စစ်ဆေးခံနေရသည့် Air-KBZ လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုးသေဆုံးသည့်သတင်းမှန်ကန်ကြောင်း စစ်ကောင်စီဘက်ကအတည်ပြု

 1637

NP News - အောက်တိုဘာ ၂ဝ
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဩဂုတ်လ (၁၂) ရက်က ရန်ကုန်-ဟဲဟိုးခရီးစဉ်ပျံ သန်းပြေးဆွဲမည့် Air KBZ လေကြောင်းလိုင်းမှ ATR-72 လေယာဉ်များ ၏ Pitot Tube အတွင်းသစ်ရွက်များထည့်ခဲ့သည့်ဖြစ်စဉ်နှင့် ဆက်စပ်ကာ စစ်ဆေးခံနေရသည့် AIR-KBZ မှ လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုးသေဆုံးခဲ့သည့်သတင်းမှန်ကန်ကြောင်း အောက်တိုဘာလ (၂ဝ) ရက်တွင် စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ATR-72 လေယာဉ်များ၏ Pitot Tube အတွင်း သစ်ရွက်များထည့်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က စက်တင်ဘာ လ(၂၄)ရက် ညပိုင်းကထုတ်ပြန်ခဲ့သည့် ဖမ်းဆီးရမိသည့် Air KBZ ဝန် ထမ်းငါးဦးတွင် သိန်းလင်းထိုက် (Line Maintenance Manager)၊ နန်ဆွင်းခိုင် (ခ)ခိုင်ပီး (B1 စက်ပြင်-၃ ရုံးတာဝန်)၊ နိုင်ထက်အောင် (Mechanic-3) ၊ ရာဇာဝင်းနိုင် (လေယာဉ်သန့် ရှင်းရေး) နှင့် နေမျိုးရှိုင်း (လေယာဉ်သန့်ရှင်းရေး)တို့ ပါဝင်ခဲ့သော်လည်း လေကြောင်းအင်ဂျင်နီ ယာ ကိုမင်းမင်းစိုးပါဝင်ခဲ့ခြင်းမရှိပေ။

စစ်ကောင်စီဘက်က AIR-KBZ မှ လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုးသည် အဆုပ်တီဘီရောဂါဖြင့် သေဆုံးသွားသည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာဌာနမှ ဖြေကြားချက်အရသိရှိရသည်ဟု ထုတ်ပြန်ထား သည်။

အဆိုပါ လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုး အပါအဝင် လေကြောင်းလိုင်းဝန်ထမ်းအချို့ကို Pitot Tube အတွင်း သစ်ရွက်များထည့်ခဲ့သည့်ဖြစ်စဉ်နှင့်ဆက်စပ်ကာစစ်ဆေးရန် စက်တင်ဘာလ (၁၁) ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုမင်းမင်းစိုးသည် စစ်ကြောရေးတွင်ရသည့် ဒဏ်ရာများကြောင့် အင်းစိန်ထောင်အတွင်း အောက်တိုဘာလ (၁၇) ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္က သိုလ်ကျောင်းသားသမဂ္ဂ(MAEU)ကလည်းအောက်တိုဘာလ (၁၈) ရက်တွင် ကိုမင်းမင်းစိုးသေဆုံးမှုနှင့်ပတ်သက်ပြီး အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.