုက် သင့်တယ်ခင်ဗျ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တောင်မှ မီးလောင်နေတဲ့ဖိုခန်းထဲကို နာရီဝက်လောက်ပဲ ခဏဝင်တာတောင်မှ ကျွန်တော်တို့တွေ မခံနိုင်ဘူး။ အဲဒီတော့ သာမန်လူဆိုရင် ပိုဆိုးတာပေါ့ဗျာ။ အဲဒီတော့ ဒီကိုဗစ်တတိယလှိုင်းမှာက ဖိုတွေမှာတာဝန်ကျတဲ့ဝန်ထမ်းတွေရယ်၊ နာရေးဝန်ထမ်းတွေရယ်က အန္တရာယ် ပိုရှိပါတယ်။
မေး ။ ။ အဲဒီတော့ လူတိုင်းအနေနဲ့သူတို့အတွက်ထည့်စဉ်းစားပေးဖို့လိုနေသေးတယ်ဆိုတဲ့အခြေအနေ ရောက် နေတာပေါ့နော်။
ဖြေ ။ ။ မှန်ပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့တတိယလှိုင်းစဖြစ်တုန်းက ဆန်အိတ်အလှူရှင်တွေလည်း လာ တယ်ဗျ။ အဲဒီတုန်းက ကျွန်တော်တို့ဆင်းရဲနွမ်းပါးတွေကိုလည်းလိုက်လှူသေးတယ်။ လှူနေရင်းနဲ့ အမှတ်ရသွား တာက သူတို့ဝန်ထမ်းတွေကို။ အဲဒါနဲ့ကျွန်တော်လည်း အဲဒီကဝန်ထမ်းတွေအတွက် ဆန်၊ ဆီ သွားပို့ဖြစ်သေး တယ်။ လူတွေက သိပ်ပြီးတော့သတိမထားမိကြဘူး။ သုဿာန်မှာတာဝန်ထမ်းဆောင်တဲ့သူတွေက သာမန်လူ တွေထက် လိုလိမ့်မယ်။ အခုချိန်မှာ ပိုလိုနေလိမ့်မယ်။ သူတို့အသက်အန္တရာယ် အများကြီးထိခိုက်သွားနိုင်တယ်။
မေး ။ ။ အစ်ကို့ဆီကို တစ်နေ့တစ်နေ့အကူအညီတောင်းတဲ့ဖုန်းတွေတောက်လျှောက်လာလိမ့်မယ်လို့ ထင်ပါ တယ်။ လူထုက ဘယ်လိုအရာတွေအတွက် ပိုပြီးအကူအညီတောင်းလေ့ရှိလဲ။ ပြီးတော့ လူထုရဲ့အကူအညီလို အပ်နေမှုတွေကို ကိုယ်တိုင်မြင်တွေ့၊ ကြားသိနေရတော့ ဘယ်လိုတွေခံစားရလဲ။
ဖြေ ။ ။ အဲဒီလိုတွေကျတော့ ဖုန်းနဲ့လာတဲ့အခါ ပုံစံမျိုးစုံတော့ရှိတယ်။ တချို့ကျတော့လည်း နာရေးကိစ္စ ကြား ကဆောင်ရွက်ပေးတဲ့ ရပ်ကွက်ရုံးတွေကဆက်တယ်။ တချို့ကျတော့လည်း ကာယကံရှင်တွေကိုယ်တိုင်ဆက် တွေရှိတယ်။ ကာယကံရှင်တွေကိုယ်တိုင်ဆက်တဲ့အခါမှာတော့ အများစုကသင်္ချိုင်းလက်မှတ်လည်း ဘယ်လို လုပ်ရမှန်းမသိဘူး။ ငိုသံပါကြီးတွေနဲ့ပေါ့။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ကပြန်ဖြေရှင်းပေးရတာတော့ တော်တော်ကိုစိတ်မကောင်းဖြစ်ရတယ်။ အဲဒီလိုမျိုးတွေတော့ ကျွန်တော်တို့မကြာခဏတွေ့ရတယ်ဗျ။
မေး ။ ။ ဆိုလိုတာက ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ကိုယ့်အိမ်က လူတစ်ဦးတစ်ယောက်ဆုံးပြီဆိုရင် တောင် ဘယ်အရာကိုအရင်စလုပ်ရမယ်ဆိုတာကိုမသိဘူးဖြစ်နေတာပေါ့။ အဲဒါကိုရော ဘယ်လိုမျိုး အသိပညာ ပေးသင့်တယ်ထင်လဲ။
ဖြေ ။ ။ ကျွန်တော်တို့ကတော့ သူတို့နားမလည်ဘူးဆိုရင် တဆင့်ချင်းစီရှင်းပြတယ်။ သူတို့ရဲ့ပူဆွေးမှုစကားကို ကျွန်တော်တို့အရင်ဆုံးအောင်နားထောင်ပေးလိုက်တယ်။ ပြီးမှ အစ်မပြောလို့ပြီးပြီလား အစ်ကိုပြောလို့ပြီးပြီ လား။ ပြီးပြီးဆိုရင်တော့ကျွန်တော်ပြောမယ် ဒါလေးတွေကိုတဆင့်ချင်းလုပ်ပါ။ ရပ်ကွက်ထောက်ခံစာ လုပ်ပါ။ ကျန်းမာရေးထောက်ခံစာလုပ်ပါ။ ပြီးရင်ဘယ်ကိုဆက်သွားပါ။ ဘယ်သူနဲ့တွေ့ပါ။ ပြီးလို့ စာရွက်ထွက်လာပြီဆိုရင် ကျွန်တော်တို့ကို ဖုန်းပြန်ဆက်ပေးပါဆိုပြီး ကျွန်တော်တို့က ပြန်ညွှန်ပေးရတာပေါ့နော်။
မေး ။ ။ အဲဒီတော့ ကိုဗစ်ဖြစ်တဲ့သူရော၊ ရောဂါမဖြစ်တဲ့သူရောက လူတိုင်းဟာ တနေ့ကျရင်သေဆုံးကြရမှာ ဆိုတော့ လူတစ်ယောက်ကွယ်လွန်သွားတဲ့အခါမှာ ဘာတွေလုပ်ရတယ်ဆိုတာမျိုး အခြေခံသိထားရမယ့် အချက် တွေကို အစ်ကို့အနေနဲ့ဘယ်လိုမျိုးပြောပြချင်လဲ။
