တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခဲ့ရသည့်နောက်ကွယ်က အကြောင်းရင်း

 1117

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆
နော်ဝေအခြေစိုက်တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂကချမှတ်ထားသည့် ပိတ်ဆို့မှုများကိုရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

မြန်မာစစ်ကောင်စီက ကြားဖြတ်ထောက်လှမ်းနိုင်မည့်နည်းပညာများတပ်ဆင်ရန် ဆက်လက်ဖိအားပေးခဲ့ပြီးနောက်မကြာမီတွင် ဥရောပသမဂ္ဂကမြန်မာနိုင်ငံအပေါ်သတ်မှတ်ထားသည့် ပိတ်ဆို့မှုများ၊ စည်းကမ်းများကိုမချိုးဖောက်မိအောင်လုပ်ငန်းများကို ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အာဏာ သိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ (၁)ရက်မတိုင်မီ လအနည်းငယ်အကြာတည်းကတယ်လီနောကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသားများ၏ဆက်သွယ်မှုများကို စစ်တပ်ကလွတ်လပ်စွာစုံစမ်းထောက်လှမ်းနိုင်မည့်ကြားဖြတ်ထောက်လှမ်းရေးစက်များ တပ်ဆင်ပေးရန် လျှို့ဝှက်အမိန့်ပေးခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနကမေလတွင် စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

တယ်လီနောကုမ္ပဏီ၏ အာရှတိုက်အကြီးအကဲ JorgenRostrup က"အာဏသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီအာဏာပိုင်တွေအသုံးပြုနိုင်ဖို့အတွက်ကြားဖြတ်ထောက်လှမ်းနိုင်နည်းပညာတွေတပ်ဆင်ပေးရမယ်ဆိုတာ ရှင်းလင်းသေချာသွားခဲ့တယ်။ ကြားဖြတ်ထောက်လှမ်းနိုင်မယ့်နည်းပညာတွေ တပ်ဆင်ပေးမယ်ဆိုရင် ဥရောပသမဂ္ဂမြန်မာနိုင်ငံအပေါ် ၂ဝ၁၈ခုနှစ်က ချမှတ်ထားတဲ့ စစ်လက်နက် ပစ္စည်းများတင်သွင်းမှုပိတ်ပင်တဲ့တားမြစ်ချက်စည်းကမ်းတွေကို ချိုးဖောက်သလိုဖြစ် လာစေနိုင်တယ်။ ဒါ့အပြင်လူအခွင့်ရေးကိုကာကွယ်ဖို့ မြန်မာနိုင်ငံရှိပြည်သူတွေဘေးကင်းလုံခြုံမှုရှိရေးစည်းကမ်းတွေကိုမျက်ကွယ်ပြုသလိုဖြစ်သွားနိုင်တယ်။ တယ်လီနောမြန်မာဟာ မြန်မာနိုင်ငံမှာစစ်ကောင်စီအတွက်ကြားဖြတ်ထောက်လှမ်းနိုင်မယ့်နည်းပညာတွေလက်ရှိအချိန်တပ်ဆင်ပေးခဲ့တာမျိုးမရှိဘူး" ဟု ပြောသည်။

တယ်လီနောကုမ္ပဏီသည် ၂ဝ၁၃ခုနှစ်က ပြိုင်ဘက်ကုမ္ပဏီများကိုကျော်ဖြတ်ပြီး မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ငန်းလုပ်ခွင့်လိုင်စင်ရခဲ့သည့် ကုမ္ပဏီဖြစ်သည်။ သို့သော် ယခုနှစ်ဇူလိုင်လတွင် တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းများကို လက်ဘနွန်စီးပွားရေးလုပ်ငန်းစုဖြစ်သည့် M1 ထံအမေရိကန်ဒေါ်လာ (၁ဝ၅)သန်းဖြင့် ရောင်းချခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.