အိန္ဒိယဆရာဝန်တို့သည် တိုင်းပြည်၏ ယုံကြည်မှုနဲ့ သြဇာအကြီးဆုံး ပို့ကုန်များဖြစ်လာ (အတွေးအမြင် ဆောင်းပါး)

 396

Htay Oung (NP News) - ဖေဖော်ဝါရီ ၉

အနောက်တိုင်းသားတွေရဲ့ အိန္ဒိယနိုင်ငံအပေါ် အမြင်ကို ပုံဖော်ရာမှာ အိန္ဒိယဆရာဝန်တွေဟာ ဘာအသံမှ တစ် ချက်လေး မထွက်ခဲ့ပဲ သြဇာကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့နှစ်ပေါင်း ၇၀ ကျော်ကာလအ တွင်း ဗြိတိသျှနဲ့ အမေရိကန်လူနာအများအပြားကို ကုသပေးခဲ့ကြသူများဟာ အိန္ဒိယဆရာဝန်တွေဖြစ်နေပြီး အ ထူးသဖြင့် ဆင်းရဲသားရပ်ကွက်တွေ၊ ကျေးလက်ပိုင်းမြို့ငယ်လေးတွေနဲ့ ဒေသခံဆရာဝန်တွေ အလုပ်မလုပ် ချင်ကြတဲ့ အန္တရာယ်မကင်း-ခက်ခဲတဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်တွေမှာ ကုသပေးခဲ့တယ်လို့ “စကရိုးလ်” (7 February 20026) မှာ ပထဝီနိုင်ငံရေးလေ့လာသူဘော်ဘီဂို့ရှ်က ရေးပါတယ်။
၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံရဲ့အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကို ဆက်လက်လည်ပတ်နိုင်အောင် ကူညီပေးခဲ့သူတွေဟာ အိန္ဒိယဆရာဝန်တွေဖြစ်နေပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ NHS (ခေါ်) ဗြိတိန် အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာန ဆရာဝန်အများစုဟာ အိန္ဒိယတိုက်ငယ် ဇာတိဖွားများဖြစ်ပါတယ်။
အမေရိကန်မှာ အိန္ဒိယဆေးပညာဘွဲ့ရတွေဟာ ကျေးလက်ဆေးရုံတွေနဲ့ အခြေခံကျန်းမာစောင့်ရှောက်မှုတွေမှာ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးသူများဖြစ်ပြီး နိုင်ငံရပ်ခြားမှာ လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်များအ နက် အရေအတွက် အများဆုံးအဖွဲ့ဖြစ်လာခဲ့ပါတယ်။
ဒီလို ရှည်လျားတဲ့ စောင့်ရှောက်မှု သမိုင်းကြောင်းဟာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုသက်သက်ထက် ပိုမို တန် ဖိုးရှိတဲ့ “ယုံကြည်မှု” ကို ဖန်တီးပေးခဲ့ပါတယ်။ အိန္ဒိယဆရာဝန်တွေအပေါ် မှီခိုအားထားရတဲ့ လူနာတွေဟာ အိန္ဒိ ယနိုင်ငံကို ကျွမ်းကျင်မှု-ယုံကြည်စိတ်ချရမှု-ပရော်ဖက်ရှင်နယ်ဆန်မှုတွေနဲ့ဆက်စပ်လာကြပါတယ်။ ဒါဟာ အိန္ဒိယရဲ့ ဆင်းရဲပြီး ခေတ်နောက်ကျနေတဲ့ပုံစံဟောင်းတွေကို ပြောင်းလဲစေခဲ့ပါတယ်။ အိန္ဒိယဆရာဝန်တွေဟာ ဆယ်စုနှစ်များစွာတည်ဆောက်ခဲ့တဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံမှုတွေကတစ်ဆင့် အဲဒီပုံရိပ်ကို ပြန်လည်ရေးသားဖို့ ကူညီပေးခဲ့ပါတယ်။