ဖြေ ။ ။ အဓိကကတော့ အခုသေဆုံးသွားတဲ့အလောင်းတွေပေါ့။ ကျွန်တော်တို့မလာခင်၊ ကျွန်တော်တို့လို အသင်းတွေနဲ့မတွေ့ခင်မှာ ဒီသေဆုံးသွားတဲ့ကိုဗစ်သံသယနဲ့ဆိုတဲ့အလောင်းကိုဖြစ်နိုင်လို့ရှိရင် သေသွားပြီလေ။ သေသွားပြီဖြစ်တဲ့အတွက်တော့ မထူးတော့ဘူး။ Mask ကျပ် ၁ဝဝ တန်နေရာတိုင်းမှာ ဝယ်လို့ရနေပါတယ်။ အဲဒီ Mask နှစ်ထပ်လောက်စွပ်ထားလိုက်ပါ။ အခုဆိုရင်လည်း အရက်ပြန်ဆိုတာအိမ်တိုင်းမှာရှိကြပါတယ်။ သေဆုံး သွားတဲ့အလောင်းကို သက်သောင့်သက်သာအနေအထားအတိုင်းပြင်ပြီးရင် Body တစ်ခုလုံးကို အရက်ပြန်ဖျန်း ထားလိုက်လို့ရှိရင် ဒါဟာကူးစက်မှုကိုကာကွယ်တဲ့နည်းစနစ်လေးတစ်ခုပါ။ အဲဒီအချက်ကိုတော့ ကျွန်တော်သတိ ပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် လူနာသေဆုံးပြီးပြီးချင်း ကျွန်တော်တို့အသင်းတွေက ချက်ချင်းကြီးမရောက် လာနိုင်ဘူး။ အဲဒီအချိန်မှာ မိသားစုကပူဆွေးပြီး သွားပြီးနမ်းတာတို့ စကားပြောတာတို့ဖြစ်တဲ့အခါကျရင် နောက်တစ်ဆင့်တစ်ဆင့်ကူးမှာစိုးတာမို့လို့ အရင်ဦးဆုံးလုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ပြီးတာနဲ့ အဲဒီနားကို ကျွန်တော်တို့ ဘယ်မိသားစုဝင်ကိုမှ မကပ်စေချင်တော့ဘူး။ အဲဒါကိုတော့ ကျွန်တော် ပြောချင်ပါတယ်။
မေး ။ ။ ကိုဗစ်တတိယလှိုင်းမှာပရဟိတအသင်းအဖွဲ့တွေက သူတို့မှာရှိတဲ့အင်အားလေးနဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနေကြတာကို ကျွန်တော်တို့ကိုယ်တိုင်လည်းမြင်တွေ့ရတယ်။ ဒါပေမဲ့တဖက်မှာကျတော့ ဒေသ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေအနေနဲ့ တာဝန်ယူလုပ်ဆောင်ပေးနေတာတွေမှာလည်း အားနည်းနေတာကိုတွေ့ ရတော့ ဒေသအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို အစ်ကိုအနေနဲ့ ဘာများပြောချင်တာမျိုး ရှိမလဲ။
ဖြေ ။ ။ ပြောချင်တာကတော့ အခုလက်ရှိအဆိုးဆုံးအခြေအနေဖြစ်နေတာတွေက လူသေမှုနဲ့ နောက်တစ်ခု က ရပ်ကွက်တွေထဲမှာ အောက်စီဂျင်ပြတ်လတ်တဲ့ကိစ္စ။ နံပါတ်တစ်အချက်အရ ရပ်ကွက်ထဲမှာ လူသေမှုဖြစ်လာ ရင် ကျိန်းသေတာကတော့ သေဆုံးသွားပြီဆိုတာနဲ့အုပ်ချုပ်ရေးမှူးနဲ့ပတ်ကို ပတ်သက်ရတယ်။ အုပ်ချုပ်ရေးမှူး က ထောက်ခံစာပေးရတယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူးဘက်ကလည်းထောက်ခံစာလေးပေးရုံနဲ့ မပြီးဘဲနဲ့ Black book ပေါ်သော်လည်းကောင်း၊ Message လေးတစ်ခုရေးထားစေချင်တယ်။ ဥပမာအားဖြင့် အဲဒါက ဘာလဲဆို တော့ ယခုကကိုဗစ်တတိယလှိုင်းကာလဖြစ်တဲ့အတွက် သေဆုံးမှုဖြစ်တယ်ဆိုရင်ဒီလိုအချက်လေးတွေ ဆောင် ရွက်ထားပေးပါဆိုရင် ဒါက ကိုဗစ်ကူးစက်မှုကိုတစ်နည်းအားဖြင့် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လာသမျှလူကို တစ်ယောက်ချင်းလိုက်ပြောနေမယ်ဆိုလည်း သူတို့မောမယ်။ ကာယကံရှင်တွေဘက်က လုပ်ပေး ရမယ့်အချက်ကတော့ အလောင်းကို နှာခေါင်းစည်း Mask နှစ်ထပ်တပ်ပေးထားပါ။ လက်သန့်ဆေးရည် (သို့) အရက်ပြန်နဲ့ပဲဖြစ်ဖြစ်၊ ကလိုရင်းပဲဖြစ်ဖြစ် အလောင်းကိုဖြန်းထားပေးပါ။ ပြီးရင် အလောင်းပတ်ဝန်းကျင်နေရာကို မည်သူမျှ အနားမကပ်ပါနဲ့တော့ဆိုပြီး အသိပညာပေးစာအတိုလေးတွေရေးပြီး ကပ်ထားပေးမယ်ဆိုရင် သင်္ချိုင်း လက်မှတ်ထောက်ခံစာ လာယူတဲ့သူတိုင်းသိသွားမယ်။ ပြီးတော့ သင်္ချိုင်းလက်မှတ်ကိစ္စပေါ့။ ကျွန်တော်တို့က သင်္ချိုင်းလက်မှတ်ကို မနက် ခုနှစ်နာရီ၊ ရှစ်နာရီလောက်သာရရင် အရမ်းကောင်းမယ်။ အခုကျတော့ မနက် ဆယ်နာရီအထိ သင်္ချိုင်းလက်မှတ်မရသေးလို့ ထိုင်စောင့်နေရတယ်။ မနက်အစောထွက်တဲ့ကားတွေက မနေ့က ကျန်တဲ့အလောင်းကိုသွားပို့ရတာ။ အဲဒါတွေနဲ့ပတ်သက်ရင်သက်ဆိုင်ရာအုပ်ချုပ်ရေးက ဒေသန္တရကျန်းမာရေး ပိုင်းဆိုင်ရာက အားနည်းရင်လည်းဘယ်လိုနည်းနဲ့ပေါင်းစပ်ပြီးကူညီလို့ရမလဲဆိုတာကိုစဉ်းစားပြီးတော့ သဂြိုလ် ခွင့်လက်မှတ်ကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ မြန်မြန်ဆန်ဆန်လေး ကျွန်တော်တို့ဘက်ကတော့ လုပ်ပေး စေချင်တာပေါ့။ ဒါကတော့ အရေးကြီးဆုံးအချက်တစ်ချက်အဖြစ် အုပ်ချုပ်ရေးမှူးတွေကို အကြံပြုတာပါ။
