ပရီးမီးယားလိဂ်ကို (၇၄)နှစ်အကြာမှာ တန်းပြန်တက်ခဲ့တဲ့အသင်းကို ဂိုးပြတ်ရှုံးပြီး အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာကို ရောက်ရှိသွားတဲ့ အာဆင်နယ်

 682

ရဲပြည့် - (NP News) သြဂုတ် ၁၄
မနေ့ည (သြဂုတ်လ ၁၃ ရက်)က ကစားခဲ့တဲ့ ၂ဝ၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာပဲ အာဆင်နယ်အသင်းဟာ (၇၄)နှစ်အကြာမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းကို (၂)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ရဲ့အောက်ဆုံးနေရာကို ရောက်ရှိသွားပါတယ်။

အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်တာအပြင်ဘာမှမလုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ သူတို့အသင်းအနေနဲ့ ရာသီသစ်မှာ အနိုင်ရလိုတဲ့ စိတ်ဓာတ်အပြည့်နဲ့ ကစားခဲ့ခြင်းမရှိခဲ့တဲ့အပြင် ကစားသမားတွေရဲ့ လုပ်အားနှုန်းကလဲ မနှစ်ကအတိုင်းပဲရှိနေခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့လက်ရှိကစားသမားစုဖွဲ့မှုကလည်း အားရစရာမရှိတာကြောင့် အခုလို ရလဒ်ဆိုးတွေကို ဆက်တိုက်ရင် ဆိုင်နေရတာလို့ ပြောလို့ရပါတယ်။ ကမ္ဘာအဆင့်ကစားသမားမရှိ၊ အသင်းကို အခြေအနေတစ်ခုအထိ ဦးဆောင်မယ့်သူမရှိဘဲ လူငယ်ကစားများနဲ့သာ အသင်းကိုတည်ဆောက်နေရပြီး အူဘာမီယန်ကလဲ အရင်ကလို ခြေစွမ်းတွေ မရှိတော့တာကို အထင်အရှားတွေ့လာရပါတယ်။ လာကာဇက်ကလဲ အားကိုးလို့မရတော့တဲ့အနေအထားပါ။

ဘရန်ဖို့ဒ်အသင်းကတော့ တန်းတက်အသင်းပီပီ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရသလို ပရီးမီးယားလိဂ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ကစားသမား(၁၂)အထိပါဝင်ကစားခဲ့ပြီး အာဆင်းနယ်အသင်းကို ရှိန်မနေဘဲ သူတင်ကိုယ်တင်ကစားသွားတာကို တွေ့ရပါတယ်။ အိမ်ကွင်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားက သူတို့အသင်းဟာ စည်းလုံးညီညွတ်မှုနဲ့ ကစားနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ခဲ့တဲ့အသင်းဖြစ်ခဲ့သလို ချန်ပီ ယံဆုဖလားကိုလည်း စိန်ခေါ်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရလဒ်ပိုင်းတွေဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရောက်ဖို့တောင် ကြိုးစားရှုန်းကန်နေရတာကို တွေ့မြင်လာရပါတယ်။

လက်ရှိ အာဆင်နယ်အသင်းဟာ ပြိုင်အသင်းတွေရဲ့ လှောင်ပြောင်မှုတွေကို ခံနေရပြီး ပရီးမီယားလိဂ်မှာတစ်ချိန်က အွန်နရီ၊ဗီအဲရာတို့ရဲ့ခြေစွမ်းတွေနဲ့ ရှုံးပွဲမရှိစံချိန်နဲ့အတူ ရွှေဖလားရခဲ့တဲ့အသင်း၊ ကျွန်တော်မှတ်မိသလောက် ဗန်ပါစီ၊ ဖာဘရီဂတ်၊ ဝဲလ်ကော့၊ ဝီရှိုုင်းယားတို့ရှိခဲ့စဉ်က အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအပိုင်းရော ဖန်တီးမှုအပိုင်းမှာပါ အရမ်းကောင်းခဲ့တာကိုတွေ့ပြီး အားရစရာလည်းကောင်းခဲ့တာပါ။ အခုတော့အာဆင်းနယ်အသင်းကို ပရီးမီးယာလိဂ်မှာ ဖြတ်မျဉ်းအသင်းဆိုတဲ့အဆင့်လောက်နဲ့တွေ့ရတာဟာ တကယ်ကို ရင်နာစရာကောင်းပါတယ်။
#NPNews

Related news

© 2021. All rights reserved.