စစ်တပ်က လက်နက်ကြီးနဲ့ဗုံးတွေ တကယ်သုံးခဲ့ရင် အုပ်စုလိုက်သေကြေမှာဖြစ်ကြောင်း စစ်ကောင်စီ ပြော
695
ရဲပြည့် (NP News) မေ - ၃၁
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါင်းငံခါးလမ်းဆုံတွင် မေလ(၂၈) ရက်က လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး စစ်တပ်က လက်နက်ကြီးများ တကယ်သုံပြီးတိုက်ခိုက်မည်ဆိုပါက အုပ်စုလိုက်သေကြေမှာဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူများသွားလာမှုခက်ခဲရန် အတားအဆီးများ လုပ်ဆောင်ထားသည့်အတွက် သက်ဆိုင်ရာနယ်မြေခံတပ်နှင့် မြန်မာနိ်ုင်ငံရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းမှုများ လုပ်ဆောင်နေစဉ်အတွင်း ကျေးရွာနေပြည်သူများက တူမီးသေနတ်၊လက်လုပ်သေနတ်၊လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်လာခြင်းကြောင့် ပြန်လည်ခြောက်လှန့်၍ ပစ်ခတ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ အခုဖြစ်စဉ်မှာ အကြမ်းဖက်သမား ဘယ်နှစ်ယောက်သေလဲကြည့်ပေါ့။ စစ်တပ်က လက်နက်ကြီးသာ အမှန်တကယ်သုံးရင် တစ်လုံးထိတာနဲ့ လူအုပ်စုထဲက အကုန်ထိခိုက် သေကြေကြမှာဖြစ်ပါတယ်။ ” ဟု စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီက လက်နက်ကြီးများနှင့်ဗုံးများ အမှန်တကယ်မသုံးခဲ့ကြောင်း ပြောခဲ့သော်လည်း မေလ (၃၀) ရက်နေ့က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် ထိုးစစ်ဆင်နေသဖြင့် စစ်ဘေးရှောင်များ နေစရာမရှိဖြစ်ခဲ့ရကြောင်း၊ မေလ (၁၇) ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်ရှိ မိုင်တိုင်အမှတ် (၃၀) နှင့် (၄၀) အကြား တိုက်ပွဲများတွင် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း နှင့် အခြားသောတိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီးများအသုံးပြုခဲ့ကြောင်း မီဒီယာ အသီးသီးက ရေးသားဖော်ပြထားသည်။
Photo: Free Burma Rangers
(တောတောင်တွေမှာ ပုန်းအောင်းနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်က စစ်ပြေးဒုက္ခသည်များ။)