မေး ။ ။ ကျွန်တော်တို့နဲ့အနီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုရင် ကိုဗစ်ဖြစ်တဲ့လူတစ်ယောက်ကို ဘယ်လိုအရင်စ လုပ်ရမယ်ဆိုတာကို ဒေသအလိုက်အုပ်ချုပ်ရေးပိုင်းတွေက ပြည်နယ်စီရင်စု၊ မြို့နယ်စီရင်စုလို့ ခွဲပြီးတော့ စင်တာ တွေမှာ ကျကျနနထားတာမျိုး၊ ဆေးရုံတစ်ရုံမှာလည်း အရေးပေါ်လူနာဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ ဆေးရုံ ကဆင်းရင်လည်း ဘယ်လိုလုပ်ရမယ်၊ နေထိုင်ရမယ်ဆိုတာကို အဆင့်တစ်ဆင့်ချင်းစီလုပ်ဆောင်နေကြတာကို တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာက အဲဒီပိုင်းတွေ တော်တော်အားနည်းတာကို ကျွန်တော်တို့အပြင်လူတွေ တောင်မြင်နေရတာဆိုတော့ အစ်ကိုတို့ပရဟိတသမားတွေဆိုရင် အဲဒီလိုအားနည်းချက်တွေကို ပိုပြီးမြင်တွေ့ နေရလိမ့်မယ်နော်။ ဘယ်လိုအရာတွေဖြစ်မလဲခင်ဗျာ။
ဖြေ ။ ။ မှန်ပါတယ်။ ကျွန်တော်တို့အခုမှီတော့ မမှီတော့ဘူးပေါ့ဗျာ။ ကိုဗစ်တတိယလှိုင်းစစချင်းတုန်းက ကျွန်တော်တို့ဖြစ်စေချင်တာကတော့ မြို့တိုင်း၊ ရွာတိုင်းမှာ၊ ရန်ကုန်မြို့ရဲ့ ရပ်ကွက်ရုံးရဲ့ဆွမ်းလောင်းဓမ္မရုံလေး တွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီအဆောက်အဦးတွေက လတ်တလော ကာလမှာ ဘာမှအသုံးမပြုဘူး။ အဲဒီလို အချိန်မှာ ရပ်ရွာအုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းစပ်ပြီးတော့ တတိယလှိုင်းစဖြစ်တဲ့အခါကတည်းက ကိုဗစ် Positive သမားတွေကိုသီးသန့်ထားလိုက်ပြီး ရပ်ရွာအလိုက်စောင့်ရှောက်ကြမယ်ဆိုရင် ကူးစက်မှုနည်းမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါနဲ့ပတ်သက်ရင်လည်း ကျွန်တော်အစကတည်းက သက်ဆိုင်ရာပိုင်းကိုတင်ပြခဲ့ဖူးပါတယ်။ တင်ပြ ခဲ့ဖူးတယ်ဆိုပေမယ့်လည်း အဲဒီအချိန်ကတည်း မထိန်းသိမ်းနိုင်ခဲ့လို့ပေါ့။ ကျွန်တော်မှတ်မှတ်ရရ ဇူလိုင်လ ၈ ရက် နေ့တုန်းက ကျွန်တော်တို့ဆီမှာ ကိုဗစ်ပိုးစစ်ဆေးလိုက်တာ Positive ချည်းပဲ ၃၅ ယောက်ထွက်တယ်။ ၃၅ ယောက်မှာ ကူးစက်ခံထားရတာတွေ့တော့ မြို့နယ် DOM ကိုချိတ်ဆက်တော့ သူတို့တွေကိုပို့ဖို့အတွက် စင်တာ က မရှိဘူး။ အဲဒီ Positive လူနာတွေကိုနေအိမ်တွေကိုပြန်ပို့ရတယ်။ တချို့ Positive တွေက နေအိမ်မှာ အောက်စီဂျင်ပိုက်တန်းလန်းကြီးနဲ့ ထိုင်စောင့်နေကြရတယ်။ တစ်ရက်လည်း စင်တာမရ၊ နှစ်ရက်လည်း မရ၊ သုံး ရက်လည်းမရဆိုတော့ အဲဒီကြားထဲမှာ အောက်စီဂျင်တန်းလန်းနဲ့တချို့လူတွေကသေကုန်ကြတယ်။ ဒီလိုအဖြစ် တွေကိုမြင်နေရတဲ့အခါကတော့ မြို့နယ်ပေါင်းဆုံအစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ဖူးတယ်။ ဆရာတို့အနေနဲ့ မြို့နယ်အလိုက် မဖြစ်မနေကိုဗစ်စင်တာတစ်ခုထောင်မလား။ ဆရာဝန်တစ်ယောက်နဲ့ သူနာပြုနှစ်ယောက်(သို့) သုံးယောက်နဲ့တာဝန်ယူပေး ကျန်တာတွေကိုကျွန်တော်တို့ကအနီးကပ်ပြီး တာဝန်ယူပေးမယ်။ ကျွန်တော်တို့လုပ် ပေးမယ်။ ဒါပေမယ့် ဒီကိစ္စမျိုးကျတော့ မြို့နယ်က သူတို့ချည်းပဲဆုံးဖြတ်လို့ကလည်း မရဘူးဗျ။ မြို့နယ်က တဆင့်ထပ်တင်ပြရဦးမယ်။ ဟိုက ခွင့်ပြုမှ လုပ်လို့ရမယ်။ အဓိကကတော့ အဲဒီပြဿနာပဲ။ ကိုဗစ်စစ်တာတောင်မှ ကျွန်တော်တို့က အကြံပေးခဲ့ဖူးတယ်။ လူ ၁၅ဝ လောက်ကို ကျွန်တော်တို့ကသွားကြိုပြီး စစ်တဲ့အခါကျတော့ ကားခတွေ တအားကုန်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကားပေါ်တင်ပြီး တစ်အိမ်တက်ဆင်းလိုက်စစ်ပေးရင် ပိုပြီးတော့မြန်လိမ့်မယ်။ Positive လူနာကို အိမ်မှာပဲ ထားရ မယ့်အတူတူပေါ့။ ဒါကျပြန်တော့လည်း တိုင်းကျန်းမာရေးမှူးရဲ့ခွင့်ပြုချက်မရှိရင် မြို့နယ်ကျန်းမာရေးမှူးက ခွင့်ပြု ချက်မရှိဘူးဆိုတာနဲ့ပဲ ကောင်းတဲ့အစီအစဉ်ဆိုပေမယ့်လည်း ကျွန်တော်တို့က လုပ်ခွင့်မရှိခဲ့ဘူး။ အဓိကကတော့ ဆင့်ကဲဆင့်ကဲ တင်ပြတဲ့ကိစ္စတွေမှာ ဆုံးဖြတ်ပေးတာတွေအားနည်းတာကြောင့် အခုလိုတွေဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲသုံးသပ်တယ်။
မေး ။ ။ တတိယလှိုင်းမှာ လူတွေ အတုံးအရုန်း၊ သောက်သောက်လည်း သေနေရခြင်းရဲ့ အားနည်းချက်တွေကို အချက်နဲ့ထောက်ပြပါဆိုရင် ဘယ်အချက်တွေက အဓိကဖြစ်နေမလဲ။
