အမေရိကန်မှာ ဆေးရုံတက် ကိုဗစ်လူနာအရေအတွက် (၈) လအတွင်း အမြင့်ဆုံးဖြစ်နေ

 1010

ရောင်နီ (NP News) - သြဂုတ် ၂၇
အမေရိကန် ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်လူနာအရေအတွက်ဟာ သြဂုတ် ၂၆ က တစ်သိန်းကျော်အထိ ရှိလာခဲ့ပြီး (၈) လအတွင်း အမြင့်ဆုံး ဆေးရုံတက်ရမှုနှုန်းဖြစ်လာကာ ဒဲလ်တာကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုတွေကြောင့် နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထိခိုက်စေလာတယ်လို့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနက ဆိုပါတယ်။

အမေရိကန်မှာ Covid-19 ကူးစက်မှုကြောင့် ဆေးရုံတင်ကုသမှုတွေဟာ ပြီးခဲ့တဲ့လက နှစ်ဆ ထပ်တိုးလာခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့အချက်အလက်တွေအရ တစ်နာရီကို ပျမ်းမျှလူ ၅ဝဝ ကျော် ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဇန်နဝါရီလ ၆ ရက်နေ့က ဆေးရုံတက်ရ မှုနှုန်း အမြင့်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံတင်လူနာ (၁၃၂ဝ၅၁) ဦးထိ ရှိခဲ့ပါတယ်။
ကာကွယ်ဆေးထိုးနှံနိုင်ရေး လှုပ်ရှားမှုတွေဟာလည်း ၂ဝ၂၁ ခုနှစ်အစောပိုင်းမှာ လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်းကြောင့် ဇွန်လ ၂၈ ရက်နေ့ကစပြီး နေ့စဉ်ကူးစက်မှုနူန်း ၁၃,၈၄၃ ထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ဒဲလ်တာကိုဗစ်မျိုးကွဲသစ်ကြောင့် ဇူလိုင်လပိုင်းမှာတော့ Covid-19 ကူးစက်မှုတွေဟာ ရုတ်တရက် ပြန်လည်မြင့်တက်လာခဲ့ပြီး ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ အမေရိကန်တောင်ပိုင်းမှာ ဆေးရုံတက် ကုသရမှုနှုန်းတွေ မြင့်တက်ခဲ့ပြန်ပါတယ်။

အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနရဲ့အချက်အလက်တွေအရ ဖလော်ရီဒါပြည်နယ်က ဆေးရုံတက် ကိုဗစ်လူနာအရေအတွက် အများဆုံးဖြစ်ပြီး၊ ဖလော်ရီဒါပြည်နယ်ပြီးရင်တော့ တက္ကဆက်နဲ့ ကယ်လီဖိုးနီး ယားတို့က ဆေးရုံတက်ကိုဗစ်လူနာ ဒုတိယအများဆုံးနေရာတွေမှာ အသီးသီးရှိနေပါတယ်။ လက်ရှိမှာတော့ အလာဘားမား၊ ဖလော်ရီဒါနဲ့ ဂေါ်ဂျီယာတို့မှာ အထူးကြပ်မတ်ကုသမှု ကုတင်အရေအတွက် စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော်ထိ ပြည့်ကြပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး ထိုးထားခြင်းမရှိတဲ့ အမေရိကန်နိုင်ငံသားတွေအကြား လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေတဲ့ ဒဲလ်တာ ကိုဗစ်မျိုးကွဲဟာ ကလေးသူငယ်တွေမှာလည်း ဆေးရုံတက်ရမှုကို ဖြစ်စေခဲ့ပါတယ်။ နိုင်ငံအတွင်း လက်ရှိဆေးရုံ တက်နေရတဲ့ကိုဗစ်လူနာထဲမှာမှ ကလေးငယ် ၂ ဒဿမ ၃ ရာခိုင်နှုန်းခန့်ရှိပြီး လာမယ့် ဆောင်းရာသီမှာတော့ ကလေးငယ်တွေကို Pfizer ကာကွယ်ဆေးထိုးနှံပေးဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးများ ထိုးနှံကြမှသာ အမေရိကန်နိုင်ငံတွင်း လာမယ့်နှစ်အစောပိုင်းမှာ Covid-19 ကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူဒေါက်တာ Anthony Fauci က သတိပေးပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန် လူဦးရေရဲ့ ၆၁ ရာခိုင်နှုန်းခန့်ဟာ ကာကွယ်ဆေး တစ်ကြိမ်ဆီ ထိုးနှံပြီး ဖြစ်တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.