တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းငယ် နောင်ဖ ကြောင့် မြန်မာနိုင်ငံအတွင်း မိုးကြီးနိုင်သည့် ဒေသများကို မိုးဇလ သတိပေး

 872

NP News - ဩဂုတ် ၃ဝ
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် နောင်ဖ ကြောင့် မြန်မာနိုင်ငံအတွင်း မိုးကြီးနိုင်သည့် ဒေသများကို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃၀ ရက်မှာ သတိပေးကြေငြာထားသည်။
အဆိုပါ အပူပိုင်းမုန်တိုင်း “နောင်ဖ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ နောက် ၉ နာရီအတွင်း ဗီယက်နမ်နိုင်ငံကမ်းခြေကို ဗင့်မြို့နှင့် ဒါနန်းမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံပေါ်သို့ရောက်ရှိကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
မိုးလေဝသ သတိပေးနှိုးဆော်ချက်တွင် အပူပိုင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့်နေပြည်တော် ၊ ရန်ကုန်တိုင်း ၊ မန္တလေး တိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ‌အောက်ပိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းသိရသည်။

မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

မိုးဇလမှ အကြံပြုအရ အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း ၊ မိုးထစ်ချုန်းခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လျှပ်စီးလက်ခြင်း ၊ မိုးသီးကြွေခြင်း ၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်သောကြောင့် အထက်ပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ၊ မြစ်ငယ် ၊ ချောင်းငယ်တွေ အနီးတွင် နေထိုင်ကြသူတွေ အနေဖြင့် ရေကြီး ၊ ရေလျှံတာမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံတွေ အနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

Zawgyi Version:
NP News - ဩဂုတ် ၃ဝ



Related news

© 2021. All rights reserved.