ဖြေ ။ ။ အတုံးအရုန်းသေနေရခြင်းရဲ့အားနည်းချက်မှာ နံပါတ်တစ်အချက်က အခုဖြစ်နေတဲ့သူတွေအားလုံးက ကျန်းမာရေးအသိ အားနည်းတယ်။ နံပါတ်နှစ်အချက်က ဆရာဝန်မရှိဘူး။ ဒါကတော့ ဘယ်သူ့ကိုမဆို မေးကြည့် လိုက်ရင်သိပါတယ်။ နံပါတ်သုံးကတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က အခုချိန်ခါမှာသူတို့သည်လည်း နှစ်ဖက်စလုံးကိုကြောက်နေကြရတယ်။ ဒါတွေကိုကတော့ အစ်ကိုတို့လည်းကြားနေတာပဲ။ အုပ်ချုပ်ရေးပိုင်းတွေ ကလည်း သူတို့မှာလည်း အပြင်ထွက်ချင်တိုင်း မထွက်ရဲဘူး။ သူတို့မှာလည်း အသက်အန္တရာယ်တွေက ရှိတယ်။ ဒီအချက်တွေကြောင့် အခုလိုအဖြစ်မျိုးတွေထိရောက်နေရတယ်လို့တော့ ကျွန်တော်သုံးသပ်ပါတယ်။
မေး ။ ။ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကတော်တော်လေးကို ကြီးကြီးမားမားရိုက်ခတ်နေပြီ။ အစ်ကိုပြောတာလေ နောက်ထပ်ဆယ်ရက်လောက်တောင့်ခံရဦးမယ်ဆိုတော့ လူတွေရဲ့ခန္ဓာခုခံအားတွေပဲ ရ သွားတာမျိုးလား။ ဒါမှမဟုတ် သေစရာလူတွေနည်းသွားလို့ ကျန်တဲ့သူတွေက တောင့်ခံနိုင်သွားတာမျိုးလား ဘယ်လိုကြောင့် နောက်ဆယ်ရက်လောက်တောင့်ခံရဦးမယ်လို့ ပြောတာလဲ။
ဖြေ ။ ။ ကျွန်တော်ပြောချင်တာ အခုက ကူးရင်အကုန်လုံးကိုကူးတော့မှာ။ ကျွန်တော်ဆိုရင် ကျွန်တော့်မိသားစု သုံးယောက်စလုံးဖြစ်ဖူးတယ်။ ကျွန်တော့်အမျိုးသမီးလည်းအနံ့ပျောက်ဖူးတယ်။ ကျွန်တော့်သားရော ကျွန်တော် ရော အနံ့ပျောက်ဖူးတယ်။ ကျွန်တော်လက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ကလေးတွေ အားလုံးနီးပါးလည်း အနံ့ပျောက်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာသိလဲဆိုတော့ အနံ့ပဲပျောက်ပျောက်၊ ဘာပဲဖြစ်ဖြစ် စိုးရိမ်စိတ် မထားဖို့က နံပါတ်တစ်အရေးကြီးတယ်။ နောက်တစ်ခုက ပုံမှန်စားစရာရှိတာကို စားပါ။ အားဆေးတွေဘာတွေ လည်း အရမ်းကြီးတွေသောက်ဖို့မလိုပါဘူး။ နောက်တစ်ခုကတော့ Antibiotic ပိုးသတ်ဆေးတွေ၊ Online ပေါ်မှာ ညွှန်ကြားနေတဲ့ဆေးတွေကိုလည်း လျှောက်မသောက်ပါနဲ့။ ပုံမှန်စားစရာရှိတာကို စားပါ။ သွားစရာရှိတာကို သွား ပါ။ ကျန်းမာရေးလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပါ။ မိုးတွင်းဖြစ်တဲ့အတွက် နေရောင်ခြည်က တခါတရံပဲ ရတယ်။ ရတဲ့ အချိန်မှာ နေပူဆာလှုံပေးပါ။ ကျွန်တော်တို့ဆိုရင် အနီးကပ်ဆုံးအန္တရာယ်ရှိတယ်။ အခုချိန်မှာ အားလုံးသည် ကိုဗစ်နဲ့ယှဉ်တွဲပြီးတော့ တကယ်ကိုသွားရတော့မှာ။ အဲဒီတော့ ကိုဗစ်ကူးပြီးသားလူတွေထဲက တကယ်ကို စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေ၊ ကိုယ်ခံအားတောင့်တဲ့သူတွေကျန်ခဲ့မယ်။ ကျန်တဲ့သူတွေကတော့ ပါသွားလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့တွေကဘာပဲပြောပြော ကိုဗစ်နဲ့အနေအထားကိုသိသွားပြီ။ ဘယ်လိုနေရင် ကိုဗစ်ရဲ့ အနေအထားကို ခံနိုင်လဲဆိုတာကိုသိသွားပြီ။ အဲဒါကိုသိဖို့အတွက်လည်း ကြိုးစားဖို့လိုတယ်။ အိမ်မှာပဲနေပြီး ကြောက်နေပြီးတော့ အောက်စီဂျင်ပဲလိုက်ရှာနေလို့ မရဘူး။ ခဏလေးဖျား၊ ရာသီတုပ်ကွေးလေးဖျားတာနဲ့ ကိုဗစ် ထင်ပြီးတော့ အောက်စီဂျင်တွေရှုနေတာက အရမ်းကိုမှားနေတယ်။ အဲဒါတွေကို ကျွန်တော်တို့က မစဉ်းစားဘဲနဲ့ သောက်စရာရှိတဲ့ဗမာဆေးသောက်၊ ခန္ဓာကိုယ်ကို Side Effect တအားဖြစ်စေမယ့်ပိုးသတ်ဆေးတွေ တအား မသောက်မိဖို့လိုတယ်။ လက်ရှိစားစရာရှိတာကိုသာစားပါ။ ကျွန်တော်တို့ဆိုရင် မနက်မိုးလင်းရင် လမ်းလျှောက် တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ရေချိုးတယ်။ ဒါတွေကတော့ ကျွန်တော်က ဖျားနေလည်း ပုံမှန်လုပ်နေတာပဲ။ ဒီပုံစံတိုင်းသွားရင် ကျွန်တော်တို့ဆီမှာက ကုသမှုပိုင်းလည်း ဘာမှမရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့တတွေက ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်မှပဲရတော့မှာ။ လက်ရှိကိုဗစ်နဲ့ပတ်သက်ပြီးဖြတ်သန်းဖို့ဆိုရင်တော့ အဲဒီ အချက်လေးတွေကိုပဲ Message ပေးချင်ပါတယ်။
