စူပါမော်ဒယ်များထက်ပင် ဝင်ငွေကောင်းနေသည့်ကြောင်မော်ဒယ်

945
ဝတီ (NP News) - သြဂုတ် ၂၃
တရုတ်လို လူဦးရေ အင်မတန်ထူထပ်လှတဲ့နိုင်ငံမှာ အပြိုင်အဆိုင်ကလည်း အင်မတန်များတဲ့အတွက် စူပါမော်ဒယ်တစ်ယောက်ဖြစ်လာဖို့ဆိုတာ အတော်ကို မလွယ်တဲ့ကိစ္စပါ။ မော်ဒယ်တွေ တစ်ပုံကြီးကြားထဲမှာထင်ရှားနေဖို့ဆိုရင် ရုပ်က ထင်းခနဲနေအောင် လှနေဖို့လိုတဲ့အပြင်၊ အရွယ်ကလည်း ငယ်ဦးမှ ၊ ခန္ဓာကိုယ်အချိုးအစားကလည်း ကျဦးမှ၊သူများနဲ့မတူတဲ့ ဆွဲဆောင်မှုတစ်ခုခုကလည်း ရှိဦးမှဖြစ်မှာပါ။

ဒါပေမဲ့ အခုတော့ အဲဒီလိုစူပါမော်ဒယ်တွေကို ကြောင်တစ်ကောင်က ကျော်တက်သွားပါပြီ။ အဲဒီကြောင်ကတော့ Mao Mao လို့ခေါ်တဲ့ စူပါမော်ဒယ်ကြောင်ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီကြောင်က အင်တာနက်မှာလည်း ဆယ်လီဖြစ်သလို လက်တွေ့မြေပြင်မှာလည်း စူပါမော်ဒယ်တစ်ကောင်ဖြစ်နေတာပါ။ စူပါမော်ဒယ်ဆိုပေမယ့်သူက တခြားမော်ဒယ်လေးတွေနဲ့ မတူဘဲ နှုတ်ခမ်းမွေးနဲ့၊ တစ်ကိုယ်လုံးမှာလည်း အမွေးဖြူဖြူနုနုတွေနဲ့ ဖုံးအုပ်နေပါတယ်။ အသက်နှစ်နှစ်ပဲ ရှိသေးတဲ့ ဒီကြောင်လေးဟာ မြင်လိုက်တာနဲ့ကို ချစ်ချင်စရာပါပဲ။ သူကတော့ တရုတ်မှာ အရမ်းနာမည်ကြီးနေတဲ့ကြောင်မော်ဒယ်ပါပဲ။
သူဟာ ဝင်ငွေတွေ ဒလဟောရတဲ့ တရုတ်မော်ဒယ်လောကထဲဝင်လာတဲ့ ပထမဦးဆုံး နာမည်ကျော် ကြောင်ဖြစ်တယ်လို့ သူ့အကြောင်းရေးထားတဲ့ဆောင်းပါးတစ်ပုဒ်က ဆိုပါတယ်။ တရုတ်မှာ ကြောင်ချစ်သူ အရမ်းများတဲ့အ တွက် အခုဆိုရင် ကုမ္ပဏီတွေဟာ သူတို့ကုန်ပစ္စည်းကြော်ငြာတွေမှာ ကြောင်တွေကိုပဲ မော်ဒယ်အဖြစ် သုံးလာကြပါတော့တယ်။
Mao Mao ဆိုတဲ့ ဒီကြောင်ရဲ့အလုပ်ကတော့ ဈေးကြီးပေ့ဆိုတဲ့ ဇိမ်ခံကားသစ်ကြီးတွေပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဓာတ်ပုံအရိုက်ခံရတာပါပဲ။ သူကြောင်မော်ဒယ်ဖြစ်လာပုံကတော့ဒီလိုပါ။ သူ့သခင်က ကားလုပ်ငန်းမှာ အလုပ်လုပ်ပါတယ်။ ကားဝယ်တဲ့လူမှာ ထက်ဝက်ကျော်က အမျိုးသားတွေဆိုတော့ ကားပြပွဲကြီးတွေမှာဆိုရင် ကားကုမ္ပဏီတွေက မော်ဒယ်ဂဲလ်ချောချောလေးတွေကို ငှားပါတယ်။ အဲဒီ မော်ဒယ်မလေးတွေက