ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက တင်သွင်းမှုလျော့နည်းစေကာ ဆေးလိုအပ်ချိန်တွင် အချိန်မီပံ့ပိုးပေးနိုင်

 279

စော (NP News) - အောက်တိုဘာ ၂၄
ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှု လျော့နည်းစေကာ ဆေးလိုအပ်ချိန်တွင် အချိန်မီပံ့ပိုးပေးနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) က ပြည်ထောင်စုနယ်မြေ နေပြည်တော် ရုံးအမှတ် (၃၆) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းရမှုလျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။
ထို့ပြင် ခွေးရူးရောဂါကာကွယ်ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ကာကွယ်ဆေးထုတ်လုပ်ရာ၌ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ခွေးရူးရောဂါသည် လူနှင့် တိရစ္ဆာန် နှစ်ဖက်လုံးအတွက် အလွန်အန္တရာယ်ရှိ၍ WHO အစီရင်ခံစာအရ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၅၉၀၀၀ ခန့် အသက်ဆုံးရှုံးနေပြီး ၉၉ ရာခိုင်နှုန်မှာ ခွေးများမှ ကူးစက်ကြောင်း သိရသည်။
အဆိုပါခွေးရူးရောဂါကာကွယ်ဆေးကို ၁၉၅၆ ခုနှစ်မှစတင်၍ P.V. 10 strain ဗိုင်းရပ်စ်အမျိုးအစားကို သိုး၏ ဦးနှောက်တွင် ထိုးနှံ၍ ပွားများစေပြီး အားပျော့စေကာ ကြက်ဥသန္ဓေသားတွင် အားဖျော့ထားသော ဗိုင်းရပ်စ်အမျိုးအစား Flury, Low Egg Passage Strain ကိုပေါက်ပွားစေပြီး သန္ဓေသားလောင်းကို အမှုန့်ကြိတ်၍ အခြောက်ခံထားသောဆေးကို အသုံးပြုခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်လုပ်ရာတွင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါကြောင်း သိရသည်။

Related news

© 2021. All rights reserved.