မေး ။ ။ အစ်ကိုတို့အသင်းအနေနဲ့ကရော တစ်ရက်ကို အလောင်းတွေ သယ်ပို့ပေးနိုင်မှု၊ အမြင့်ဆုံးလုပ်ပေးနိုင်မှု နှုန်းဆိုရင် ဘယ်လောက်လောက်ရှိမလဲ။
ဖြေ ။ ။ ကျွန်တော်အသင်းအနေနဲ့ လက်ရှိလူအင်အားအရဆို သယ်ယူပို့ဆောင်ရေးအတွက် လူ(၁၅) ယောက် ရှိတယ်။ သုံးယောက်ကို ယာဉ်တစ်စီးဆီ၊ ကား ငါးစီး အတွက်ဆိုတော့ လူ(၁၅) ယောက်ရှိမယ်။ အနောက်မှာက ချက်ပြုတ်ပေးရေးပိုင်းအတွက် (၃) ယောက်ရှိတယ်။ အခေါင်းတွေရိုက်တဲ့အဖွဲ့က (၅) ယောက်ရှိတယ်။ အဲဒီ တော့ ကျွန်တော့်အသင်းမှာလူအယောက် ၂ဝ၊ ၂၅ ယောက်နီးပါးနဲ့လည်ပတ်နေတယ်။ အဲဒီလိုသွားနေရင်းနဲ့မှ ကျွန်တော်တို့က ဒီလူအင်အား၊ ဒီထောက်ပံ့ကြေးနဲ့ဆို အကယ်၍ထောက်ပံ့ကြေးတွေ အလှူရှင်တွေ ရှိတယ်ဆို ရင်တောင် ကျွန်တော်တို့ရဲ့ခံနိုင်ရည်အားက ထန်ကုန်ခံနိုင်ရင်တောင် တစ်လပဲ။ ဘာလို့လည်းဆိုရင် ကျွန်တော် တို့ မနက် ၇ နာရီဆိုရင် ထွက်လာရပြီ။ ညဆိုရင် ၇ နာရီခွဲ ၈ နာရီ၊ ၉ နာရီမှပြန်ရတယ်။ ပြန်တယ်ဆိုတာကလည်း အိမ်ကိုပြန်ရတာမဟုတ်ဘူး။ ကျွန်တော်တို့စခန်းကိုပြန်ရတယ်။ ပြီးရင်ခဏအနားယူတယ်။ ပြီးရင် မနက်မိုးလင်း ပြန်ထလုပ်ကြရတယ်။ ဒါဟာ ကျွန်တော်တို့ခံနိုင်ရင် တစ်လပါပဲ။ အဲဒီထက်တော့ကျွန်တော်တို့ခံနိုင်မယ် မထင် တော့ဘူးဗျ။
မေး ။ ။ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးပိုင်းတွေကရော အစ်ကိုတို့လိုပရဟိတအသင်းအဖွဲ့တွေအတွက် စက်သုံးဆီပဲဖြစ်ဖြစ် တမျိုမျိုးထောက်ပံ့တာမျိုးတွေရှိလား။ ဘယ်လိုအခြေအနေမျိုးရှိလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းစစချင်း လကုန်ပြီး နှစ်ရက်/ သုံးရက်လောက်ကစပြီး ၈ ရက်နေ့လောက်ထိ စစ်ဆေးတာပေါ့နော်။ ဒီမြို့နယ်အုပ်ချုပ်ရေးက ဒဂုံအရှေ့မြို့နယ် ကိုဗစ်ကော်မတီပေါ့။ အဲဒီမှာလည်း ကျွန်တော် ကိုဗစ်ကော်မတီ Volunteer အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒီမြို့နယ်ကတော့ ရန်ပုံငွေလေးတစ်ခုထူ ထောင်ထားတယ်ခင်ဗျ။ သွားတဲ့ကားတွေကို အခေါက်ရေများလို့ရှိရင် တစ်သောင်းဆိုပြီး စီစဉ်ပေးတာလေးတွေ ရှိတယ်။ ဒါကလည်း ကိုယ့်မြို့နယ်နဲ့ကိုယ့်အစီအစဉ်ပါ။ တခြားမြို့နယ်တွေမှာတော့ မရှိဘူး။ ဒါကလည်း မြို့နယ်ရဲ့အလှူရှင်တွေကိုရှာပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေတဆင့်ဆောင်ရွက်သွားတာပေါ့။ အရင်တုန်း ကတော့ အဲဒီလိုအစီအစဉ်လေးရှိခဲ့တယ်။ အခုလိုမျိုး အသေအပျောက်များလာတဲ့အခါကျတော့ အဲဒီအစီအစဉ် ကလည်း မတတ်နိုင်တော့ဘူး။ ကျွန်တော်တို့က ကိုဗစ်ကော်မတီကိုလည်း အကူအညီမတောင်းတော့ဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ကိုယ့်ဘာသာကိုယ်အလှူရှင်တွေရှာတယ်။ ရတဲ့ငွေကြေးလေးနဲ့ အခုလိုလည်ပတ် နေတယ်။
မေး ။ ။ အစ်ကို့တို့အသင်းအနေနဲ့က တစ်နေ့ကိုအလောင်း ၃ဝ လောက်သယ်ပို့နေရတယ်ဆိုတော့လေ အဲဒီ အတိုင်းအတာက ဒီမြို့နယ်အတွက်ရော လောက်ငှရဲ့လား။ ဒါမှမဟုတ် ဒီထက်ပိုပြီးများနေတာမျိုးလား။
ဖြေ ။ ။ တကယ်ဆိုရင်တော့ မလောက်ဘူးဗျ။ မနေ့ကတစ်ရက်တည်းကို အလောင်း ၃ဝ ဆိုတာမှာ သုဝဏ္ဏပါ တယ်။ တောင်ဥက္ကလာပါတယ်။ ရန်ကင်းပါတယ်။ ဒဂုံမြောက်၊ ဒဂုံအရှေ့ပါတယ်။ ကျွန်တော့်လိုပဲ တခြားသူတွေ လည်း သူတို့မြို့နယ်တင်မဟုတ်ဘဲနဲ့ တခြားလက်လှမ်းမှီရာမြို့နယ်တွေကို လိုက်ပြီးတော့ သယ်ပေးနေကြ တယ်။ ဘယ်လိုပဲသယ်သယ် အသင်းတစ်သင်းက ကားသုံးစီး၊ လေးစီး၊ ငါးစီးရှိတယ်ဆိုရင် အလောင်း နှစ်ဆယ် ထက် ပိုမသယ်နိုင်ပါဘူး။ ငါးစီး၊ ခြောက်စီးထက် ပိုများရင်ပဲဖြစ်ဖြစ်၊ ရွှေသံလွင်လို့ နာရေးကူညီမှုအသင်းကြီးတွေ သူတို့ဆီမှာဆိုရင် ကားအစီးရေအများကြီးရှိတယ်။ သူတို့တောင်မှ အလောင်း ၆ဝ ကို မနည်းသယ်နေရတယ်။ အဓိက မီးသဂြိုလ်တဲ့ကဒ်တွေပေါ့။ ကျွန်တော်တို့မှာလည်း အဲဒီအခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီတော့ သာမန်အသင်းလေးတွေမှာ တစ်နေ့ကို ဆယ့်နှစ်လောင်း၊ ဆယ်လောင်း၊ ကျွန်တော်တို့လို အလယ်အလတ် လောက်ရှိတဲ့အသင်းမှာကျတော့ တစ်နေ့ကိုအလောင်း နှစ်ဆယ်၊ သုံးဆယ်လောက်သွားတယ်ဗျ။ ဒါကတော့ နေ့စဉ်ပုံမှန်ပါပဲ။ အဲဒီထက်တော့ ကျွန်တော်တို့ပိုပြီး မလုပ်ပေးနိုင်တော့ဘူး။
