ကိုဗစ်တတိယလှိုင်းကိုထိန်းချုပ်နိုင်လျှင် စာသင်ကျောင်းများပြန်ဖွင့်မည်ဖြစ်ပြီး လိုအပ်ချက်မရှိစေရန် ပြင်ဆင်ထားရမည်ဟု ညွှန်ကြား

 1815

အေဝိုင်အီး (NP News) - သြဂုတ် ၁၉
ကိုဗစ်တတိယလှိုင်းကြောင့် စာသင်ကျောင်းများပိတ်ထားရသော်လည်း အခြေအနေတည်ငြိမ်လာပါက ပြနလည်ဖွင့်လှစ်သွားရန် ရည်မှန်းထားပြီး စာသင်ကျောင်းများဘက်မှအသင့်ပြင်ဆင်ထားမှုများလုပ်ဆောင်စေလိုကြောင်း အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။

အာဏာသိမ်းမှုဖြစ်စဉ်အပြီး လုံခြုံရေးအခြေအနေ စိုးရိမ်စရာရှိနေသည့်ကြားမှ စာသင်ကျောင်းများကို ကလေးငယ်များ၏ပညာရေးအတွက် စနစ်တကျဖွင့်လှစ်ပေးခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းကြောင့် မဖြစ်မနေ ပြန်လည်ပိတ်လိုက်ရခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် စာသင်ကျောင်းများကို အကြမ်းဖက်သမားများက လာရောက်ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှုများ၊ ဆရာ/ဆရာမများကို ရန်ပြုသတ်ဖြတ်မှုများ၊ ကျောင်းစီမံခန့်ခွဲရေးနှင့်ရပ်ကွက်တာဝန်ရှိသူများကို ခြိမ်းခြောက်သတ်ဖြတ်မှုများ လုပ်ခဲ့ကြသည့်အတွက် လုံခြုံရေးပိုင်းတွင် စိုးရိမ်စရာများ ဖြစ်ခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း အကြမ်းဖက်သမားများကို ဖမ်းဆီးနှိမ်နင်းမှုများ လုပ်ဆောင်ရင်းဖြင့် စာသင်ကျောင်းများကို လုံခြုံရေးလည်း အပြည့်ပေး၍ ဖွင့်လှစ်ခဲ့ခြင်းမျိုးဖြစ်သည်။

လက်ရှိအချိန်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည်ဖြစ်သော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး၊ စာသင်ကျောင်း အဆောက်အဦများ ကြံ့ခိုင်မှုပြည့်ဝနေစေရေးအတွက် လိုအပ်သည့်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ ယင်းအတွက်လည်း ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအား စာပေ သင်ကြားပေးကြရမည်ဖြစ်ပြီး အနီးကပ်ထိတွေ့ရမည့်သူများဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် ဦးစားပေးဖြင့် ထိုးနှံနိုင်ရေးလစ်ဟင်းမှုမရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သြဂုတ်လ(၁၆)ရက်က မှာကြားသည်။

စာသင်ကျောင်းများနှင့်ပတ်သက်၍ လူထုကြားတွင် ကလေးငယ်များအား ပညာသင်ကြားစေချင်သော်လည်း အမည်ထုတ်ဖော်၍ရေးရခက်သော အင်အားကြီးလူတစ်စုနှင့် ကျည်ဆံစာအိတ်များပေးပို့လေ့ရှိသည့် အကြမ်းဖက် သမားများက ကျောင်းထားမည့်မိဘများကိုပါ တိုက်ရိုက်ခြိမ်းခြောက်မှုများ ရှိခဲ့ဖူးကြောင်းလည်း ကြားသိရသည်။ စာသင်ကျောင်းများနှင့် ကလေးငယ်များကိုပါ ရန်ရှာတိုက်ခိုက်လေ့ရှိသည်အထိ အဆိုပါအုပ်စုက ရန်ရှာနေလေ့ရှိပြီး ယင်းလုပ်ရပ်မျိုးကို တာလီဘန်များကပင်လျှင် လုပ်လေ့မရှိကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ထောက်ပြမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.