ဒီမိုကရေစီ ပြန်မသွားတော့ရင်တောင် မြန်မာကို AIIB က ချေးငွေထုတ်ပေးမယ်လို့ ပြော

 689

မိုးတိမ် (NP News) - ဇွန် ၂

ဒီမိုကရေစီလမ်းကြောင်းကို ပြန်လှည့်မသွားဘဲနေမယ်ရင်တောင် မြန်မာနိုင်ငံအတွက် ချေးငွေထုတ်ပေးဖို့ အသင့်ရှိနေတယ်လို့ အာရှအခြေခံအဆောက်အအုံရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) က အသိပေးပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံက ဦးဆောင်ထူထောင်ထားတဲ့ AIIB အနေနဲ့ စနစ်တွေ၊ မူဘောင်တွေ၊ လူပုဂ္ဂိုလ်တွေအစား တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့နိုင်ငံဆိုတဲ့ခေါင်းစဉ်အောက်ကနေသာ အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဟုသောခေါင်းစဉ်ကိုသာ ဦးတည်စဉ်းစားတယ်လို့ ဆိုပါတယ်။ “ အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေပါနေလဲဆိုတာ ကျွန်တော်တို့ ကြည့်နေမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့စာရင်းထဲမှာ ရှိနေတဲ့နိုင်ငံဆိုတာကိုသာ ရည်ညွှန်းပါတယ်။ တင်ပြလာတဲ့စီမံချက်တွေအပေါ်မှာ မူတည်ပြီးတော့ ချေးငွေထုတ်ပေးတာမျိုးတွေ လုပ်ပါတယ် ” လို့ AIIB ဒုတိယဥက္ကဋ္ဌဖြစ်သူ Joachim von Amsberg က ပြောပါတယ်။

AIIB ကို စတင်ထူထောင်စဉ်ကတည်းက မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အချိုးကျထည့်ဝင်ငွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် AIIB ဟာ တရုတ်တစ်နိုင်ငံတည်းက ပိုင်ဆိုင်တဲ့ဘဏ်မျိုးမဟုတ်ဘဲ အာရှဒေသတစ်လွှားက နိုင်ငံအများအပြားရဲ့ထည့်ဝင်ငွေတွေနဲ့ လည်ပတ်တဲ့ ဘဏ်အမျိုးအစားလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံငွေအများဆုံး ထည့်ဝင်ထားတာ ဖြစ်တဲ့အတွက် တရုတ်ကိုယ်စားပြုမှု ပိုမိုများပြားတာသာ တရုတ်နိုင်ငံကို ထိုးနှက်ချင်တဲ့နိုင်ငံတွေဘက်က ပြောစရာဖြစ်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ AIIB ရဲ့ရည်ရွယ် ချက်ထဲမှာတော့ အာရှဒေသတစ်လွှားဟာ ကမ္ဘာမှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု နောက်ကျပြီး တိုးတက်မှုနှေးကွေးနေခဲ့တာကြောင့် ဒီအပိုင်းကို တာဝန်ယူဦးဆောင်သွားမှသာလျှင် အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့ရှေ့တန်းကို ပြန်ရောက် လာမယ်လို့ ယုံကြည်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ “ တကယ်လို့ မြန်မာကနေ အနောက်အုပ်စုကုမ္ပဏီတွေက ထွက်ခွာသွားပြီဆိုရင် မြန်မာနိုင်ငံနဲ့ တွဲအလုပ်လုပ်မှာ ဘယ်သူပဲကျန်ခဲ့မလဲ။ ဒါဆိုရင် မြန်မာကို စီးပွားရေးပိတ်ဆို့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လား ” လို့ တရုတ်-မြန်မာ နှစ်နိုင်ငံရေးရာအထူးလေ့လာ သုံးသပ်ရေးဆိုင်ရာ Stimson Center က ကျွမ်းကျင်ပညာရှင် မစ္စတာ Yun Sun က ပြောပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ AIIB ဟာ အဖွဲ့ဝင်နိုင်ငံ(၁၀၃)နိုင်ငံနဲ့အတူ လက်တွဲအလုပ်လုပ်နေပြီဖြစ်ပြီး လုပ်ငန်းပေါင်း(၁၁၉)ခုအတွက် ချေးငွေပေါင်း ဒေါ်လာ ၂၄ ဘီလျံအထိ ထုတ်ချေးထားပြီဖြစ်တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.