အဲဒီယုံကြည်မှုဟာ ခုနောက်ပိုင်းမှာ အိန္ဒိယအင်ဂျင်နီယာတွေ- နည်းပညာလုပ်သားတွေကို အနောက်နိုင်ငံတွေ မှာ အောင်မြင်အောင်ကူညီပေးခဲ့ပါတယ်။ IT နည်းပညာထွန်းကားလာမှု၊ ၁၉၉၉ ခုနှစ် နောက်ပိုင်း ကွန်ပျူတာ စနစ် Y2K အကျပ်အတည်းကာလများအတွင်း အိန္ဒိယလူမျိုးများကို အရည်အချင်းရှိပြီး ယုံကြည်စိတ်ချရသူများ အဖြစ် ရှု့မြင်ခံခဲ့ရစေပါတယ်။ ဒီအတွက် ကွန်ပျူတာ နည်းပညာ နယ်ပယ်မှာ အိန္ဒိယပရိုဂရမ်မာများဟာ ကြိုဆို ရမယ့်သူများဖြစ်လာခဲ့တယ်။ အဲဒီလမ်းကြောင်းဟာ ယခုနောက်ဆုံးမှာ အိန္ဒိယနွယ်ဖွား CEO အမှုဆောင်အရာ ရှိချုပ်တွေက နိုင်ငံတကာ အဓိကကုမ္ပဏီကြီးများကို ဦးဆောင်ကြဖို့ ဖြစ်လာပါတယ်။
ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့မှာ ဗီဇာစည်းမျဉ်းတွေ ပိုမိုတင်းကြပ်လိုက်ထာကြောင့် အိန္ဒိယ ဆရာဝန်များ လာရောက်မှု လျော့ကျနေပါတယ်။ အိန္ဒိယဆရာဝန်တွေ ယုတ်လျော့သွားသည်နဲ့အမျှ အဲဒီနှစ် နိုင်ငံစလုံးရဲ့ ဆေးဘက်ဆိုင်ရာကဏ္ဍမှာ လုပ်သားအင်အား ဆုံးရှုံးဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါတင်သာမက အိန္ဒိယအတွက်လည်း ကမ္ဘာတစ်ဝှမ်းရှိ အိန္ဒိယအပေါ် လေးစားမှုနဲ့ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူပြုု ထူးခြားပါဝါအပျော့ရင်းအမြစ်ကိုပါ ဆုံးရှုံးနိုင်ခြေရှိပါတယ်။
အသက်မွေးအရ ကျွန်တော့်အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာအရပ်ရပ် လှည့်လည်သွားလာခဲ့ရာ အိမ်နီးချင်း ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့တရုတ်လည်း ပါဝင်ပါတယ်။ မီဒီယာသမားတစ်ယောက်အနေနဲ့ ဧည့်သည်ဖြစ်လျင် ပြတိုက်နဲ့ ဗိမာန်များကို လိုက်ပို့ကြမှာဖြစ်ပေမယ့် လှေထိုးသားတစ်ယောက်ကိုတော့ ဘယ်သူမှ ဂရုမစိုက် အရက်ဆိုင်နဲ့ ဖျာတန်းလောက်သာ လမ်းညွှန်ချင်ကြပါတယ်။ ဒ့ါကြောင့် ကျွန်တော့်အနေဲ့အပေါ်ယံ ပေါ်လစီစကားများ မကြားရပဲ သူတို့သာမန်လူတန်းစားရဲ့ဘဝဖြစ်တည်မှုနဲ့စိတ်နေသဘောထားကို ပကတိအမှန်အတိုင်း သိမြင်ခွင့်ရရှိခဲ့ပါတယ်။
