(၁ဝ)နှစ်တာ ကာလအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားပေါင်း (၁၅) သန်းခန့် ထုတ်ပေးခဲ့ပြီးဟု ဆို

 2249

NP News - စက်တင်ဘာ ၂၃
နိုင်ငံတော်အနေဖြင့် ၂ဝ၁၁ မှ ၂ဝ၂ဝ ပြည့်နှစ် အစိုးရသက်တမ်းနှစ်ခုအတွင်း နိုင်ငံသားတိုင်းရသင့်ရထိုင်သောအခွင့်အရေးဖြစ်သည့် နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ်ပြား ထုတ်ပေးခြင်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေါင်း ၁၄.၆ သန်းကျော်အထိ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြောသည်။

မိမိနေထိုင်ရာနိုင်ငံမှ နိုင်ငံသားတစ်ယောက်အဖြစ် တရားဝင်အသိအမှတ်ပြုသည့် နိုင်ငံသား စိစစ်ရေးကဒ်ပြားကို လူတိုင်းတွင် မဖြစ်မနေရှိရန် လိုအပ်ပြီး၊ သို့မှသာ နိုင်ငံတော်၏အနာဂတ်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များတွင် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်းပြောသည်။

နိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးခြင်း စီမံချက်ကို ၂ဝ၁၁- ၂ဝ၁၅ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မိုးပွင့်စီမံချက်ဖြင့် (၈.၄) သန်းထုတ်ပေးခဲ့ပြီး ၂ဝ၁၆- ၂ဝ၂ဝ ပြည့်နှစ်၊ NLD အစိုးရလက်ထက်တွင် သစ္စာတရားစီမံချက်ဖြင့် (၆.၂) သန်း ထုတ်ပေးခဲ့ကြောင်းသိရသည်။ ယခု စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်း ၂ဝ၂၁ ခုနှစ် မေလ (၃) ရက်မှစတင်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးရေး(ပန်းခင်း) စီမံချက်ဖြင့် လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသူ/ မှတ်ပုံတင်မရှိသူ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်း မရှိသူ/ မှတ်ပုံတင်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် မှတ်ပုံတင်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းမရှိသူ/ လက်ရှိနေထိုင်ရာဒေသတွင်လည်း အိမ်ထောင်စုစာရင်းရော/ မှတ်ပုံတင်ပါ မရှိသူများအတွက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

စစ်ကောင်စီက (၂ဝ၂ဝ) မဲစာရင်းရလဒ်များပြန်လည်စစ်ဆေးရာတွင် နိုင်ငံသားမှတ်ပုံတင်မရှိသူများ မဲစာရင်းတွင်ပါဝင်နေကြောင်းထုတ်ပြန်ခဲ့ပြီးနောက် အသက်ပြည့်ပြီးသူတိုင်းမှတ်ပုံတင်ရှိရေးအတွက် ပန်းခင်းစီမံချက်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ၂ဝ၂၃ သြဂုတ်လအပြီးတွင် ရွေးကောက်ပွဲကိုပြန်လည်ကျင်းပပေးသွားမည်ဖြစ် ကြောင်း အိမ်စောင့်အစိုးရဝန်ကြီးချုပ်က ပြောကြားခဲ့ဖူးသည်။
#NPNews

Related news

© 2021. All rights reserved.