ထိန်းသိမ်းခံရသူ (၅၃ဝဝ)ကျော် ပြန်လွှတ်ပေးထားပြီး သတင်းပို့လာသူ (၇ဝဝ) ကျော်၏ အမှုများအား ပိတ်သိမ်းခဲ့ပြီးဖြစ်ဟု ဆို

2923

NP News - စက်တင်ဘာ ၂၂
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ရှစ်လတာကာလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသူများ အနက် (၅၃၁၅) ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး သတင်းပေးပို့သူ (၇ဝ၂) ဦးတို့၏ အမှုများအား ပိတ်သိမ်း/ ရုတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်က စက်တင်ဘာလ (၂၁) ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။
ယနေ့အထိ ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား (၅၃၁၅) ဦးသည် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘဲ အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြပွဲများတွင်သာ သာမန်ပါဝင်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသတ်၊ လုယက်၊ မီးရှို့မှုများ၊ အများ ပြည်သူအား အုပ်စုဖွဲ့တိုက်ခိုက်မှု၊ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများဖျက်ဆီးမှုနှင့် အခြားပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်မှုမရှိသူများအား ၎င်းတို့အပေါ် အရေးယူထားမှုများကို ဥပဒေနှင့်အညီ ပြန်လည်ဖြေလျှော့ပေး ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိမိကိုယ်တိုင်က ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများကိုယ်တိုင်မှ ဆက်သွယ်လာပါက အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိပါက ယင်းတို့အပေါ် အမှုဖွင့်ထားသည်များကိုလည်း ဥပဒေနှင့်အညီ အမှုရုတ်သိမ်းပေးခြင်း၊ ပိတ်သိမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၃ဝ) ရက်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အနေဖြင့် မြို့အသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသား (၂၂၉၆) ဦးအား ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၂ဝ) ရက်အထိ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့သေဆုံးခဲ့ရသူ ပြည်သူပေါင်း (၁၁၁၄) ဦးအထိရှိလာပြီဖြစ်ပြီး ချုပ်နှောင်ခံခဲ့ရသူ (၈၃၁၈) ဦးထိရှိခဲ့ကြောင်း နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီဘက်ကမူ ယင်းတို့အနေဖြင့် ယခုရှစ်လတာအတွင်း ဖမ်းဆီးထိန်းသိမ်းထားသူများအနက်မှ (၅၃၁၅) ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဟုဆိုသော်လည်း ကျန်ရှိသော ဖမ်းဆီးထားသူစာရင်းကို တရားဝင်ထုတ်ပြန်မရှိသေးပေ။
#NPNews