၁၉၉၀-ပြည့်လွန်နှစ်များမှာ အိန္ဒိယရော တရုတ်ပါ ဈေးကွက်စီးပွားရေးစနစ် တစ်ပြိုင်တည်း ကူးပြောင်းခဲ့ကြ ပါတယ်။ မိမိတို့တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ထူထောင်ကြရာမှာ အိန္ဒိယက အိုင်တီနည်းပညာနဲ့ ဝန်ဆောင်မှု အသားပေး၊ တရုတ်က စက်မှုလက်မှုနဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို ဖြည့်ဆည်းနိုင်မယ့် ပညာရေးစနစ်ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ် ၃၀ ခန့်အကြာ နှစ်နိုင်ငံစလုံးမှ မျိုးဆက်သစ်တွေရဲ့အသက်မွေးမှု ကျင်လည်ရာ ပတ်ဝန်းကျင်ဟာ အကြီးအကျယ်ခြားနားကြောင်း၊ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးယှဉ်ပြိုင်ရာမှာ အိန္ဒိယရဲ့ဂျီဒီပီဟာ တရုတ်ထက် ၅ ဆခန့် လျော့နည်းပြီး ပြည်ပကုန်တင်ပို့နိုင်မှုမှာ အများကြီး ပြတ်ကျန်ခဲ့ ကြောင်း တွေ့ရှိရတယ်။
အဲ့ဒီလို ဖြစ်ရတာ အိန္ဒိယရဲ့ပညာရေး ရည်မှန်းချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ၊ တိုင်းပြည်ရဲ့စီးပွားရေးဇုန်-လမ်းပန်းဆက်သွယ်ရေး-လျှပ်စစ်ဓါတ်အား-ဆိပ်ကမ်းအခြေခံများ တည်ဆောက်ရာမှာ တစ်ပါတီဗဟိုဦးစီးစနစ်တရုတ်က အလွန်မြန်ဆန်ပြီး ဒီမိုကရေစီဖက်ဒရယ်စနစ် အိန္ဒိယမှာ အလွန်နှေးကွေးပါတယ်။
(မြန်မာ မှာ ဆိုလျင် ဒဏ္ဍာရီဆန်ဆန် ပါးစပ်စကားများနဲ့ လမ်းပေါ်ထွက် ကန့်ကွက်သူများကို ထည့်စဉ်းစားနေရ) တရုတ်အစိုးရက မြေယာစီမံခန့်ခွဲမှု-ငွေကြေး-အခွန်လျော့ပေါ့မှုတိုကို ပိုပြီး အာရုံစိုက်နိုင်ခဲ့ပါတယ်။ ရလာဒ်မှာ ၂၀၂၅-ခုနှစ် စာသင်ကာလ ပြီးဆုံးသွားတဲ့ တရုတ်လူငယ်တစ်ယောက်အတွက် ပြည်တွင်းအလုပ်အကိုင်များက အသင့်ကြိုဆိုနေပြီး၊ အိန္ဒိယမှာတော့ ပြည်ပအလုပ်အကိုင်အခြေအနေကောင်းမွန်မှုအပေါ် မူတည်နေကြောင်း ယခု ဆောင်းပါးက ဝန်ခံနေပါတယ်။
၂၀၂၅-ခုနှစ် မြန်မာ့ရွေးကောက်ပွဲအလွန် မကြာမီ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရသစ်တို့ဟာ အလယ်တန်း-အထက်တန်းပညာရေးစနစ်မှာ တိုင်းပြည်အခြေအနေနဲ့ ဆီလျော်အသုံးဝင်မယ့် ဘာသာရပ်များ ထည့်သွင်းရန် ပြင်ဆင်နေကြောင်း တွေ့မြင်နေရပါတယ်။
