အင်အားပြင်းငလျင်ကြောင့် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့တွင် အနည်းဆုံး လူ(၁၃)ဦး သေဆုံး

 340

Pika (NP News) - မတ် ၂၂

အာဖဂန်နစ္စတန်နိုင်ငံတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား(၆ ဒသမ ၈) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံး လူ(၉)ဦး သေဆုံးခဲ့ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံတွင် လူ(၄)ဦး သေဆုံးကာ လူပေါင်း (၁၆ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ခြင်းကြောင့် အဆောက်အဦးများစွာ ပြိုကျခဲ့ကြောင်းလည်း သိရသည်။ ငလျင်ဗဟိုချက်သည် အာဖဂန်နစ္စတန်နိုင်ငံ Hindu Kush ဒေသတွင်ဖြစ်ပြီး မြေအောက် အနက်(၁၈ဝ) ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုဒဏ်နှင့်သက်ရောက်မှုကို အိန္ဒိယနိုင်ငံ မြို့တော်ဒေလီ အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ နေရာအများအပြားတွင်လည်း တွေ့ကြုံခဲ့ရကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံရှိ လာဟိုး၊ အစ္စလာမာဘတ်၊ ရာဝယ်လ်ပင်ဒီ၊ ကတ်တာ၊ ပီရှာဝါ၊ ကိုဟတ်၊ လတ်ကီမာဝါ၊ ဂူဂျရမ်ဝါလာ၊ ဂူဂျရတ်၊ဆီယာကို့၊ ကော့တ်မိုမင်း၊ မာ့တ်ရန်ဂျာ၊ ချာကွယ်လ် နှင့် Gilgit-Baltistan ဒေသတို့တွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံခဲ့ရကြောင်း သိရသည်။

ငလျင်လှုတ်ခတ်ခြင်းကြောင့် ထိတ်လန့်တုန်လှုပ်နေသော ပြည်သူများကို လမ်းများပေါ်သို့ ပြေးထွက်လာသည်ကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ခဲ့ရသည်။ ငလျင်လှုပ်ခတ်ခြင်းကြောင့် ပါကစ္စတန် နိုင်ငံတွင် အမျိုးသမီး(၂)ဦး အပါအဝင် အနည်းဆုံးလူ(၉)ဦး သေဆုံးခဲ့ပြီး၊ လူ(၁၆ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဆောက်အဦးများစွာလည်း ပြိုကျပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ချိန်တွင် ရာဝယ်လ်ပင်ဒီမြို့ရှိ ဈေးတစ်ခုအတွင်း လူနင်းမှုများလည်းဖြစ်ပွားခဲ့ကြောင်း Express Tribune သတင်းစာက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ် သည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲသူများကို မည်သည့်အခြေအနေများကိုမဆို ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့ ကြောင်းလည်း သိရသည်။

ငလျင်ကြောင့် ဖြစ်နိုင်ချေရှိသော ထိခိုက်သေဆုံးမှုများအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးကို အဆင်သင့် ပြင်ထားရန် ညွှန်ကြားထားကြောင်း အာဖဂန်နစ္စတန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sharafat Zaman Amerkhail က ပြောကြားခဲ့သည်။ အဆိုပါငလျင်ဒဏ်ကို ပါကစ္စတန်နှင့် အိန္ဒိယတို့အပြင် တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တရုတ် နှင့် ကာဂျစ်စတန်တို့တွင်လည်း တွေ့ကြုံခံစားခဲ့ရကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတွင် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တွင် ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံတွင် လူအသေအပျောက် အများဆုံးငလျင် သည် ၂ဝဝ၅ ခုနှစ် က လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး လူပေါင်း ၇၄ဝဝဝ ကျော် သေဆုံးခဲ့ကြောင်းသိရသည်။

Zawgyi Version;
အင္အားျပင္းငလ်င္ေၾကာင့္ အာဖဂန္နစၥတန္ ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔တြင္ အနည္းဆုံး လူ(၁၃)ဦး ေသဆုံး
Pika (NP News) - မတ္ ၂၂