မေး ။ ။ ကျွန်တော်ကြားသိထားရတာ မီးသဂြိုလ်ကဒ်ကိစ္စမှာလည်း အရင်တုန်းက မီးသဂြိုလ်ကဒ် တစ်ကဒ်ကို ၄ဝဝဝ ၊ အခုမီးသဂြိုလ်ကဒ် တစ်ကဒ်ကို နှစ်သောင်းဖြစ်သွားပြီဆိုတော့လေ။ ဘာ့ကြောင့် အဲဒီလိုဖြစ်သွားရ တာလဲ။
ဖြေ ။ ။ ဘာ့ကြောင့်အဲဒီလိုဖြစ်သွားရတာလဲဆိုတော့ နံပါတ်တစ်အချက်က သူတို့ပြောတာတော့ သစ်တွေ ဝယ် မရဘူးတဲ့ဗျ။ ပစ္စည်းဝယ်မရတာပေါ့။ ဘာမှမဟုတ်တဲ့သာမန်သုံးနေတဲ့ ပလက်စတစ်အိတ်လေး ကျွန်တော်က အေးဂျင့်ဆီကနေတိုက်ရိုက်ကိုဝယ်နေတာ။ အေးဂျင်ဆီမှာလည်း ကျွန်တော်ဝယ်လွန်းလို့ မရှိတော့ဘူး။ အလောင်းထုတ်တဲ့ပလက်စတစ်အိတ်ပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ထုတ်တဲ့ ပလက်စတစ်အိတ်။ အဲဒီလိုလုပ်ငန်း သုံး ပလက်စတစ်အိတ်တောင်မှ ဝယ်လို့မရတော့ဘူး။ အဓိကပြဿနာကတော့ အဲဒီပြဿနာပါပဲ။
မေး ။ ။ ပစ္စည်းပြတ်လတ်မှုကိစ္စကတော့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုလုံးပြတ်တောက်သွားမှ တော့ ဒါတွေအားလုံးလည်းပြတ်တောက်ပြီး ဈေးတွေကလည်း ထောင်တက်သွားတဲ့သဘောမျိုးတွေဖြစ်သွား တာပေါ့။
ဖြေ ။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ကျွန်တော်တို့တစ်ခုပြောချင်တာက ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေတုန်းကတော့ သိပ်ပြီး ပြဿနာမရှိပေမယ့် ဒီတစ်တခေါက် ကိုဗစ် တတိယလှိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ညှိးညွှန်ရာဖြစ်နေတယ်။ အစ်ကိုတို့လည်းကြားဖူးမှာပါ။ ဘာမှ မဟုတ်တဲ့ ကလေးကလား ဂွေးတောက်ရွက်လို့ပြောရင်တောင်မှ အဲဒီဂွေးတောက်ရွက်သမားက ငါးရာလောက် ဖြစ်သွားတယ်။ ကိုဗစ်က ကြက်ဥကိုလက်ညှိုးထိုးရင် ကြက်ဥကဈေးတက်သွားတယ်။ အဲဒီတော့ စီးပွားရေး လုပ်ငန်းရှင်တွေကကိုဗစ်လက်ညှိုးထိုးတိုင်း ဈေးတွေမတက်ပါနဲ့။ ကျွန်တော်တို့အဲဒါတစ်ခု မေတ္တာရပ်ခံချင်တယ်။ အဲဒီလက်ညှိုးက အချိန်တန်ရင် သူတို့ကိုပြန်ထိုးလိမ့်မယ်။ ကျွန်တော်တို့တော့မြင်နေတယ်။ လူဟာ သေခြင်း တရားနဲ့မကင်းလွတ်ဘူး။ ကြိုက်သလောက်တတ်၊ ကြိုက်သလောက်အမြတ်ယူ၊ သေရင်တော့ ကျွန်တော်တို့ ပလက်စတစ်အိတ်နဲ့တွေ့မှာပဲ။ ဒီအချိန်မှာ ဘယ်သူမှဖမ်းထားလို့မရဘူး။ အခုက အဖေသေတာတောင် သားသမီးတွေက သုဿာန်ကိုမလိုက်ချင်ကြတော့တဲ့အခြေအနေတွေဖြစ်နေပြီ။ အဲဒီတော့ စီးပွားရေးလုပ်ငန်း ရှင်တွေ ဈေးတွေတက်ကြ။ ကိုဗစ်လက်ညှိုးထိုးတိုင်းလျှောက်တက်၊ တက်လို့ အချိန်တန်လို့ ခင်ဗျားတို့အလှည့် ရောက်ရင် ကျွန်တော်တို့ပလက်စတစ်အိတ်နဲ့တွေ့မယ်လို့ပဲ ကျွန်တော်ကတော့ဒါပဲပြောချင်တယ်။ တချို့ဟာ တွေက ဈေးမတက်သင့်ဘဲ တတ်နေတာတွေတွေ့ရတယ်။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။
မေး ။ ။ ကျွန်တော်ကြားရတာလေ မသာ ပွဲစားဆိုတာတောင် ရှိတယ်လို့ ကြားရတယ်။ အဲဒါကတော့ တကယ်ပဲ ရှိလား။
ဖြေ ။ ။ ရှိတယ်။ အဲဒါတွေကတော့ ရှိတယ်ဗျ။ တချိန်တုန်းက ကျွန်တော်တို့လိုအသင်းအဖွဲ့တွေမပေါ်ခင် တုန်းက ရပ်တိုင်း၊ ရွာတိုင်းမှာ အလောင်းရေချိုးတယ်။ ကန်တော့ပွဲပေးတယ်။ သင်္ချိုင်းလက်မှတ်လုပ်တယ်။ တော်တော်များများက မလုပ်ချင်ကြဘူးလေ။ မလုပ်ချင်ကြတာဆိုတော့ သူတို့က သူတို့ကအရှေ့ကိုပဲ မှီခဲ့ သလိုလို သိခဲ့သလိုလို၊ နှစ်ရက်တည်းနဲ့ချရင် ကန်တော့ပွဲပေးရတယ်တို့၊ မပေးရင်ဘဲ ဘာဖြစ်မယ်တို့ပေါ့။ ဟိုး အရင်တုန်းကဆင်ခြင်ဖုံးတွေမှာ ဝါးကဒ်ကြီးတွေလုပ်တာရှိတယ်။ ဝါးကဒ်ကြီးတွေပေါ်မှာ တင်ရတယ်ပေါ့။ ဝါးကဒ် မှမယက်ရင်ဘဲ အလောင်းမြေမကျသလိုလိုပြောကြတာပေါ့။ ဒါပေမယ့် ခေတ်မှီလာတဲ့အမျှ အဲဒါတွေကတော့ မရှိ တော့ဘူး။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေက အသင်းအဖွဲ့တွေပေါ်လာတဲ့အခါမှာ နာရေးရှင်နဲ့ အသင်းအဖွဲ့ကြားမှာ သူတို့ က Translate ပေါ့။ အဲဒီလိုလုပ်ရင်းနဲ့ နှစ်သောင်းလောက်ကျမယ့်နေရာမှာ သူတို့က ငါးသောင်းလောက်ကျ တယ်ပြောပြီး ကြားထဲကနေ ကျန်တဲ့နှစ်သောင်းကျော်ကို အိတ်ထဲထည့်တယ်။ ဒါမျိုးတွေကတော့ အခုလည်း တွေ့နေရတုန်းပါပဲ။
