မြန်မာဒုက္ခသည်တွေကိုကူညီဖို့ ရူပီး(၁၀)ကုဋေဘတ်ဂျက်ပေးရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို စာရေးသားအကူအညီတောင်း

724

မိုးတိမ် (NP News) - စက်တင်ဘာ ၁၈
မြန်မာဘက်မှာ မတည်မငြိမ်ဖြစ်ပေါ်နေမှုတွေကြောင့် မီဇိုရမ်ဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာတိုင်းရင်းသားတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ငွေအထောက်အပံ့ပေးစေလိုကြောင်း ဝန်ကြီးချုပ် မိုဒီထံကို မီဇိုရမ်ဝန်ကြီးချုပ်က စာရေးသားပေးပို့တောင်းဆိုလိုက်ပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေဘက်မှာ တိုက်ပွဲတွေဖြစ်လာနေတဲ့အတွက် ဒေသခံမြန်မာတွေဟာ နယ်စပ်အိန္ဒိယထဲကို ရတဲ့လမ်းကြောင်းကနေ တိုးဝင်လာကြပါတယ်။ ဒီအတွက်ကြောင့် အဓိကနယ်မြေဖြစ်လာတဲ့ မီဇိုရမ်ပြည်နယ်ထဲမှာတော့ မြန်မာတွေထောင်ချီရောက်ရှိနေပြီဖြစ်သလို နေ့စဉ်ဝင်လာတဲ့ရာချီသောလူအုပ်စုတွေအရ မြန်မာဘက်မှာသာ မတည်မငြိမ်ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒုက္ခသည်ပေါင်းဟာလည်း သောင်းချီလာလိမ့်မယ်လို့ တွက်ဆထားတာပါ။ ဒါကြောင့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က စက်တင်ဘာ(၁၅)ရက်မှာတော့ ဝန်ကြီးချုပ် မိုဒီဆီကို တိုက်ရိုက်လိပ်မူထားတဲ့ စာတစ်စောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီစာဟာ အိန္ဒိယပြည်ထဲရေးဝန်ကြီး Vardhan Shringla ဆီကိုရောက်ရှိခဲ့ပြီဖြစ်သလို စာထဲမှာတော့ မြန်မာဒုက္ခသည်တွေအတွက် ဗဟိုအစိုးရဘက်က ကူညီထောက်ပံ့ငွေ ရူပီး(၁၀)ကုဋေလောက် ပေးအပ်စေလိုတယ်လို့ ဖော်ပြထားပါတယ်။ ဒီငွေတွေမှာတော့ ရူပီး(၅)ကုဋေဟာ အစားအသောက်တွေထောက်ပံ့ဖို့ဖြစ်ပြီး (၃)ကုဋေကတော့ နေထိုင်ရာအဆောက်အအုံတွေ ယာယီဆောက်ပေးဖို့လည်း ရည်ရွယ်ထားသလို နောက်ထပ်(၂)ကုဋေကိုတော့ ဆေးဝါးတွေကူညီထောက်ပံ့ဖို့ ဖြစ်တယ်လို့ ထည့်သွင်းတင်ပြထားပါတယ်။ မြန်မာဘက်ခြမ်းမှာ မတည်မငြိမ်ဖြစ်ပေါ်နေတာကြောင့် ဒုက္ခသည်အဖြစ်ထွက်ပြေးလာရသူ မြန်မာတွေကို လူသားချင်းစာနာထောက်ထားမှုအရ မဖြစ်မနေလက်ခံထားရမှာဖြစ်ပြီး လက်မခံဘူးလို့ငြင်းထုတ်မယ်ဆိုရင်တော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ပဋိဉာဏ်ကို လွဲချော်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း လက်မခံချင်သည့်တိုင် အခြေအနေက လက်ခံပေးရမလိုဖြစ်လာနေတဲ့အတွက် မီဇိုရမ်ပြည်နယ်ထဲက ဒေသအသီးသီးမှာလက်ခံပေးထားရတယ်လို့ ဆိုပါတယ်။ ဒေသအသီးသီးကိုရောက်ရှိ ပျံ့နှံ့နေခြင်းကလည်း ကောင်းမွန်တဲ့လုပ်ဆောင်ချက်မဟုတ်ဘဲ ခိုလှုံလာသူတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ထားရှိတာက ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်ဖြစ်လိမ့်မယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ဝိုင်းဝန်းစဉ်းစားဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
စက်တင်ဘာ(၁၆)ရက်အထိ နောက်ဆုံးစာရင်းတွေအရ မီဇိုရမ်ပြည်နယ်ထဲမှာ ယာယီလက်ခံပေးထားရတဲ့ မြန်မာဒုက္ခသည်ဟာ(၁၁၅၀၀)နီးပါးရှိလာနေပြီဖြစ်သလို စက်တင်ဘာ(၁၅)ရက် တစ်နေ့တည်းမှာပဲ ညဘက်မှာ လူ(၂၀၀)ထက်မနည်း ခိုးဝင်လာမှုတွေ ရှိခဲ့တယ်လို့ အိန္ဒိယသတင်းဌာန Times Of India က ရေးသားဖော်ပြလာပါတယ်။