ရှမ်းမြောက်ဒေသရှိ လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုမှ လူမျိုးရေးဖိနှိပ်မှုများအထိဖြစ်လာ

 553

သန့်စင် (NP News) - မတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များအကြားနယ်မြေအငြင်းပွားမှုမှ လူမျိုးရေးဖိနှိပ်မှု များအထိဖြစ်လာကြောင်း ဒေသခံများက NP News သို့ပြောသည်။
ယခုနောက်ပိုင်း ရှမ်းမြောက်နယ်မြေအငြင်းပွားမှုများအတွင်း အဆိုးရွားဆုံးအဖြစ် ပြီးခဲ့သည့် မတ်လ (၅)ရက်က ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းတွင် ရွှေတူး ခြင်းကြောင့် အချင်းများရာမှ MNDAA ၏ ပစ်ခတ်မှုကြောင့် KIA နှစ်ဦးအပါအဝင် ဒေသခံ(၄)ဦးသေဆုံး ခဲ့ရကြောင်း သိရသည်။
“MNDAA က ပစ်ခတ်လိုက်လို့ အရပ်သားဆုံး သွားတယ်ပေါ့။ အဲဒီမှာ KIA နှစ်ယောက်လည်းပါ တယ်ပေါ့။ နောင်ချိုနဲ့သီပေါအနားမှာလည်း အရင်က ပစ်ခတ်လို့ဆုံးသွားတာမျိုးတွေရှိတယ်။ အဲဒီတုန်း ကလည်း အရပ်သားဆုံးတာရှိတယ်။ ဒီနောက်ပိုင်းမှာတော့ နယ်မြေအငြင်းပွားမှုဆိုတာထက် လက်နက် ကိုင်အငြင်းပွားမှုတွေကနေ ပစ်ခတ်တာတွေအဲဒီလိုမျိုးတွေရှိလာတယ်။ နောက်ပိုင်းမှာ တစ်နေ့တစ်နေ့ ပိုပြီးဆိုးလာတာပေါ့။ ကွတ်ခိုင်ဆိုတာလည်း ရှမ်းမြောက်ဒေသပါ”ဟု ၎င်းက ပြောသည်။ ထို့ကြောင့် ရှမ်း ပြည်နယ်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအငြင်းပွားမှုများသည် တစ်စထက်တစ်စပိုမို ဆိုးရွားလာပြီး ဒေသခံသေဆုံးမှုများအထိပင်ဖြစ်ပေါ်လာပြီဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“အဲဒီကိစ္စဖြစ်ပြီး ကွတ်ခိုင်မှာ ဆန္ဒပြကြတယ်။ ပြောရမယ်ဆိုရင် ဒါကတစ်ဖက်ကလက်နက်ကိုင် အဖွဲ့ကလည်းမြှောက်ပေးတယ်ပေါ့လေ။ မြှောက်ပေး ရင်းကနေဖြစ်ကြတာပါ။ ကြားထဲကနေပြည်သူက ဓားစားခံဖြစ်တာပေါ့။ ကွတ်ခိုင်တွေရဲ့အမာခံက KIA ကွတ်ခိုင်ရဲ့ပြည်သူလူထုက ကချင်များတာကိုး။ အဲဒီတော့ KIA က MNDAA နဲ့ ပြဿနာဖြစ်တာပေါ့လေ။ ကွတ်ခိုင်က တိုင်းရင်းသားလူမျိုးတော်တော် များနေတဲ့နေရာဖြစ်တာကိုး။ အခုနောက်ပိုင်းမှာ လူကြီးတွေ တွေ့ဆုံပေမယ့် မအောင်မြင်ဘူး”ဟု အ ထက်ပါဒေသခံက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းကလည်း နမ့်ဖတ်ကာ၊ မုံးဝီး၊ နမ့်အွန်၊ ပန်ခါးလေး ဒေသများဘက်တွင် KIA နှင့် TNLA တို့ နယ်မြေအငြင်းပွား ရာမှ အပြန်အလှန်ထိုးကြိတ်မှုဖြစ်ပွားခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလအတွင်းကလည်း ရှမ်းပြည် နယ်မြောက်ပိုင်း KIA တောင်ပိုင်း တိုင်းစစ် ဌာန ချုပ်၊ တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၃၄) နယ်မြေတွင် TNLA က KIO ၏ တိုက်နယ်ရုံး (၂)ရုံး၊ ဂိတ်စခန်း(၄)ခုနှင့် ပြည်သူ့စစ် MHH စခန်းတို့ကို အင်အားအလုံးအရင်းအသုံးပြုကာ သိမ်းယူထားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ(၂၇)ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် မန်မောက်ကျေးရွာတွင် ရောက်ရှိနေသည့် KIA အဖွဲ့ဝင် (၁၆၀)ကျော်ကို မန်တုံနှင့်ဟိုမိန်းဘက်မှ အင်အားအလုံးအရင်းဖြင့် တက်လာသော TNLA အဖွဲ့မှ အင်အား(၄၀ဝ) ခန့် က ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင် (၁၂)ဦး ဒဏ်ရာပြင်းထန်ခဲ့ ကြောင်း သိရသည်။ ထို့ ကြောင့် ရှမ်းမြောက်ဒေသရှိ နယ်မြေအငြင်းပွားမှုများသည် ယခုအခါတွင် လူမျိုးရေးအရ ဖိနှိပ်ခြင်းများအထိဆိုးရွားလာကြောင်းလည်း ၎င်းကဆိုသည်။
“ပိုဆိုးလာတဲ့အခြေအနေဖြစ်လာတာပေါ့။ ဒီကိစ္စက အမြစ်တွယ်နေတဲ့ကိစ္စမှာ အမုန်းတရားတွေ ရှိနေတာ ပေါ့လေ။ ရှမ်းမြောက်အခြေအနေကို ပိုပြီးသုံးသပ်ရမယ်ဆိုရင် လူမျိုးရေးအရပြဿနာတွေရှိနေ တယ်”ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ရှမ်းမြောက်ဒေသတွင် KIA နဲ့ MNDAA ၊ TNLA လက်နက်ကိုင်(၃)သုံးဖွဲ့သည် ပတ်လည်နယ်မြေ အငြင်းပွားမှု များရှိနေသည့်အတွက် ဇတ်ရှိန်မြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

Related news

© 2021. All rights reserved.