မေး ။ ။ နောက်တစ်ခုကတော့လေ ကျွန်တော်ပိုစ့်တစ်ခုမှာတွေ့လိုက်ရတာက အလောင်းတစ်လောင်းကို သဂြိုလ်ဖို့အတွက် ခုနှစ်သောင်းလောက်တောင်ကုန်တယ်ဆိုပြီးတွေ့လိုက်ရတယ်။ အမြန်သဂြိုလ်ပြီးဖို့အတွက် ပွဲစားကိုပေးလိုက်ရတယ်ဆိုတာမျိုးပေါ့။ တကယ်ပဲမြေပြင်မှာ အဲဒီလိုတွေဖြစ်နေတာလား ခင်ဗျာ။
ဖြေ။ ။ ပွင့်ပွင်းလင်းလင်းပဲပြောပြရရင်တော့ အသင်းအဖွဲ့တွေမှာက မီးသဂြိုလ်တဲ့ဖိုတွေနဲ့ အရမ်းကို ရင်းနှီးတဲ့ အသင်းအဖွဲ့တွေရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က မြေပြင်မှာ သွားလိုက်ပြန်လိုက်နဲ့ မကြာစေချင်တဲ့အခါကျ တော့ အသင်းအဖွဲ့နဲ့ ဖိုနဲ့ချိတ်ဆက်ထားပြီးတော့ အောက်လမ်းကနေ ငါးသောင်းလောက်ပေးလိုက်၊ ကြားဖြတ်ပြီး ဝင်လိုက်ပေါ့။ အဲဒီလိုတွေဖြစ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ကျီစုသုဿာန်မှာ အသင်းအဖွဲ့အချင်းချင်း ဓါးထိုးမှုတစ်ခုဖြစ်ဖူးတယ်ဗျ။ အဲဒီလိုကြားဖြတ်တဲ့အတွက်။ အဓိက အစ်ကိုပြောတဲ့ကိစ္စက အဲဒီပြဿနာဗျ။ မလို အပ်ဘဲနဲ့အမြန်ကြေးဆိုပြီးတော့ ပေးရတာမျိုးပေါ့။ ဒါပေမယ့် အဲဒီလိုဖြစ်စဉ်ကတော့ ရှားပါတယ်။ ဖြစ်တောင့် ဖြစ်ခဲပါပဲ။
မေး ။ သုဿာန်တွေမှာ အလောင်းတွေပုံနေတယ်ဆိုတဲ့ပြဿာနတွေဖြစ်နေတဲ့အချိန်မှာပဲ တဖက်မှာလည်း ရန်ကုန်တိုင်းရဲ့နစက ဥက္ကဋ္ဌကလည်း သွားကြည့်စစ်ဆေးတာကို တွေ့ရတယ်။ သူသွားကြည့်တဲ့အချိန်မှာတော့ အလောင်းတွေ စုပုံနေပါတယ်ဆိုတဲ့ သုဿာန်ကြီးက ပြောင်ရှင်းလင်းနေတာကို တွေ့ရတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ရင်ရော အစ်ကိုဘယ်လိုထင်လဲ။
ဖြေ ။ ။ အဲဒီနေ့ကတက်လာတဲ့ဓါတ်ပုံတွေက တကယ်တော့ ရန်ကုန်တိုင်းအကြီးအကဲလာတဲ့အချိန်မှာ ရိုက် ထားတဲ့ဓါတ်ပုံတွေက တစ်ခု၊ သုဿာန်နောက်မှာပုံထားတယ်ဆိုတဲ့ဓါတ်ပုံက တစ်ခု၊ ကျွန်တော်သိသလောက် ပြောပြရရင် အဲဒီဓါတ်ပုံက ထိန်ပင်သုဿာန်မှာ ပထမနေ့ကအလောင်းတွေပုံနေတဲ့ဓါတ်ပုံကြီး။ နောက်တစ်ခုက လူကြီးလာကြည့်တဲ့အချိန်မှာ သုဿာန်ရဲ့အစီအစဉ်ကပြောင်းသွားပြီဗျ။ အလောင်းတွေကို လျှောက်လမ်းတွေ မှာ ချခွင့်မပေးတော့ဘူး။ ကားပေါ်မှာအလောင်းတွေကိုစနစ်တကျတင်ထားရတယ်။ ကိုယ့်အလှည့်ကျမှ ကိုယ်က ကားထိုးရတယ်။ အဲဒီစနစ်ဖြစ်နေတဲ့အတွက် ဒါကိုလူကြီးလာလို့ အလောင်းတွေကို နောက်မှာပုံတယ်ဆိုပြီး တချို့က ကောလဟာလလွှင့်တယ်။ သတင်းက အမှန်ကို သူတို့လုပ်တာကြောင့် မှားကုန်တာ။ အလောင်းတွေ ကတော့ ကားပေါ်မှာ ပုံမြဲပဲ။ နောက်မှာ သွားပုံနေတယ်ဆိုတာကတော့ မှားနေတယ်ဗျ။ အလောင်းတွေပုံနေတဲ့ ပုံက ထိန်ပင်သုဿာန်ရှေ့မှာ ပထမဖြစ်တဲ့ဖြစ်စဉ်တုန်းကပုံ။ တချို့ကလည်းအွန်လိုင်းပေါ်မှာ ကိုယ့်ထောက်ခံမှု ရေးအတွက် မဟုတ်တမ်းတရားတွေလျှောက်ရေးကြတာပေါ့ဗျာ။ တကယ်တော့ လူကြီးလာတဲ့နေ့က လျှောက် လမ်းမှာရှင်းနေတာကလည်း မှန်တယ်။ နောက်မှာလည်း သဂြိုလ်နေတာကို အစ်ကိုတို့လည်းတွေ့ပါလိမ့်မယ်။ အဲဒီမှာပဲ ကားတွေပေါ်မှာအလောင်းတွေက တန်းစီထားတုန်း။ စနစ်ကျသွားတယ်။ အန္တရာယ်ကင်းသွားတာ ပေါ့ဗျာ။ ပုံထားတာထက်စာရင်တော့ ကျွန်တော်တို့က ကားပေါ်အလောင်းတွေတင်ထားတာကို ပိုသဘောကျ တယ်။ ပုံ ထားတယ်ဆိုရင်လူတွေက တစ်လောင်းဝင်၊ တစ်လောင်းထွက် လိုက်ကြည့်နေကြတယ်။ ပွဲတော်ကြီး လိုပဲ လူတွေက မကြောက်မလန့်နဲ့လိုက်ကြည့်နေကြတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုအဖြစ်မျိုးကို မမြင်ချင် ဘူးဗျ။
