တောင်ကိုရီးယား လေတပ်အရာရှိတစ်ဦးက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့ခြင်းကြောင့် အဖမ်းခံရ
565
ရောင်နီ (NP News) - ဇွန် ၃
တောင်ကိုရီးယား လေတပ်အရာရှိတစ်ဦးသည် ၎င်း၏လုပ်ဖော်ကိုင်ဖက် အမျိုးသမီးဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုပြုလုပ်ကာ ဒဏ်ရာရစေခြင်းကြောင့် စွဲချက်တင်ခံရကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ဇွန်လ ၃ ရက်တွင်ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။ ဖမ်းဆီးခံရသူသည် တပ်ကြပ်ကြီးဂျန်ဖြစ်ပြီး ပြီးခဲ့သည့် မတ်လက နိုင်ငံအနောက်ပိုင်းမြို့ Seosan တွင် ညစာစားပွဲပြီးနောက် ၎င်း၏အခြေစိုက်စခန်းရှိ ကားတစ်စီးအတွင်း ရာထူးတူအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စော်ကားအနိုင်ကျင့်မှုခံခဲ့ရသူ Lee အမည်ရှိ အမျိုးသမီးသည် ယင်းဖြစ်ရပ်ကြောင့် စိတ်ကျရောဂါခံစားခဲ့ရပြီး ၂ လအကြာတွင် အခြားအခြေစိုက်စခန်းကို ပြောင်းရွှေ့သွားကြောင်း၊ မေလ ၂၂ ရက်နေ့တွင် သူမကို အခြေစိုက်စခန်းရှိ နေအိမ်တွင်သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း၊ သူမသေဆုံးခဲ့ပုံကို မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းချန်ထားခဲ့ကြောင်း ၎င်း၏ မိသားစုကပြောသည်။
နစ်နာသူ အမျိုးသမီးမိသားစုက သမ္မတအိမ်ဖြူတော်တွင် အသနားခံစာတင်သွင်းပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် နှင့် အမှုတွင်ပါဝင်သူများကို အပြစ်ပေးအရေးယူရန် အမှုဖွင့်လိုက်ပြီးနောက်ပိုင်းအများပြည်သူကြား စိတ်ဝင်စားမှုမြင့်လာခဲ့ကြောင်းသိရသည်။
စစ်ဘက်တရားရုံးက ဇွန်လ ၂ရက်က Jang ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု၊ အမျိုးသမီးကို ဒဏ်ရာ ရရှိစေမှုဖြင့်အတည်ပြု ဖမ်းဆီးထားပြီး ရာဇဝတ်မှု အက်ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်အမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။
#NPNews