ဒီနေရာမှာ ဒီမိုကရေစီကို နှစ်သက်အားပေးသော်လည်း “တိုင်းပြည်အကျိုးရှိလျင် ဘာမဆိုလုပ်ရဲ” တဲ့ တောင်ကိုရီးယား ပတ်ချွန်ဟီးလို ခေါင်းဆောင်များ ထွက်ပေါ်လာခဲ့ရင် မဝေးတဲ့တစ်နေ့မှာ မြန်မာဟာ တောင်ကိုရီးယားလို အာရှကျားတစ်ကောင်ဖြစ်လာနိုင်ပါတယ်။

Zawgyi Version;
အိႏၵိယဆရာဝန္တို႔သည္ တိုင္းျပည္၏ ယုံၾကည္မႈနဲ႔ ၾသဇာအႀကီးဆုံး ပို႔ကုန္မ်ားျဖစ္လာ (အေတြးအျမင္ ေဆာင္းပါး)
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၉
အေနာက္တိုင္းသားေတြရဲ႕ အိႏၵိယႏိုင္ငံအေပၚ အျမင္ကို ပုံေဖာ္ရာမွာ အိႏၵိယဆရာဝန္ေတြဟာ ဘာအသံမွ တစ္ ခ်က္ေလး မထြက္ခဲ့ပဲ ၾသဇာႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့ႏွစ္ေပါင္း ၇၀ ေက်ာ္ကာလအ တြင္း ၿဗိတိသွ်နဲ႔ အေမရိကန္လူနာအမ်ားအျပားကို ကုသေပးခဲ့ၾကသူမ်ားဟာ အိႏၵိယဆရာဝန္ေတြျဖစ္ေနၿပီး အ ထူးသျဖင့္ ဆင္းရဲသားရပ္ကြက္ေတြ၊ ေက်းလက္ပိုင္းၿမိဳ႕ငယ္ေလးေတြနဲ႔ ေဒသခံဆရာဝန္ေတြ အလုပ္မလုပ္ ခ်င္ၾကတဲ့ အႏၲရာယ္မကင္း-ခက္ခဲတဲ့ ေဆးဘက္ဆိုင္ရာနယ္ပယ္ေတြမွာ ကုသေပးခဲ့တယ္လို႔ “စက႐ိုးလ္” (7 February 20026) မွာ ပထဝီႏိုင္ငံေရးေလ့လာသူေဘာ္ဘီဂို႔ရွ္က ေရးပါတယ္။
၁၉၆၀ ျပည့္ႏွစ္ေနာက္ပိုင္း ၿဗိတိန္ႏိုင္ငံရဲ႕အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈကို ဆက္လက္လည္ပတ္ႏိုင္ေအာင္ ကူညီေပးခဲ့သူေတြဟာ အိႏၵိယဆရာဝန္ေတြျဖစ္ေနပါတယ္။ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာေတာ့ NHS (ေခၚ) ၿဗိတိန္ အမ်ိဳးသား က်န္းမာေရးဝန္ေဆာင္မႈ႒ာန ဆရာဝန္အမ်ားစုဟာ အိႏၵိယတိုက္ငယ္ ဇာတိဖြားမ်ားျဖစ္ပါတယ္။
အေမရိကန္မွာ အိႏၵိယေဆးပညာဘြဲ႕ရေတြဟာ ေက်းလက္ေဆး႐ုံေတြနဲ႔ အေျခခံက်န္းမာေစာင့္ေရွာက္မႈေတြမွာ လိုအပ္ခ်က္မွန္သမွ် ျဖည့္ဆည္းေပးသူမ်ားျဖစ္ၿပီး ႏိုင္ငံရပ္ျခားမွာ ေလ့က်င့္သင္ၾကားထားတဲ့ ဆရာဝန္မ်ားအ နက္ အေရအတြက္ အမ်ားဆုံးအဖြဲ႕ျဖစ္လာခဲ့ပါတယ္။
ဒီလို ရွည္လ်ားတဲ့ ေစာင့္ေရွာက္မႈ သမိုင္းေၾကာင္းဟာ ေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈသက္သက္ထက္ ပိုမို တန္ ဖိုးရွိတဲ့ “ယုံၾကည္မႈ” ကို ဖန္တီးေပးခဲ့ပါတယ္။ အိႏၵိယဆရာဝန္ေတြအေပၚ မွီခိုအားထားရတဲ့ လူနာေတြဟာ အိႏၵိ ယႏိုင္ငံကို ကြၽမ္းက်င္မႈ-ယုံၾကည္စိတ္ခ်ရမႈ-ပေရာ္ဖက္ရွင္နယ္ဆန္မႈေတြနဲ႔ဆက္စပ္လာၾကပါတယ္။ ဒါဟာ အိႏၵိယရဲ႕ ဆင္းရဲၿပီး ေခတ္ေနာက္က်ေနတဲ့ပုံစံေဟာင္းေတြကို ေျပာင္းလဲေစခဲ့ပါတယ္။ အိႏၵိယဆရာဝန္ေတြဟာ ဆယ္စုႏွစ္မ်ားစြာတည္ေဆာက္ခဲ့တဲ့ ကိုယ္ေရးကိုယ္တာဆက္ဆံမႈေတြကတစ္ဆင့္ အဲဒီပုံရိပ္ကို ျပန္လည္ေရးသားဖို႔ ကူညီေပးခဲ့ပါတယ္။
