ကမ္ဘာ့မြောက်ဖျားမှ အင်အားပြိုင်ပွဲ
923
ကိုကိုလှိုင် (NP News) - မေ ၂၅
ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေဟာ အင်အားချင်းပြိုင်ရမယ်ဆိုရင် ကမ္ဘာ့ အတွင်း အပြင် ဘယ်နေရာမှ အလွတ်ပေးမယ့်ပုံ မပေါ်ပါဘူး။ မကြာသေးခင်ကပဲ အမေရိကန်က အဂါၤ ဂြိုဟ်မှာ မြေဆင်းယာဉ်နဲ့ဆင်းသက်ပြီး မြန်မာလူမျိုး အမျိုးသမီးပညာရှင် တီထွင်တဲ့ ရဟတ်ယာဉ်အသေးစားလေးကို စမ်းသပ် ပျံသန်းခဲ့သလို တရုတ်ကလည်း အလားတူ မြေဆင်းယာဉ်နဲ့ ဆင်းသက်ပြီး မြေသားနမူနာတွေ ရယူနိုင်ခဲ့ပါတယ်။
ကမ္ဘာမြေပြင်ပေါ်မှာကတော့ ဘယ်နေရာမှာမှ ဒီအင်အားကြီးတွေရဲ့ အားပြိုင်မှုက မလွတ်ပါဘူး။ မြောက်ဝင်ရိုးစွန်းနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မက်တစ် ပြောခဲ့တဲ့ "ကမ္ဘာ့ ဘယ်နေရာမှာမှ တစ်ခြားအင်အားကြီးတွေက လွှမ်းမိုးတာ ခံရလို့ အမေရိကန် အကျိုးယုတ်မှာကို လက်ခံမှာ မဟုတ်ဘူး" ဆိုတဲ့စကားက အင်အားကြီးတွေရဲ့ သဘောထားကို ရှင်းရှင်း မြင်သာစေပါတယ်။
အမြဲတမ်း အပူချိန် ရေခဲမှတ်အောက် ၄၀ ကနေ ၆၀ စင်တီဂရိတ်လောက်အထိ အအေးပိုလှတဲ့ မြောက်ဝင်ရိုးစွန်းဒေသ ကလည်း ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဒီပြိုင်ပွဲမှာ ပိုပြီး အရေးပါလာပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းရေခဲတောင်၊ရေခဲပြင်တွေ၊ permafrost လို့ခေါ်တဲ့ အပေါ်ယံမြေလွှာအောက်က ရေခဲတွေ အရည်ပျော်လာတာဟာ မဟာဗျူဟာ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးမှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပထဝီနိုင်ငံရေးအရ သက်ရောက်မှုကိုကြည့်ရင် ရေခဲပြင်တွေ အရည်ပျော် ပါးလွှာလာမှုကြောင့် အရင်က တိုးမပေါက်တဲ့ နေရာတွေမှာ ရေလမ်းကြောင်း အသစ်တွေ ပေါ်ပေါက်လာပြီး အာတိတ်ဒေသကို စူးစမ်းရှာဖွေမှုတွေလည်း ပိုမို လုပ်ဆောင်နိုင်လာခဲ့ပါတယ်။ အာတိတ် စက်ဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ နေရာဦးချင်တဲ့ နိုင်ငံကြီးတွေအတွက် စားကျက်လုဖို့ ပိုအရေးကြီး လာတဲ့ သဘောရှိလာပါတယ်။
ပထဝီစီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း ရေခဲပြင်ပါးလွှာလာမှုကြောင့် ရေခဲတွေအောက်မှာ ခိုအောင်းနေတဲ့ ice gas လို့ခေါ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အလွယ်တကူ ထုတ်ဖော်နိုင်မယ့် အလားအလာတွေရှိလာပါတယ်။ လေ့လာမှုတွေအရ အာတိတ် ရေခဲပြင်အောက်မှာ ကမ္ဘာ့ ရေနံ အရန်ပမာဏရဲ့ ၁၃% နဲ့ ဓာတ်ငွေ့ ကတော့ ၃၀% ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့ အပြင် အာရှ၊ ဥရောပ ကုန်သွယ်ရေကြောင်းလမ်းကလည်း နောင်ကျရင် အိန္ဒိယ သမုဒ္ဒရာ၊ပင်လယ်နီ၊စူးအက်တူးမြောင်းနဲ့ မြေထဲပင်လယ်တို့ကို ပတ်ပြီး သွားနေစရာ မလိုတော့ဘဲ ရုရှား အရှေ့ဖျားနဲ့ အမေရိက အလာစကာ အနောက်ဖျား ရေလက်ကြား ကနေ အာတိတ်သမုဒ္ဒရာကိုဖြတ်ပြီး ခရီးက အတော်တိုသွားမှာမို့ အာတိတ်ကိုစိုးမိုးနိုင်ဖို့က ကမ္ဘာ့ကုန်သွယ်ရေးမှာလည်း အဓိက အရေးပါလာမှာ ဖြစ်ပါတယ်။