အလန်းလေးတွေဝတ်ပြီး ကားအသစ်ကြီးတွေနားမှာ ရပ်ပြနေရတာပါ။ ဝယ်သူ အမျိုးသားတွေကို ဆွဲဆောင်နိုင်အောင် မော်ဒယ်မလေးတွေကို အဲဒီလို ငှားထားတယ်ဆိုပေမယ့်ဝယ်သူ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်အောင်ကျတော့ ဘယ်လိုလုပ်ရမလဲဆိုတာ Mao Mao ဆိုတဲ့ကြောင်ရဲ့ သခင်က စဉ်းစားပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ကြောင်ဆိုရင် အမျိုးသမီးတွေ စိတ်ဝင်စားမှာပဲလို့ သူက စိတ်ကူးရသွားပါတယ်။
ဒါကြောင့် ကားပြပွဲလည်းလုပ်ရော သူကသူ့ကြောင်လေး Mao Mao ကိုကားတစ်စီးပေါ်တင်ပြီး စမ်းကြည့်လိုက်ပါတယ်။ အဲဒီမှာ ချက်ချင်းကိုပဲ ကြောင်နားမှာလူအုံသွားတော့တာပါပဲ။ အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့။ လူတွေက ကားပေါ်က Mao Mao နဲ့ ဓာတ်ပုံတွဲရိုက်ပြီး အွန်လိုင်းပေါ် အပြိုင်အဆိုင် တင်ကြပါတော့တယ်။ ဒီလိုနဲ့ ကားပေါ် ဇိမ်ကျကျနဲ့ ဝပ်နေတဲ့ Mao Mao ရဲ့ပုံတွေ အွန်လိုင်းပေါ် ပလူပျံသွားတော့တာပေါ့။ ဒီတော့ သူ့ကားပုံကို လူအများကြီးဆီ ရောက်စေချင်နေတဲ့ကားကုမ္ပဏီရဲ့ ဆန္ဒလည်း ပြည့်သွားပါတော့တယ်။ ဒီလိုနဲ့ Mao Mao ဟာ နာ မည်ကြီးကြောင်မော်ဒယ်ဖြစ်သွားတော့တာပါပဲ။ သူနဲ့ ကြော်ငြာချင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကလည်း များသထက် များလာပါတော့တယ်။
ထူးခြားတာကတော့ Mao Mao ဟာ တခြားကြောင်တွေလိုမဟုတ်ဘဲ ငြိမ်ငြိမ်လေး နေတတ်၊ လူစိမ်းလည်း မကြောက်တတ်၊ သူ့အနား လူစိမ်းတွေ ဝိုင်းအုံပြီး သူနဲ့ ဓာတ်ပုံတွေ အလုအယက်တွဲ ရိုက်နေလည်း ဘာမှမဖြစ်တာပါပဲ။ ကြောင်က နဂိုကတည်းက ချစ်ဖို့ကောင်းတဲ့အပြင်သခင်ကလည်း သူ့ကို အဝတ်အစား လှတပတတွေ ကိုယ် တိုင်ချုပ်ပြီး ဆင်ပေးထားတော့ ကြောင်က ပိုပိုပြီး ချစ်ဖို့ကောင်းနေပါတော့တယ်။ ပြီးတော့ လူစိမ်းတွေကိုအကပ်ခံပြီး သဘောကလည်း ကောင်းတော့ သူက သူ့အလုပ်နဲ့ ကိုက်နေတော့တာပေါ့။ ဒါကြောင့်လည်း သူဟာ ထိပ်တန်းကြောင်မော်ဒယ်ဖြစ်သွားတော့တာပါ။
