အဆိုတော်အီတိုး အပါအဝင် (၆)ဦးကို တောင်ဥက္ကလာတွင် လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်

2830

NP News - စက်တင်ဘာ ၂၆
တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်တွင် လက်လုပ်မိုင်း ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အဆိုတော် ဝင်းထွဋ်သော်တာ(ခ) အီတို အပါအဝင် စုစုပေါင်း (၆) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးမှ စက်တင်ဘာလ (၂၅) ရက်က ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ (၅) ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းနှင့် ပင်းယလမ်းထိပ်၌ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကျော်ကိုလင်း (ခ) AJ (၃၄)နှစ် မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ)မာဝီ (၃ဝ)နှစ် လိုက်ပါလာသည့် CRV (အဖြူရောင်) ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်း လက်လုပ် ချိန်ကိုက်မိုင်း (၄) လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖမ်းဆီးရမိခဲ့သည့် ကျော်ကိုလင်း၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၈ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ မစိုးရိမ်လမ်း၊ အိမ်အမှတ်(၃၁-အေ) အား ဝင်ရောက်ရှာဖွေရာ ဝင်းကိုအောင်(၂၉)နှစ်၊ ထင်ကျော် (၅၇)နှစ် နှင့် အိဖြူ (၃ဝ)နှစ် တို့အား ၉ မမ ကျည် (၇) တောင့်၊ ပွိုင့်-၂၂ ကျည် (၇) တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) (၁) ခု၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ နဝဒေးလမ်း၊ အိမ်အမှတ်(၉)တွင် ဆက်စပ်တရားခံ ဝင်းထွဋ်သော်တာ(ခ) အီတိုး(၃၁)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

PDF အဖွဲ့ဝင် အလှမယ် ထားထက်ထက်၏ချိတ်ဆက်ပေးမှုဖြင့် ကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ တို့သည် KNLA တပ်မဟာ(၆)နယ်မြေတွင် ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းနှင့် မိုးကုတ်မြို့အနီးတွင် ဖွင့်လှစ်သော TNLA အဖွဲ့၏ ဖောက်ခွဲရေးသင်တန်းတို့အား တက်ရောက်ခဲ့ကြောင်း သိရသည်။
Fountain အဖွဲ့မှ ကျော်ကိုလင်း(ခ) AJ၊ စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့သည် နေရွှန်းကို(ခ) James၊ မေရီယန်၊ တိုင်ရွန် နှင့် အောင်ရဲ(ခ) ပိုးဥ တို့နှင့် စက်တင်ဘာလ ၄ ရက်တွင် Zoom Meeting ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်း မီးပွိုင့်များရှိ CCTV များအား ဖောက်ခွဲရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ TNLA အဖွဲ့ ထံတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်မည့် လူငယ် (၄) ဦးအား အီတိုးမှ ၎င်း၏ကားဖြင့် ပြင်ဦးလွင် - နောင်ချို မှတစ်ဆင့် မိုးကုတ်သွား ကားလမ်းပေါ်ရှိ ပလောင်ရွာတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းသည် မေလတွင် NUG အဖွဲ့ထံသို့ NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်မှတစ်ဆင့် အကြံပြုစာများအား Signal မှတစ်ဆင့် ပေးပို့ခဲ့ကြောင်းသိရသည်။ စိုင်းပိုင်စိုးနောင်(ခ) မာဝီသည် ဩဂုတ်လ (၂၉ ရက်မှ ၃၁) ရက်အထိ NUG မှ Online တွင် သင်ကြားပေးသည့် ဖောက်ခွဲရေးနှင့် မြို့ပြပျောက်ကြားသင်တန်းအား သင်တန်းသား (၆) ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိဖြူသည် ဧပြီလ တွင် သန်လျင်မြို့နယ်ရှိ ရှင်မွေးလွန်းကျောင်းဝန်း၌ ပြုလုပ်သည် မိုင်းထောင်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်း သိရသည်။ ထင်ကျော် သည် ABSDF တွင် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ၉ မမ ကျည် (၇)တောင့်၊ ပွိုင့်-၂၂ ကျည် (၇)တောင့် နှင့် ဖြူ(စ်)(၁) ခုတို့အား ဖမ်းဆီးရန်ကျန် ဇာနည်(ခ) စောဇာနည်အောင်ထံမှ ရယူခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ကျော်ကိုလင်း(ခ) AJ နှင့် စိုင်းပိုင်စိုးနောင်(ခ) မာဝီ တို့သည် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် မေရီယန် (ဖမ်းဆီးရန်ကျန်)၏ ချိတ်ဆက်ပေးပို့သော လက်လုပ်ချိန်ကိုက်မိုင်း(၄)လုံးအား သွားရောက်ယူဆောင်ခဲ့ကြောင်း၊ ဝင်းကိုအောင် သည် မေလ (၈) ရက်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ သာကေတမြို့နယ်၌ ဖမ်းဆီးရမိသော PDF အဖွဲ့ဝင်များဖြစ်သည့် ကိုကိုမောင်၊ နန္ဒစစ်အောင်တို့နှင့်အတူ လက်လုပ်မိုင်းများပြုလုပ်ခြင်းနှင့် သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ ရစဖရုံးအား လက်လုပ်မိုင်းဖောက်ခွဲရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews