ရုရှားနှင့် နယ်မြေပြဿနာများကိုဆွေးနွေးရန် ယူကရိန်းဘက်က အဆင်သင့်ရှိနေကြောင်း ဂျာမနီပြော

 353

Pika (NP News) - သြဂုတ် ၁၆
ရုရှားနိုင်ငံနှင့် နယ်မြေပြဿနာများဆွေးနွေးရန် ယူကရိန်းက အဆင်သင့်ရှိကြောင်း ဂျာမန်အဓိပတိ ဖရက်ဒရစ်မာ့ဇ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဥရောပခေါင်းဆောင်များပါဝင်သည့် ဆွေးနွေးပွဲအပြီးတွင် ဖရက်ဒရစ်မာ့ဇ်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျာမနီ၊ ဖင်လန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ပိုလန်နှင့် ဥရောပသမဂ္ဂတို့အပြင် ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ပါဝင်သည့် အဆိုပါအစည်းအဝေးသည် ဒေါ်နယ်ထရမ့်နှင့် ပူတင်ကြားလုပ်ဆောင်မည့် လာမည့်ထိပ်သီးအစည်းအဝေးကို အာရုံစိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥရောပတွင်ရှိသော ယူကရိန်း၏ကျောထောက်နောက်ခံနိုင်ငံများသည် ယူကရိန်း၏ လုံခြုံရေးအကျိုးစီးပွား ကို သေချာစေရန်အတွက် ကတိပြုထားကြောင်း ဖရက်ဒရစ်မာ့ဇ်က ထပ်မံပြောကြားခဲ့သည်။ ဖရက်ဒရစ်မာ့ဇ် က “နယ်မြေပြဿနာတွေကိုဆွေးနွေးဖို့ ယူကရိန်းဘက်က ဆန္ဒရှိပါတယ်။ ပြီးတော့ ရုရှားနဲ့ဒေသအသစ်တွေကို အနောက်အုပ်စုနိုင်ငံတွေရဲ့တရားဝင်အသိအမှတ်ပြုမှုဟာ ငြင်းခုံစရာကိစ္စတစ်ခု မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။
သို့သော်လည်း ရုရှားနိုင်ငံအပေါ် ပိုင်နက်နယ်မြေလိုက်လျောမှုတွင် ယူကရိန်း၏ရပ်တည်ချက်မှာ မပြောင်းလဲပဲ ဆက်ရှိနေမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောဆိုခဲ့သည်။ ထို့ပြင် ရန်လိုမှုများကို အဆုံးသတ်ရန် အတွက် သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် လမ်းဖွင့်ထားကြောင်း ရုရှားဘက် က အကြိမ်ကြိမ်ပြောဆိုခဲ့သလို မည်သည့်သဘောတူညီချက်တွင်မဆို ပဋိပက္ခ၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်နှင့် မြေပြင်အခြေအနေများကို အသိအမှတ်ပြုရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Related news

© 2021. All rights reserved.