ဂျာမနီ ရုပ်ရှင်ပွဲတော်ကြီးတွင် အိန္ဒြာကျော်ဇင် သရုပ်ဆောင်ထူးချွန်ဆုရရှိ

 1222

NP News - စက်တင်ဘာ ၂ဝ
ဒါရိုက်တာ ဏကြီး ပုံဖော်ရိုက်ကူးပြီး ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် အကယ်ဒမီ ပိုင်ဖြိုးသုတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသော “ What happened to the wolf? " ရုပ်ရှင်ဇာတ်ကားကြီးကို ဂျာမနီနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး အိန္ဒြာကျော်ဇင်သည် အဆိုပါရုပ်ရှင်ဇာတ်ကားဖြင့် “Seymour Cassel Award for Best Performance” ဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာလ ၂ဝရက်) တွင် “ What happened to the wolf? " ပေ့ချ် ၌ထုတ်ပြန်ထားသည်။

အဆိုပါဆုချီးမြှင့်ပွဲတွင် “ What happened to the wolf? " ဇာတ်ကားဖြင့် အကယ်ဒမီ ပိုင်ဖြိုးသုကလည်း ဆန်ခါတင်စာရင်းထဲထိ ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။ "သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ ထိပါပဲ။ ဒီအဓိက သရုပ်ဆာင်နှစ်ယောက်ဟာ ကျွန်မတို့ (ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်" ဟု Advisory Board Jury Member and Award-winning actress, Deborah Kara Unger က ဆိုသည်။

“တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်ဆန်နဲ့ ချည်းကပ်ကြရာမှာ ပါးနပ်မှု၊ ရိုးရှင်းမှု၊ အနုပညာ စံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါ တယ်။ ကျွန်မတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောက အတွက် သူမရဲ့ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ကို ဏကြီးရဲ့ "what happened to the wolf?" ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်အား ချီးမြှင့်ခဲ့တာဖြစ်ပါ တယ်”ဟု ယင်းကပြောသည်။

ပြည်သူများ၏အချစ်တော် အူဝဲ (ခေါ်) အိန္ဒြာကျော်ဇင်သည် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ထူးချွန်ဆု ရရှိခဲ့သော် လည်း ဆုပိုင်ရှင်ဖြစ်သူ ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်သည် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည်မှာ ခြောက်လနီးပါးရှိတော့မည်ဖြစ်သည်။ ယနေ့ လူမှုကွန်ရက်တခွင်တွင် အိန္ဒြာကျော်ဇင်အတွက် ဝမ်းသာဂုဏ်ယူကြောင်းနှင့် မိသားစုနှင့်အတူ အမြန်ဆုံး ဆုံဆည်းနိုင်ရန် ဆုတောင်းထားကြသည်ကိုလည်း တွေ့ရသည်။
#NPNews

Related news

© 2021. All rights reserved.