အဲဒီယုံၾကည္မႈဟာ ခုေနာက္ပိုင္းမွာ အိႏၵိယအင္ဂ်င္နီယာေတြ- နည္းပညာလုပ္သားေတြကို အေနာက္ႏိုင္ငံေတြ မွာ ေအာင္ျမင္ေအာင္ကူညီေပးခဲ့ပါတယ္။ IT နည္းပညာထြန္းကားလာမႈ၊ ၁၉၉၉ ခုႏွစ္ ေနာက္ပိုင္း ကြန္ပ်ဴတာ စနစ္ Y2K အက်ပ္အတည္းကာလမ်ားအတြင္း အိႏၵိယလူမ်ိဳးမ်ားကို အရည္အခ်င္းရွိၿပီး ယုံၾကည္စိတ္ခ်ရသူမ်ား အျဖစ္ ရႈ႕ျမင္ခံခဲ့ရေစပါတယ္။ ဒီအတြက္ ကြန္ပ်ဴတာ နည္းပညာ နယ္ပယ္မွာ အိႏၵိယပ႐ိုဂရမ္မာမ်ားဟာ ႀကိဳဆို ရမယ့္သူမ်ားျဖစ္လာခဲ့တယ္။ အဲဒီလမ္းေၾကာင္းဟာ ယခုေနာက္ဆုံးမွာ အိႏၵိယႏြယ္ဖြား CEO အမႈေဆာင္အရာ ရွိခ်ဳပ္ေတြက ႏိုင္ငံတကာ အဓိကကုမၸဏီႀကီးမ်ားကို ဦးေဆာင္ၾကဖို႔ ျဖစ္လာပါတယ္။
ၿဗိတိန္နဲ႔ အေမရိကန္ႏိုင္ငံတို႔မွာ ဗီဇာစည္းမ်ဥ္းေတြ ပိုမိုတင္းၾကပ္လိုက္ထာေၾကာင့္ အိႏၵိယ ဆရာဝန္မ်ား လာေရာက္မႈ ေလ်ာ့က်ေနပါတယ္။ အိႏၵိယဆရာဝန္ေတြ ယုတ္ေလ်ာ့သြားသည္နဲ႔အမွ် အဲဒီႏွစ္ ႏိုင္ငံစလုံးရဲ႕ ေဆးဘက္ဆိုင္ရာက႑မွာ လုပ္သားအင္အား ဆုံးရႈံးဖို႔ ျဖစ္လာႏိုင္ပါတယ္။ ဒါတင္သာမက အိႏၵိယအတြက္လည္း ကမာၻတစ္ဝွမ္းရွိ အိႏၵိယအေပၚ ေလးစားမႈနဲ႔ယုံၾကည္မႈတည္ေဆာက္ရာမွာ အေထာက္အကူျပဳု ထူးျခားပါဝါအေပ်ာ့ရင္းအျမစ္ကိုပါ ဆုံးရႈံးႏိုင္ေျခရွိပါတယ္။
အသက္ေမြးအရ ကြၽန္ေတာ့္အေနနဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကမာၻအရပ္ရပ္ လွည့္လည္သြားလာခဲ့ရာ အိမ္နီးခ်င္း ကမာၻ႔လူဦးေရအမ်ားဆုံး အိႏၵိယနဲ႔တ႐ုတ္လည္း ပါဝင္ပါတယ္။ မီဒီယာသမားတစ္ေယာက္အေနနဲ႔ ဧည့္သည္ျဖစ္လ်င္ ျပတိုက္နဲ႔ ဗိမာန္မ်ားကို လိုက္ပို႔ၾကမွာျဖစ္ေပမယ့္ ေလွထိုးသားတစ္ေယာက္ကိုေတာ့ ဘယ္သူမွ ဂ႐ုမစိုက္ အရက္ဆိုင္နဲ႔ ဖ်ာတန္းေလာက္သာ လမ္းၫႊန္ခ်င္ၾကပါတယ္။ ဒ့ါေၾကာင့္ ကြၽန္ေတာ့္အေနဲ႔အေပၚယံ ေပၚလစီစကားမ်ား မၾကားရပဲ သူတို႔သာမန္လူတန္းစားရဲ႕ဘဝျဖစ္တည္မႈနဲ႔စိတ္ေနသေဘာထားကို ပကတိအမွန္အတိုင္း သိျမင္ခြင့္ရရွိခဲ့ပါတယ္။
