အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ပြီးနောက် စိတ်အေးအေးထားဖြေရှင်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

 5387

Pika (NP News) - ဧပြီ ၂ဝ

အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ စိတ်အေးအေးထားပြီး ဖြေရှင်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။

အီရန်နိုင်ငံ အလယ်ပိုင်းပြည်နယ်တစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုမျိုးတောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဘက်က လူသိရှင်ကြားမှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အစ္စရေးဘက် အသုံးပြုခဲ့တဲ့ မိုက်ခရိုဒရုန်းတွေကြောင့် လူသေဆုံးတာမျိုး ဒါမှမဟုတ် ထိခိုက်ပျက်စီးတာမျိုးမရှိခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ကပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အရှေ့အလယ်ပိုင်းဒေသမှာ ရန်လိုမှုတွေ ပိုမိုများပြားလာတာကြောင့် ရေနံ၊ရွှေနဲ့ရှယ်ယာ ဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တစ်ပတ်ခန့်က အီရန်က အစ္စရေးကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အစ္စရေးဘက်က သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်လွှတ်တော် အကြီးတန်းသတင်းရင်းမြစ်တစ်ခုက အေဖက်ပီသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက် အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဲဒီသတင်းရင်းမြစ်က ငြင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။

အစ္စရေးဟာ အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ဧပြီလ(၁၉)ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်အနေ အထားနဲ့ ပြင်ဆင်ထားခဲ့ရတယ်လို့လည်း အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။အဲဒီလက်တုံ့ပြန်တိုက်ခိုက်မှုက အစ္စရေးဟာ အီရန်နိုင်ငံတွင်းအထိကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကို ပြသဖို့ရည်ရွယ်ထားတယ်လို့လည်း အမည်မသိအစ္စရေးအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

zawgyi version
အစၥေရးက အီရန္ကို လက္တုံ႔ျပန္တိုက္ခိုက္ၿပီးေနာက္ စိတ္ေအးေအးထားေျဖရွင္းၾကဖို႔ ကမာၻ႔ေခါင္းေဆာင္မ်ား ေတာင္းဆို
Pika (NP News) - ဧၿပီ ၂ဝ

အစၥေရးက အီရန္ကို လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ စိတ္ေအးေအးထားၿပီး ေျဖရွင္းၾကဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြက ေတာင္းဆိုခဲ့ပါတယ္။

အီရန္ႏိုင္ငံ အလယ္ပိုင္းျပည္နယ္တစ္ခုမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့တယ္လို႔ အီရန္မီဒီယာေတြက ေဖာ္ျပခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အခုလိုမ်ိဳးေတာင္းဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အစၥေရးဘက္က လူသိရွင္ၾကားမွတ္ခ်က္ေပးတာမ်ိဳးေတာ့ မရွိေသးပါဘူး။ လက္တုံ႔ျပန္တိုက္ခိုက္မႈအတြင္း အစၥေရးဘက္ အသုံးျပဳခဲ့တဲ့ မိုက္ခ႐ိုဒ႐ုန္းေတြေၾကာင့္ လူေသဆုံးတာမ်ိဳး ဒါမွမဟုတ္ ထိခိုက္ပ်က္စီးတာမ်ိဳးမရွိခဲ့ဘူးလို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Hossein Amir-Abdollahian ကေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အေရွ႕အလယ္ပိုင္းေဒသမွာ ရန္လိုမႈေတြ ပိုမိုမ်ားျပားလာတာေၾကာင့္ ေရနံ၊ေ႐ႊနဲ႔ရွယ္ယာ ေဈးႏႈန္းေတြ ထိုးတက္ခဲ့ၿပီး ကမာၻ႔ေဈးကြက္ကို မတည္မၿငိမ္ျဖစ္ေစခဲ့တယ္လို႔လည္း သိရပါတယ္။ လြန္ခဲ့တဲ့ သီတင္းပတ္တစ္ပတ္ခန႔္က အီရန္က အစၥေရးကို ရာနဲ႔ခ်ီတဲ့ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ပစ္ခတ္တိုက္ခိုက္ၿပီးတဲ့ေနာက္မွာေတာ့ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အစၥေရးဘက္က သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးက အီရန္ကို လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္လႊတ္ေတာ္ အႀကီးတန္းသတင္းရင္းျမစ္တစ္ခုက ေအဖက္ပီသတင္းဌာနကိုေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း အစၥေရးရဲ႕တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္ အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔ အဲဒီသတင္းရင္းျမစ္က ျငင္းဆိုခဲ့တယ္လို႔လည္းသိရပါတယ္။

အစၥေရးဟာ အီရန္အေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ဧၿပီလ(၁၉)ရက္ေန႔က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အီရန္ႏိုင္ငံတစ္ဝွမ္းမွာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို အသင့္အေန အထားနဲ႔ ျပင္ဆင္ထားခဲ့ရတယ္လို႔လည္း အီရန္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။အဲဒီလက္တုံ႔ျပန္တိုက္ခိုက္မႈက အစၥေရးဟာ အီရန္ႏိုင္ငံတြင္းအထိကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိတယ္ဆိုတဲ့အခ်က္ကို ျပသဖို႔ရည္႐ြယ္ထားတယ္လို႔လည္း အမည္မသိအစၥေရးအရာရွိတစ္ဦးက ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.