မြန်မာမှ တရုတ်သို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့နေသည့် ကုမ္ပဏီများထဲမှ အစောင်ရေ(၁၈ဝဝ) ကျော် ကို GACC မှတ်ပုံတင်ခွင့်ပြု

698

ယွန်း (NP News) - ဇွန် ၃
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့နေသည့် ကုမ္ပဏီများထဲမှ အစောင်ရေ (၁၈ဝဝ) ကျော်ကို GACC မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC ရုံးလုပ်ငန်းအဖွဲ့မှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ မေလ(၂၆)ရက်အထိ စိုက်ပျိုးရေးဦးစီးဌာန ကုမ္ပဏီ (၁၁၅၅)ခုမှ အစောင်ရေ (၂၁၉၄)စောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှတ်ပုံတင်ရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်း အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) အောက်ရှိ Department of Animal and plant Quarantine ဌာနမှ ကုန်စည်အုပ်စု(၇)မျိုးကို တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစားသောက်ကုန်စည်အုပ်စု(၇)မျိုးတွင် ကော်ဖီစေ့နှင့် ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ ပဲမျိုးစုံ၊ ဆီထွက်အပင်များနှင့် တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၎င်းကုန်စည်များအတွက် မှတ်ပုံတင်စနစ်ကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
အထက်ပါကုန်စည်များအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီလုပ်ငန်းများမှ ကိုင်တိုင် ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အဆိုပါ လျှောက်ထားမှုများကို သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိများမှ ဆောင်ရွက်နိုင်ပြီး စာ(သို့မဟုတ်) Email ဖြင့်သာ [email protected] သို့ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မြန်မာနိုင်ငံရှိ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတဆင့် ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့သို့ လျှောက်ထားမှုများကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ မေလ(၂၄)ရက်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ GACC တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စု အပါအဝင် စုစုပေါင်းအစောင်ရေ(၁၈၅၄)စောင်ကို မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။