အာဖဂန္နစၥတန္ႏိုင္ငံတြင္ ဗဟိုျပဳလႈပ္ခတ္ခဲ့ေသာ ျပင္းအား(၆ ဒသမ ၈) မဂၢနီက်ဳအဆင့္ရွိ ငလ်င္ေၾကာင့္ ပါကစၥတန္ႏိုင္ငံတြင္ အနည္းဆုံး လူ(၉)ဦး ေသဆုံးခဲ့ၿပီး၊ အာဖဂန္နစၥတန္ႏိုင္ငံတြင္ လူ(၄)ဦး ေသဆုံးကာ လူေပါင္း (၁၆ဝ) ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ငလ်င္လႈပ္ခတ္ျခင္းေၾကာင့္ အေဆာက္အဦးမ်ားစြာ ၿပိဳက်ခဲ့ေၾကာင္းလည္း သိရသည္။ ငလ်င္ဗဟိုခ်က္သည္ အာဖဂန္နစၥတန္ႏိုင္ငံ Hindu Kush ေဒသတြင္ျဖစ္ၿပီး ေျမေအာက္ အနက္(၁၈ဝ) ကီလိုမီတာခန႔္မွ လႈပ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ပါကစၥတန္မိုးေလဝသဌာနက ထုတ္ျပန္ခဲ့သည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈဒဏ္ႏွင့္သက္ေရာက္မႈကို အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္ေဒလီ အပါအဝင္ ႏိုင္ငံေျမာက္ပိုင္းရွိ ေနရာအမ်ားအျပားတြင္လည္း ေတြ႕ႀကဳံခဲ့ရေၾကာင္း သိရသည္။ ပါကစၥတန္ႏိုင္ငံရွိ လာဟိုး၊ အစၥလာမာဘတ္၊ ရာဝယ္လ္ပင္ဒီ၊ ကတ္တာ၊ ပီရွာဝါ၊ ကိုဟတ္၊ လတ္ကီမာဝါ၊ ဂူဂ်ရမ္ဝါလာ၊ ဂူဂ်ရတ္၊ဆီယာကို႔၊ ေကာ့တ္မိုမင္း၊ မာ့တ္ရန္ဂ်ာ၊ ခ်ာကြယ္လ္ ႏွင့္ Gilgit-Baltistan ေဒသတို႔တြင္လည္း ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံခဲ့ရေၾကာင္း သိရသည္။

ငလ်င္လႈတ္ခတ္ျခင္းေၾကာင့္ ထိတ္လန႔္တုန္လႈပ္ေနေသာ ျပည္သူမ်ားကို လမ္းမ်ားေပၚသို႔ ေျပးထြက္လာသည္ကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ေတြ႕ခဲ့ရသည္။ ငလ်င္လႈပ္ခတ္ျခင္းေၾကာင့္ ပါကစၥတန္ ႏိုင္ငံတြင္ အမ်ိဳးသမီး(၂)ဦး အပါအဝင္ အနည္းဆုံးလူ(၉)ဦး ေသဆုံးခဲ့ၿပီး၊ လူ(၁၆ဝ) ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့သလို အေဆာက္အဦးမ်ားစြာလည္း ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ငလ်င္လႈပ္ခတ္ခ်ိန္တြင္ ရာဝယ္လ္ပင္ဒီၿမိဳ႕ရွိ ေဈးတစ္ခုအတြင္း လူနင္းမႈမ်ားလည္းျဖစ္ပြားခဲ့ေၾကာင္း Express Tribune သတင္းစာက ေဖာ္ျပခဲ့သည္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွာဘတ္ဇ္ရွာရစ္ဖ္ သည္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲသူမ်ားကို မည္သည့္အေျခအေနမ်ားကိုမဆို ကိုင္တြယ္ေျဖရွင္းရန္ ၫႊန္ၾကားခဲ့ ေၾကာင္းလည္း သိရသည္။

ငလ်င္ေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိေသာ ထိခိုက္ေသဆုံးမႈမ်ားအတြက္ ေဆးဘက္ဆိုင္ရာဝန္ထမ္းအားလုံးကို အဆင္သင့္ ျပင္ထားရန္ ၫႊန္ၾကားထားေၾကာင္း အာဖဂန္နစၥတန္ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Sharafat Zaman Amerkhail က ေျပာၾကားခဲ့သည္။ အဆိုပါငလ်င္ဒဏ္ကို ပါကစၥတန္ႏွင့္ အိႏၵိယတို႔အျပင္ တာ့ခ္မင္နစၥတန္၊ ကာဇက္စတန္၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ကစၥတန္၊ တ႐ုတ္ ႏွင့္ ကာဂ်စ္စတန္တို႔တြင္လည္း ေတြ႕ႀကဳံခံစားခဲ့ရေၾကာင္း သိရသည္။

၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလတြင္ ပါကစၥတန္ႏိုင္ငံ အစၥလာမာဘတ္ၿမိဳ႕တြင္ ျပင္းအား(၆ ဒသမ ၃) မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။ ပါကစၥတန္ႏိုင္ငံတြင္ လူအေသအေပ်ာက္ အမ်ားဆုံးငလ်င္ သည္ ၂ဝဝ၅ ခုႏွစ္ က လႈပ္ခတ္ခဲ့သည့္ ငလ်င္ျဖစ္ၿပီး လူေပါင္း ၇၄ဝဝဝ ေက်ာ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.