ရုရှားက Pantsir လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို မြန်မာနိုင်ငံထံမကြာမီ လွှဲပြောင်းပေးမည်ဟုဆို

1623

ဂျန်ဇက် (NP News) - သြဂုတ် ၂၆
ရုရှားနိုင်ငံအနေဖြင့် စီစဉ်ထားသည့်အတိုင်း မြန်မာစစ်ကောင်စီထံ Pantsir အမျိုးအစားလေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်စနစ် ပေးပို့သွားမည်ဖြစ်ကြောင်း ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြီးအကဲ၏ ပြောဆိုချက်ကို ကိုးကားပြီး RIA သတင်းဌာနကဖော်ပြထားသည်။
အဆိုပါလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်သည် လေယာဉ်များ၊ ဒရုန်းများနှင့် ခရုဇ်ဒုံးကျည်များ ပစ်ချရာ တွင် ကောင်းစွာအသုံးပြုနိုင်သည့် ဒုံးကျည်များဖြစ်ကြောင်း သိရသည်။ ရုရှားနှင့် မြန်မာနိုင်ငံတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် Pantsir လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရု ရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တာဝန်ရှိသူ Dmitry Shugayev ကပြောသည်။
Dmitry Shugayev က" ကျွန်တော်တို့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ် အရောင်းအဝယ်စာချုပ်ထဲမှာပါတဲ့ သဘောတူညီချက်အတိုင်းလွှဲပြောင်းပေးသွားမှာပါ။ စာချုပ်ထဲမှာလွှဲပြောင်းပေးရမယ့်အချိန် သတ်မှတ်ထားပြီးဖြစ်ပါတယ်" ဟု ပြောသည်။
လူအခွင့်ရေးအဖွဲ့များက ရုရှားနိုင်ငံသည် ဖေဖော်ဝါရီ(၁)ရက်နေ့ကအာဏာသိမ်းခဲ့သည့်မြန်မာစစ်ကောင်စီနှင့် စစ်လက်နက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်း၊ အပြန်အလှန်ချစ်ကြည်ရေးခရီးသွားရောက်ခြင်းဖြင့် တရားဝင်အစိုးရအဖြစ်အသိမှတ်ပြုပေးနေကြောင်းစွပ်စွဲနေသည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံအတွက် မဟာဗျူဟာမြောက်ဆက်ဆံရေးရှိသည့်နိုင်ငံဖြစ်သည့်အပြင် နှစ်ပေါင်းများစွာကြာဆက်ဆံရေးရှိသည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီအနေဖြင့် လက်ရှိအချိန်တွင် အခက်ခဲများစွာရင်ဆိုင်နေရမှုများမှတည်ငြိမ်အေးချမ်းမှုများဖြစ်အောင် တတ်စွမ်းသမျှလုပ်ကိုင်နေသည်ဟု ယုံကြည်ကြောင်း ရုရှားအစိုးရက မကြာသေးမီကပြောခဲ့ဖူးသည်။
#NPNews