အင်တာပိုလ်ရဲက စင်ကာပူမှာ တရားမဝင်ဘောလုံးလောင်းကစားသမား(၇၀)ကျော်ကို ဝင်ရောက်ဖမ်းဆီး

 844

မိုးတိမ် (NP News) - စက်တင်ဘာ ၁၈
အာရှနဲ့ ဥရောပတစ်လွှားက တရားမဝင်ဘောလုံးလောင်းကစားပွဲတွေကို ပါဝင်ကစားခဲ့ကြတဲ့လူဦးရေများစွာထဲကမှ (၁၄၀၀)နီးပါးဟာ ဖမ်းဆီးခံလိုက်ရပြီဖြစ်ပြီး စင်ကာပူနိုင်ငံသား(၇၂)ဦးလည်း ပါဝင်ခဲ့တယ်လို့ စီအန်အေက ဖော်ပြလိုက်ပါတယ်။

နိုင်ငံပေါင်း(၂၈)နိုင်ငံက တာဝန်ကျအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်တာပိုလ်ရဲတပ်ဖွဲ့ရဲ့အထူးစီမံချက်အရ စင်ကာပူနိုင်ငံမှာလည်း ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်လွှားမှာတော့ လူဦးရေ(၁၄၀၀)နီးပါးက ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “ အတွဲလိုက်ကွင်းဆက်ပုံစံမျိုးနဲ့ ဖမ်းဆီးမှုမှာ စင်ကာပူရဲတပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ပေးခဲ့ရသလို တရားမဝင်တဲ့ဘောလုံးလောင်းကစားတွေကို စင်ကာပူနိုင်ငံသားတွေလည်း လုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ” လို့ စင်ကာပူရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ဟောင်ကွမ်ဟီးက ပြောပါတယ်။ အင်တာပိုလ်က ဖမ်းဆီးတဲ့ဖြစ်စဉ်ဟာ ဒီနှစ်အစောပိုင်းမှာ ကစားခဲ့တဲ့ယူရို-၂၀၂၀ ဘောလုံးပြိုင်ပွဲကြီးမှာ တရားမဝင်လောင်းကစားလုပ်ခဲ့တာတွေကို သတင်းအစအနရရှိခဲ့တာကနေ စတင်လာတာလို့ဆိုပါတယ်။ ယူရိုပွဲက ပြီးသွားခဲ့ပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ငွေကြေးစီးဆင်းမှုတွေနဲ့ ကွင်းဆက်တရားခံတွေကို ဆက်စပ်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ စီးရီးလိုက်ဆွဲပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးတဲ့ အထူးစီမံချက်ကိုတော့ ဇွန်လ(၁၁)ရက်ကနေ ဇူလိုင်လ(၃၁)ရက်အထိ လုပ်ဆောင်ခဲ့တာဖြစ်သလို စင်ကာပူနိုင်ငံထဲမှာတော့ နိုင်ငံသား(၇၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ စင်ကာပူနိုင်ငံသား(၇၂)ဦးမှာတော့ စင်ကာပူဒေါ်လာ(၈)သိန်းကို ငွေသားတွေနဲ့ တွေ့ရပြီး ကွန်ပျုတာ၊ လက်ပ်တော့၊ မိုဘိုင်းဖုန်းနဲ့အခြားသော လောင်းကစားလုပ်ဆောင်တဲ့ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အင်တာပိုလ်ဘက်က အရာရှိတွေကတော့ ယူအီးအက်အေရဲ့ချန်ပီယံလိဂ်အပါအဝင် ဥရောပပြိုင်ပွဲတွေကို တရားမဝင်လောင်းကစားလုပ်တဲ့လုပ်ငန်းတွေက စဉ်ဆက်မပြတ်ရှိနေသလို အင်တာပိုလ်ကိုယ်တိုင် သတိထားစောင့်ကြည့်နေတဲ့ နိုင်ငံပေါင်း(၂၈)နိုင်ငံ ရှိနေတယ်လို့လည်း ဖွင့်ဟထားပါတယ်။ ဒီအထဲမှာတော့ စင်ကာပူကလည်း တစ်နိုင်ငံအဖြစ် ပါဝင်နေခဲ့တာမျိုး ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.