အခုအချိန်အထိကတော့ အာတိတ်ကို စိုးမိုးရေးမှာ ရှေ့ဆုံးက ပြေးနေတာကတော့ ဝင်ရိုးစွန်း ဝက်ဝံကြီးဖြစ်တဲ့ ရုရှားပါပဲ။ ရုရှားက ပထဝီအနေအထားအရ အာတိတ်နဲ့ အများဆုံးဆက်စပ်နေတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသလို၊ အရင်ကတည်းက ရေခဲဆိပ်ကမ်းတွေအတွက် ရေခဲခွဲသင်္ဘောတွေ အများအပြား တည်ဆောက်ထားခဲ့ပြီး၊ စစ်ရေးအင်အားမှာလည်း ကြီးမားတာမို့ အခုဆိုရင် အာတိတ်ကမ်းလွန် ကျွန်းတွေမှာ ဆိုဗီယက်လက်ထက်က စစ်စခန်းဟောင်းတွေကို အရင်က စွန့်လွှတ်ထားခဲ့ရာကနေ အသစ်ပြန်ဆောက်ပြီး တစ်နှစ်ပတ်လုံး တပ်စွဲလာခဲ့တာကို တွေ့ရပါတယ်။
အအေးလွန်စစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ဖို့ နျူကလီယာရေငုပ်သင်္ဘော၊ ဒုံးခွင်းဒုံး၊သင်္ဘောဖျက် ပဲ့ထိန်းဒုံးတွေကနေ နှင်းတောသွား သံချပ်ကာ တိုက်ယာဉ်တွေအထိ ဖွဲ့စည်း ပြင်ဆင် တပ်ဖြန့်ချထားပြီးဖြစ်ပါတယ်။ နယ်မြေ ပိုင်ဆိုင်မှုမှာလည်း ၂၀၀၇ ခုနှစ်ကတည်းက မြောက်ဝင်ရိုးစွန်းတည့်တည့်က ရေအောက်ကြမ်းပြင်ကို အဝေးထိန်း စက်ရုပ်ရေငုပ်ယာဉ်သုံးပြီး ရုရှားအလံစိုက်ထူထားပြီးဖြစ်သလို၊ သိပ္ပံနည်းကျ စူးစမ်းရှာဖွေမှုတွေကို အကိုးအကားပြုပြီး နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေနဲ့အညီ သူ့နိုင်ငံရဲ့ ကမ်းဦးရေတိမ်ပိုင်း စီးပွားရေးဇုံကို မိုင်၂၀၀ကနေ မိုင်၃၅၀အထိ တိုးချဲ့သတ်မှတ်ဖို့ ၂၀၁၅ခုနှစ်မှာ လျှောက်ထားပြီး ဖြစ်တာကို တွေ့ရပါတယ်။
ရုရှားပြီးရင် ဒုတိယ အရှည်ဆုံး အာတိတ်ကမ်းရိုးတန်းကို ပိုင်ဆိုင်တဲ့ ကနေဒါကတော့ နိုင်ငံကျယ်ပြန့်သလောက် ကာကွယ်ရေးအတွက် လူ၊နည်းပညာနဲ့ ဘဏ္ဍာအရင်းအမြစ် ကန့်သတ်ချက်ရှိတာကြောင့် အခုနောက်ပိုင်းကျမှ အာတိတ်မျက်နှာစာကို ကမန်းကတန်း တပ်ဖြန့်ချထားဖို့ကြိုးစားနေပေမယ့် ဆိုးရွားလှတဲ့ရာသီဥတုထဲမှာ ရှင်သန်နိုင်ဖို့ တောင်မှ မနည်းလုပ်နေရတာမို့ အပေါ့စား ခြေမြန် ကင်းထောက်တပ်ဖွဲ့တွေလောက်ပဲ ချထားနိုင်တာ တွေ့ရပါတယ်။