၁၉၉၀-ျပည့္လြန္ႏွစ္မ်ားမွာ အိႏၵိယေရာ တ႐ုတ္ပါ ေဈးကြက္စီးပြားေရးစနစ္ တစ္ၿပိဳင္တည္း ကူးေျပာင္းခဲ့ၾက ပါတယ္။ မိမိတို႔တိုင္းျပည္ရဲ႕ပညာေရးစနစ္ကို ထူေထာင္ၾကရာမွာ အိႏၵိယက အိုင္တီနည္းပညာနဲ႔ ဝန္ေဆာင္မႈ အသားေပး၊ တ႐ုတ္က စက္မႈလက္မႈနဲ႔ ျပည္တြင္း ကုန္ထုတ္လုပ္မႈကို ျဖည့္ဆည္းႏိုင္မယ့္ ပညာေရးစနစ္ကို တည္ေဆာက္ခဲ့တယ္လို႔ ဆိုပါတယ္။ ႏွစ္ ၃၀ ခန႔္အၾကာ ႏွစ္ႏိုင္ငံစလုံးမွ မ်ိဳးဆက္သစ္ေတြရဲ႕အသက္ေမြးမႈ က်င္လည္ရာ ပတ္ဝန္းက်င္ဟာ အႀကီးအက်ယ္ျခားနားေၾကာင္း၊ ႏိုင္ငံတကာနဲ႔ ကုန္သြယ္ေရးယွဥ္ၿပိဳင္ရာမွာ အိႏၵိယရဲ႕ဂ်ီဒီပီဟာ တ႐ုတ္ထက္ ၅ ဆခန႔္ ေလ်ာ့နည္းၿပီး ျပည္ပကုန္တင္ပို႔ႏိုင္မႈမွာ အမ်ားႀကီး ျပတ္က်န္ခဲ့ ေၾကာင္း ေတြ႕ရွိရတယ္။
အဲ့ဒီလို ျဖစ္ရတာ အိႏၵိယရဲ႕ပညာေရး ရည္မွန္းခ်က္တစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ပါ၊ တိုင္းျပည္ရဲ႕စီးပြားေရးဇုန္-လမ္းပန္းဆက္သြယ္ေရး-လွ်ပ္စစ္ဓါတ္အား-ဆိပ္ကမ္းအေျခခံမ်ား တည္ေဆာက္ရာမွာ တစ္ပါတီဗဟိုဦးစီးစနစ္တ႐ုတ္က အလြန္ျမန္ဆန္ၿပီး ဒီမိုကေရစီဖက္ဒရယ္စနစ္ အိႏၵိယမွာ အလြန္ေႏွးေကြးပါတယ္။
(ျမန္မာ မွာ ဆိုလ်င္ ဒ႑ာရီဆန္ဆန္ ပါးစပ္စကားမ်ားနဲ႔ လမ္းေပၚထြက္ ကန႔္ကြက္သူမ်ားကို ထည့္စဥ္းစားေနရ) တ႐ုတ္အစိုးရက ေျမယာစီမံခန႔္ခြဲမႈ-ေငြေၾကး-အခြန္ေလ်ာ့ေပါ့မႈတိုကို ပိုၿပီး အာ႐ုံစိုက္ႏိုင္ခဲ့ပါတယ္။ ရလာဒ္မွာ ၂၀၂၅-ခုႏွစ္ စာသင္ကာလ ၿပီးဆုံးသြားတဲ့ တ႐ုတ္လူငယ္တစ္ေယာက္အတြက္ ျပည္တြင္းအလုပ္အကိုင္မ်ားက အသင့္ႀကိဳဆိုေနၿပီး၊ အိႏၵိယမွာေတာ့ ျပည္ပအလုပ္အကိုင္အေျခအေနေကာင္းမြန္မႈအေပၚ မူတည္ေနေၾကာင္း ယခု ေဆာင္းပါးက ဝန္ခံေနပါတယ္။
၂၀၂၅-ခုႏွစ္ ျမန္မာ့ေ႐ြးေကာက္ပြဲအလြန္ မၾကာမီ ေပၚေပါက္လာမယ့္ လႊတ္ေတာ္နဲ႔ အစိုးရသစ္တို႔ဟာ အလယ္တန္း-အထက္တန္းပညာေရးစနစ္မွာ တိုင္းျပည္အေျခအေနနဲ႔ ဆီေလ်ာ္အသုံးဝင္မယ့္ ဘာသာရပ္မ်ား ထည့္သြင္းရန္ ျပင္ဆင္ေနေၾကာင္း ေတြ႕ျမင္ေနရပါတယ္။
ဒီေနရာမွာ ဒီမိုကေရစီကို ႏွစ္သက္အားေပးေသာ္လည္း “တိုင္းျပည္အက်ိဳးရွိလ်င္ ဘာမဆိုလုပ္ရဲ” တဲ့ ေတာင္ကိုရီးယား ပတ္ခြၽန္ဟီးလို ေခါင္းေဆာင္မ်ား ထြက္ေပၚလာခဲ့ရင္ မေဝးတဲ့တစ္ေန႔မွာ ျမန္မာဟာ ေတာင္ကိုရီးယားလို အာရွက်ားတစ္ေကာင္ျဖစ္လာႏိုင္ပါတယ္။

Related news

© 2021. All rights reserved.