အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
382
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အခွန်တိမ်းရှောင်မှု၊ လက်နက်တွေနဲ့ စွဲချက်တင်ခံရပြီး ပြစ်ဒဏ်ရင်ဆိုင်ခံရဖွယ်ရှိနေတဲ့ သားအကြီးဆုံးဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမတိုင်ခင် နဲ့ သမ္မတရွေးကောက်ပွဲပြီးချိန်တုန်းက သားဖြစ်သူရဲ့ အမှုကိစ္စကို ကြားဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာ
သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတရာထူးက အနားယူဖို့ လပိုင်းအလိုသာကျန်ရှိပြီး လာမယ့်ဇန်နဝါရီလအတွင်းမှာ သမ္မတရာထူးကနေအပြီးတိုင် အနားယူရဖွယ်ရှိနေပါတယ်။
ဂျိုးဘိုင်ဒန်က "ကျွန်တော်ဟာ ဒီနေ့မှာ သားဖြစ်သူ ဟန်တာဘိုင်ဒန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရေးထိုးလိုက်တယ်။ ခြွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပုံစံပါ"လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့လုပ်ရပ်ကို တရားဝင်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုရသေးတဲ့ ဒေါ်နယ်ထရမ့်လည်း လက်ရှိအချိန်မှာ တားမြစ်ပိုင်ခွင့်မရှိသေးကြောင်းသိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အများပြည်သူကိုပေးခဲ့တဲ့ ၎င်းရဲ့ကတိကို ငြင်းဆန်ပယ်ချလိုက်တာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရပြီးနောက် ဂျိုးဘိုင်ဒန်က သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ဟန်တာဘိုင်ဒန်ကို ရာဇဝတ်မှုများနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့်ရှိမှာမဟုတ်ကြောင်း သိရပါတယ်။