ကမ္ဘာ့ စစ်အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ကတော့ အာတိတ်ကို လေကြောင်းက မဟာဗျူဟာကင်းထောက်/ဗုံးကြဲလေယာဉ်ကြီးတွေ၊ ရေအောက်က ရေငုပ်သင်္ဘောတွေနဲ့ ထိုးဖောက် ကင်းလှည့်တာကလွဲလို့ မြေပြင်ပေါ်မှာ အမြဲတမ်း အခြေချ စစ်စခန်းထားရှိနိုင်ခြင်း မရှိသေးပါဘူး။ အခုမှ အာတိတ်မှာ ပုံမှန် တပ်ဖွဲ့တွေ စေလွှတ်နိုင်ဖို့ ရေတပ်၊မရိန်းတပ်နဲ့ အလာစကာ ကမ်းခြေစောင့်တပ်ဖွဲ့တွေ ပူးတွဲပြီး အာတိတ် မဟာဗျူဟာကို ၂၀၂၁ မှာ ရေးဆွဲထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
စစ်အေးတိုက်ပွဲကာလတုန်းကတော့ ဆိုဗီယက်ရုရှားနဲ့ အမေရိကန် အကြား နျူကလီးယား တိုက်ချင်းပစ်ဒုံးပျံတွေ အတိုဆုံးပျံသန်းနိုင်တဲ့ လမ်းကြောင်းက ကမ္ဘာ့ ခေါင်မိုးဖြစ်တဲ့ အာတိတ်စက်ဝိုင်းကို ဖြတ်ပြီး လာတဲ့ လမ်းကြောင်းဖြစ်တာမို့ ၊ ဆိုဗီယက်ဘက်က ဆိုက်ဘေးရီးယားမှာ ရွေ့လျားဒုံးပစ်စင်တွေကို ရထားလမ်းတွေပေါ်က ရွှေ့ဖို့ လုပ်ဆောင်ခဲ့သလို၊အမေရိကန်တွေကလည်း ၁၉၅၉ခုနှစ်လောက်ကတည်းက နော်ဝေနဲ့ညှိပြီး ဂရင်လန်ကျွန်းမြောက်ပိုင်းမှာ project iceworm ဆိုပြီး မြောက်ဝင်ရိုးစွန်းလေ့လာရေးဆိုတဲ့ အယောင်ဆောင် အကြောင်းပြချက်နဲ့ ရွေ့လျား နျူကလီယာ ဒုံးပစ်စင်တွေကို မြေအောက်လိုဏ်ခေါင်းတွေဆောက်ပြီး ထားဖို့ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။
ဒီမြောက်ဝင်ရိုးစွန်းစစ်မျက်နှာမှာ စစ်အေးကာလ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ၁၉၆၀ပြည့်လွန်နှစ်တွေတုန်းက Ice Station Zebra ဆိုတဲ့ နာမည်ကြီး သူလျှို ဇာတ်ကားတစ်ကား ထွက်ခဲ့ဖူးတာ သတိရမိပါတယ်။ ဝတ္ထုဇာတ်ညွှန်းက အလစ္စတာ မက္ကလင်းရဲ့ အရောင်းရဆုံး ဝတ္ထု၊ အဓိက သရုပ်ဆောင်ကလည်း နာမည်ကျော်မင်းသား ရော့က် ဟဒ်ဆင်။ မြောက်ဝင်ရိုးစွန်းမှာ ဒုက္ခရောက်နေတဲ့ ဒုံးပျံထောက်လှမ်းရေးစခန်းကို ရေငုပ်သင်္ဘောနဲ့ သွားကယ်ရင်း ဆိုဗီယက်သူလျှို ုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းပါ။ တကယ့် ဖြစ်ရပ်တွေက စိတ်ကူးထက် ပိုဆန်းကြယ်တယ်ဆိုတာ ပြောပြချင်တာပဲဖြစ်ပါတယ်။
အခုလည်း စစ်အေးတိုက်ပွဲက တစ်ပတ်ပြန်လည်လာတဲ့ သဘောရှိပါတယ်။ ပြီးခဲ့တဲ့ မေလ၂၀ရက်နေ့က အိုက်စလန်ကျွန်း၊ရေကျာဗစ် မြို့မှာ အာတိတ်၈နိုင်ငံပါဝင်တဲ့ အာတိတ်ကောင်စီရဲ့ နှစ်နှစ်တစ်ကြိမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေး မတိုင်ခင်မှာ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးလက်ဗ်ရော့ဗ်တို့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ ဘလင်ကန်က အမေရိကန်နဲ့ ရုရှားတို့သာ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကမ္ဘာကြီးအတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်လိမ့်မယ်လို့ ပြောခဲ့ပေမဲ့၊ ရန်လိုတဲ့ အပြုအမူတွေ ကိုတော့ တုန့်ပြန်ရမယ်လို့ ဆိုပါတယ်။ လက်ဗ်ရော့ဗ်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပေမဲ့ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေက ရိုးသားဖြောင့်မတ်မှုနဲ့ အပြန်အလှန် ယုံကြည်စိတ်ချမှုကို အခြေခံရမယ်လို့ ဆိုပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ သံတမန်ဆန်ဆန် အပေါ်ယံ စကားတန်ဆာတွေကို ချွတ်ချလိုက်မယ်ဆိုရင်၊ ပါးကိုက်ရင် နားကိုက်မယ် ဆိုတဲ့ စိန်ခေါ်သံတွေကို ကြားလိုက်ရသလိုပါပဲ။
ဒါပေမဲ့ အာတိတ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၃၀ပြည်နှစ်အထိ လာမယ့်ဆယ်စုနှစ် ကာလအတွင်း အာတိတ်ဒေသကို ငြိမ်းချမ်းလုံခြုံပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မယ့် မဟာဗျူဟာ စီမံချက်ကို သဘောတူချမှတ်ခဲ့ကြတယ်လို့ဆိုပါတယ်။
တကယ်တော့ ကမ္ဘာကြီးရဲ့အနာဂတ်အတွက် ဒီလို ပူူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုက အဆိုးသံသရာလည်ပြီး ဆိုးသထက် ပိုဆိုးလာတဲ့သဘောရှိပါတယ်။ ရာသီဥတုက ပူလာတော့ တောမီးကြီးတွေ လောင်တယ်။ ဩစတေလျ၊အမေဇုံ၊ ကာလီဖိုးနီးယားတို့မှာ မကြုံဖူးတဲ့ တောမီးကြီးတွေ လောင်ခဲ့ရာက လေထုထဲကို ကာဗွန်ထုတ်လွှင့်မှုတွေမြင့်ပြီး လေထုအပူချိန်မြင့်တက်၊ ဝင်ရိုးစွန်း ရေခဲတွေ အရေပျော်၊ ရေခဲအောက်မှာခိုနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီသိန်းဓာတ်ငွေ့တွေက လွတ်ထွက်လာပြီး ဖန်လုံအိမ်အာနိသင်က ထပ်မြင့်လာ၊ ကမ္ဘာကြီးက ထပ်ပြီး ပိုပူလာ။ ဒီ အဆိုးသံသရာကို မဖြတ်နိုင်ရင် ဒီရာစုအကုန်မှာ ကမ္ဘာ့ စားနပ်ရိက္ခာထုတ်လုပ်မှု သုံးပုံတစ်ပုံ လျော့ကျသွားမယ်လို့ မှန်းထားကြပါတယ်။ဒါဆိုရင်တော့ အစဉ်တိုးပွားနေတဲ့ ကမ္ဘာ့လူဦးရေနဲ့ ဆုတ်ယုတ်သွားမယ့် ရိက္ခာ ထုတ်လုပ်မှုတို့ ပေါင်းဖက်မိတဲ့အခါ လူ့သမိုင်းမှာ အဆိုးဆုံး အငတ်ဘေးကို ဦးတည်သွားဖွယ် ရှိပါတယ်။
ဒါကတော့ ကမ္ဘာသူကမ္ဘာသားအားလုံး နောက်မျိုးဆက်တွေအထိ သက်ဆိုင်တဲ့ စိန်ခေါ်မှုပါပဲ။ ဒါပေမဲ့ ပြဿနာက နိုင်ငံကြီးတွေရဲ့ အမျိုးသားအကျိုးစီးပွား အားပြိုင်ပွဲနဲ့ ကမ္ဘာကြီးတခုလုံးရဲ့ အနာဂတ်ဟာ ဒီဝင်ရိုးစွန်းဒေသမှာ လာချိတ်နေကြတာဖြစ်ပြီး၊ သူတို့ရဲ့ခေါင်းဆောင်တွေဟာ ကိုယ်ပိုင်ရေတိုအကျိုးအမြတ်နဲ့ ကမ္ဘာ့ရေရှည်အကျိုးစီးပွားကို ဘယ်လိုဦးစားပေး ရွေးချယ်ကြမလဲ ဆိုတဲ့အပေါ်မှာ ကမ္ဘာ့အနာဂတ်က မူတည်နေတာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
( ရေးသားသူ ကိုကိုလှိုင်သည် နစကအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဖြစ်ပြီး ဆောင်းပါးမှာ ၎င်းတစ်ဦးတည်း၏ အာဘော်သာ ဖြစ်ပါသည်။)