အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံဆုရှင် စပါးအသင်းဂန္တဝင်တိုက်စစ်မှူးဟောင်း ဂျင်မီဂရီးဗ် ကွယ်လွန်

 788

မိုးတိမ် (NP News) - စက်တင်ဘာ ၁၉
အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလား ချန်ပီယံဆုရကစားသမားတစ်ဦးဖြစ်သူ တော့တင်ဟမ်းစပါးအသင်းရဲ့တိုက်စစ်မှူးဟောင်း ဂျင်မီ ဂရီးဗ်ဟာ အသက်(၈၁)နှစ်အရွယ်မှာပဲ ကွယ်လွန်ဆုံးပါးသွားခဲ့ပြီဖြစ်တယ်လို့ နိုင်ငံနဲ့ကလပ်အသင်းဘက်က ကြေညာလိုက်ပါတယ်။

အင်္ဂလန်တို့အတွက် တစ်ခုတည်းသော ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုရအသင်းမှာ တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဂျင်မီဂရီးဗ်ဟာ အင်္ဂလန်အသင်းအတွက် စုစုပေါင်း(၅၇)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုးပေါင်း(၄၄)ဂိုးအထိ ရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့မှာ အဓိကကစားခဲ့ပြီး စပါးအသင်းရဲ့ဂန္တဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူ ဂျင်မီဟာ စပါးအသင်းအတွက် (၃၇၉)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုးပေါင်း(၂၆၆)ဂိုး ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ “ စပါးအသင်းအတွက်တင်မကဘဲ နိုင်ငံအတွက်ပါ အကောင်းဆုံးသောမှတ်တမ်းတွေနဲ့ သင်ယူစရာတွေကို ချန်ထားရစ်ခဲ့တဲ့ ဂျင်မီရဲ့ကွယ်လွန်မှုအတွက် ယူကျုံးမရ ဝမ်းနည်းရပါတယ် ” လို့ စပါးအသင်းက အသင်းပိုင်ဝက်ဘ်ဆိုဒ်ကနေ စက်တင်ဘာ(၁၉)ရက်မှာ ကြေညာလိုက်ပါတယ်။ အသက်(၈၁)နှစ်အရွယ် ရှိခဲ့ပြီဖြစ်တဲ့ ဂျင်မီဂရီးဗ်ဟာ အင်္ဂလန်ဘောလုံးလောကမှာ ထင်ရှားတဲ့ရွှေခတ်ကစားသမားအဖြစ် အသိအမှတ်ပြုခံရသလို အသက်အရွယ်အားဖြင့် နောက်ဆုံးသောလူ့ဘဝသက်တမ်းကို အေးအေးချမ်းချမ်းဖြတ်သန်းခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက်တော့ သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်ကြိမ်သာရခဲ့ဖူးပြီး အဲဒီတစ်ကြိမ်ဟာ ဂျင်မီဂရီးဗ်ရဲ့ကူညီမှုတွေ အပြည့်အဝပါဝင်ခဲ့တဲ့အတွက် နိုင်ငံအသင်းကလည်း အသိအမှတ်ပြုရင်း ဝမ်းနည်းကြောင်းကြေညာခဲ့ပါတယ်။

ဂျင်မီဂရီးဗ်ဟာ အေစီမီလန်၊ ဝက်ဟမ်းအသင်းတို့မှာလည်း ကစားခဲ့ဖူးတဲ့ စပါးအသင်းရဲ့ဂန္တဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘဝတစ်လျှောက်မှာတော့ အသင်းများစွာနဲ့အတူ ကစားပွဲပေါင်း(၆၆၆)ပွဲ ကစားခဲ့ပြီး သွင်းဂိုးပေါင်း(၄၄၇)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ထူးချွန်တဲ့တိုက်စစ်မှူးတစ်ယောက်အဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.