YBS ကားများတွင် YPS Card အသုံးပြုမှုမကြာမီပြန်လည်စတင်မည်

 1380

NP News - အောက်တိုဘာ ၂၁
ရန်ကုန်မြို့ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်အသုံးပြုလျက်ရှိသည့် YBS ယာဉ်လိုင်းများတွင် YPS (Yangon Payment Service) Card အသုံးပြုမှုကိုမကြာမီပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှသိရသည်။

အဆိုပါ YPS Card စနစ်ကို ပြီးခဲ့သည့်အစိုးရလက်ထက်ကတည်းက အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယာဉ်လိုင်း (၄၂)လိုင်းရှိ ယာဉ်အစီးရေ (၁၅၉၇) စီးတွင် စက်များတပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။ သို့ သော် နိုင်ငံရေးအခြေအနေများကြောင့် အဆိုပါစနစ်အကောင်အထည် ဖော်မှုများနှောင့်နှေးခဲ့သည်။

“အဲ့ဒါနဲ့ပတ်သက်ပြီး ယာဉ်လိုင်းအားလုံးရယ်၊ ယာဉ်အစီးရေအားလုံးကို ပြန်လည်တပ်ဆင်နိုင်ဖို့အတွက် ပြန်လည်ဆောင်ရွက်နေပါတယ်။ မကြာမီပြန်လည်စတင်နိုင်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါမှယာဉ်စီးခပိုမိုကောက်ခံတယ်ဆိုတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာပါ” ဟု YRTC မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရောင်းချထားသည့် YPS Card (၆)သောင်းကျော်ရှိပြီး လက်ရှိအသုံးပြုနေသည့်ကတ် (၃)သောင်းကျော်သာ ရှိကြောင်း သိရသည်။ အဆိုပါကတ်ကို တစ်ကတ်လျှင် (၂ဝဝဝ) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။ ထို့ပြင် YBS ယာဉ်များ ရပ်နားနိုင်ရန် ယာဉ်ရပ်နားဝင်းတစ်ခု တည်ဆောက်ရန်စီစဉ်နေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကာ အဆင်ပြေမည့် မြေနေရာ ရှာဖွေနေကြောင်းသိရသည်။ YRTC အနေဖြင့် ရန်ကုန်မြို့ပြသယ်ယူ ပို့ဆောင်ရေးကောင်းမွန်လာခြင်းမှတဆင့် ရန်ကုန်တိုင်းဒေသကြီးအခြေပြုလူမှုစီးပွါးရေးတိုး တက်လာမှုနှင့် နိုင်ငံတိုးတက်မှုကိုဖော်ဆောင်ရေးကို ရည်မှန်းချက်ထားကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.