Mao Mao ဟာ လူသားမော်ဒယ်အချောအလှလေးတွေထက် ပရိသတ်တွေကိုပိုဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုငှားရင်ပေးရတဲ့ အခကြေးငွေက လူမော်ဒယ်ထက် ပိုများနေပါတော့တယ်။ ကုန်ပစ္စည်းတစ်ခုခုအတွက် ဓာတ်ပုံရိုက်ကူးရေးတစ်ကြိမ်လုပ်ပေးရင် သူဟာ (၇၇၅) ဒေါ်လာကနေ ဒေါ်လာ (၁၅၅ဝ) အထိ ရပါတယ်။ ဒါပေမဲ့ သူ့သခင်က သူ့ကြောင်လေး ပင်ပန်းမှာစိုးလို့ဆိုပြီး တစ်လမှာ အလုပ် သုံး၊ လေး ခုပဲ အများဆုံးလက်ခံပါတယ်။ တန်ဖိုးကြီးကားတွေအပြင် ဒီကြောင်လေးက တရုတ်က နာမည်ကြီး စိန်ရွှေရတနာဆိုင်တွေအတွက်လည်းမော်ဒယ် လုပ်ပေးပါသေးတယ်။

သူပါတဲ့ ဗီဒီယိုဖိုင်တွေဟာ ယူကျုပေါ်အထိ ရောက်နေပြီဆိုတော့ သူ့ကို ချစ်တဲ့လူများသထက် များလာနေတော့တာပေ့ါ။ သူ့ကြောင်ကဝင်ငွေ အများကြီး ရှာပေးနေတဲ့အတွက် သခင်ကလည်း ကြောင်ကို အကောင်းဆုံးဆိုတဲ့ အ စားအစာတွေ ဝယ်ကျွေးပါတယ်။ ဒါကြောင့် Mao Mao ရဲ့ဘဝဟာဇိမ်ကျနေတော့တာပေ့ါ။ နာမည်ကြီးထိပ်တန်းမော်ဒယ်ဖြစ်တဲ့အတွက် Mao Mao မှာ လက်ထောက်ကိုယ်ရေးအရာရှိအပြင် ကိုယ်ပိုင်အဖွဲ့လည်း ရှိပါတယ်။ သူ့အကြောင်း မေးမြန်းလာတာတွေကို ဒီအဖွဲ့က ဒိုင်ခံ ဖြေပေးရတဲ့အပြင်၊ ရိုက်ကူးရေးတွေရှိတဲ့အခါ၊ ကားပြပွဲတွေ သွားဖို့ရှိတဲ့အခါမှာလည်း ဒီအဖွဲ့ကအကုန်လုံး ပြင်ဆင်ပေးရတာပေါ့။
COVID-19 စဖြစ်ပြီး မကြာခင်မှာမှ တရုတ်မှာ ကြောင်မော်ဒယ် အရမ်းကို ခေတ်စားလာတာ ဖြစ်ပေမယ့် အရင်က တည်းကလည်း ကြောင်လေးတွေကို တရုတ်ပရိသတ်တွေက အတော်စိတ်ဝင်စားပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကဆိုကြောင်လေးတွေ မွေးထားပြီး အဲဒီကြောင်တွေနဲ့ ဓာတ်ပုံတွဲတင်တဲ့ အွန်လိုင်းဆယ်လီတွေ ပိုပိုများလာပါတယ်။ အဲဒီဆယ်လီတွေ ကြော်ငြာလက်ခံရင်လည်းသူတို့ကြောင်လေးတွေက ကြော်ငြာတွေမှာ ပါပေးရတယ်လေ။ တရုတ်လူမှုကွန်ရက်မှာဆိုရင် တချို့ကြောင်တွေဟာ ပရိသတ် ငါးသိန်းအထိတောင် ရှိပါတယ်။ ကြောင်လေးတွေပါတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက် ဗီဒီယိုကို နေ့တိုင်းဝင်ကြည့်တဲ့ လူပေါင်း တရုတ်မှာတစ်သန်းကျော် ရှိပါတယ်။ COVID-19 ဖြစ်အပြီး ၂ဝ၂ဝ ခုနှစ်မှာ ကြောင်မော်ဒယ်လောကဟာ တဟုန်ထိုး တိုးတက်လာတော့တာပါပဲ။
#NPNews