မေး ။ ။ အစ်ကိုတို့ကိုယ်တိုင်လည်း မြေပြင်မှာလုပ်ဆောင်ပေးနေတာဆိုတော့လေ ကိုဗစ်ကြောင့်သေဆုံးမှု စာရင်းနဲ့ပတ်သက်ရင် အခုက အစိုးရကထုတ်ပြန်တဲ့စာရင်းနဲ့ ပရဟိတအသင်းတွေဆီကနေ မြေပြင်မှာ ထွက်ပေါ် နေတဲ့စာရင်းတွေက တော်တော်လေးကိုကွာနေတာတွေ့ရတယ်။ ဘယ်နေရာမှာ ဘာတွေကွာသွားတယ်လို့ ယူဆလဲ။
ဖြေ ။ ။ အဓိကကတော့ Positive သေဆုံးမှု ကွာတာလေ။ အစိုးရက Positive နဲ့သေဆုံးသွားရင်တော့ အစ်ကိုတို့တတွေသိအောင်ပြောရရင် ကိုဗစ် Positive နဲ့သေဆုံးသွားရင် ဒီအလောင်းကိုအပ်ရမယ်။ သွားပြီး တော့ ဆေးစစ်ချက်ယူရမယ်။ Positive ထွက်ပြီဆိုတော့မှ ဒီအလောင်းသည် Positive နဲ့သေဆုံးတယ်။ ဒါပေမဲ့ အခုလူတွေက ဘယ်သူမှဆေးရုံလည်း မပို့တော့ဘူး။ မြို့နယ်ကျန်းမာရေးမှူးကလည်း ပို့ဖို့မလွယ်။ တကယ်လို့ ပို့ မယ်ဆိုတော့လည်း ရင်ခွဲရုံမှာအလောင်းတွေက ပုံနေလိမ့်မယ်။ အဲဒီတော့ မြေပြင်မှာ အဲဒီလိုတရားဝင်မစစ်ဘဲနဲ့ တိုက်ရိုက်ထုတ်ပြီးတော့ သံသယတွေနဲ့ သဂြိုလ်နေတာဖြစ်တဲ့အတွက် ပြင်ပနဲ့ လက်ရှိအစိုးရကထုတ်တဲ့စာရင်း ကွာဟနေတဲ့အကြောင်းအရင်းကတော့ အဲဒါတွေကြောင့်ပဲ။
မေး ။ ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ လက်ရှိပြည်သူတွေရင်ဆိုင်နေရတဲ့ကိုဗစ်ကို ဘယ်လိုမျိုး ရင်ဆိုင်ဖို့လို လဲဆိုတာနဲ့ အစ်ကို့အနေနဲ့ ပြည်သူလူထုကို မဖြစ်မနေပြောသင့်တယ်လို့ထင်တဲ့စကားဆိုရင် ဘာများဖြစ်မလဲ။
ဖြေ ။ ။ ကျွန်တော်မဖြစ်မနေပြောရမယ့်စကားကတော့ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလလေး ကို ကြည့်ကြည့်ပါ။ ကျွန်တော်တို့နွေရာသီတစ်ခုလုံး ဒီရောဂါကို မခံစားခဲ့ကြရဘူး။ မိုးကျပြီဆိုတာနဲ့ခံစားကြရ တယ်။ အဲဒီတော့ ပေါ့ဆရင် ကျွန်တော်တို့တတွေ မိုးတွင်းတစ်တွင်းလုံး ခံကြရမယ်။ နွေကျရင်တော့ ဒီဟာက အလိုလိုပျောက်သွားလိမ့်မယ်။ အဲဒီတော့ ဒီမိုးတွင်းမှာ ဒီဟာကိုရပ်စေချင်ရင် တစ်ဦးကောင်း တစ်ယောက် ကောင်းမဟုတ်ဘဲနဲ့ အများလိုက်နာပြီးတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဖို့လိုတယ်။ လေထဲမှာ သဘောဝ အတိုင်းရှိနေတဲ့အောက်စီဂျင်ကို ရအောင်ရှုပါတယ်။ အခန့်မသင့်ရင်သေတတ်တဲ့အောက်စီဂျင်ကို တအားရှာပြီး မရှုပါနဲ့။ ဆရာဝန်ကိုယ်တိုင်က အောက်စီဂျင်ရှုပါလို့ အရမ်းလိုအပ်တဲ့သူမှပဲ အောက်စီဂျင်ရှုပါ။ ကိုယ့်ဆုံးဖြတ် ချက်နဲ့ကိုယ် အောက်စီဂျင်သွားရှုတာမျိုးမလုပ်ပါနဲ့။ ကိုယ့်အိမ်မှာရှိတဲ့ ကိုယ်တတ်နိုင်တဲ့အာဟာရကိုပဲ ပုံမှန်မှီဝဲ ပါ။ ကျန်းမာရေးအရ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။
ဒါမှ ကျွန်တော်တို့ မိုးတွင်းတစ်တွင်းလုံးဖြတ်သန်းနိုင်မှာ။ အားလုံလိုက်နာရင် စောစောစီးစီးရပ်သွားလိမ့်မယ်။ အားလုံးမလိုက်နာရင်တော့ မပူနဲ့ မိုးတွင်းတစ်တွင်းလုံးမှာ သေကြမှာ။ အဲဒီတော့ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းအတွေ့အကြုံအရ ရာသီဥတုပူရင်တော့ရပ်သွားလိမ့်မယ်။ အခုကတော့ သိတဲ့အတိုင်း အခုက မိုးတွင်းတုတ်ကွေးရာသီဖြစ်တယ်။ ဒီရာသီဖြစ်တဲ့အတွက် တုတ်ကွေးရယ်၊ ကိုဗစ်ရယ် ဖြစ်နေတယ်။ ခုနကပြော တဲ့အတိုင်းပဲ မိမိကိုယ်ကိုယ် တစ်ကိုယ်ရည်စောင့်ရှောက်မှုမရှိရင်တော့ ကျန်တဲ့သူက ကျန်ခဲ့လိမ့်မယ်။ ပါတဲ့သူက ပါသွားလိမ့်မယ်။
မေး ။ ။ အစ်ကိုတို့အသင်းကို လာရောက်လှူဒါန်းလိုသူတွေအတွက် လိပ်စာလေးပြောပြပါလား။
ဖြေ ။ ။ ကျွန်တော်တို့ မေတ္တာသင်္ဂဟ သာရေး/ နာရေး အသင်းလိပ်စာကတော့ ဒဂုံအရှေ့၊ (၁၁) ရပ်ကွက်၊ သခင်စံရွှေလမ်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပါခင်ဗျာ။ တချို့ကျတော့လည်း ကျွန်တော့်ဆီကို Wave Money ကနေ လှမ်းလွှဲကြတယ်။ Wave Account တွေကနေ လှမ်းလွှဲကြတယ်။ ဖုန်းနံပါတ်ကတော့ ဝ၉ ၂၅ဝဝ၁ဝ၁၉၉ ပါခင်ဗျာ။
အခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Related news

© 2021. All rights reserved.