ဂျပန်က ထိုင်ဝမ်ကို ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းသွားမည်
481
ရောင်နီ ( NP News )
ဂျပန်နိုင်ငံဟာ သောကြာနေ့ ( ဇွန် ၄ ရက် ) မှာ ထိုင်ဝမ်ကို AstraZeneca ကာကွယ်ဆေး ၁.၂၄ သန်း အခမဲ့ လှူဒန်းသွားမယ်လို့ သိရပါတယ်။ ယင်းပမာဏဟာ ယခင်ကာကွယ်ဆေး ထိုးနံှပြီးတဲ့ ပမာဏထက် ၂ ဆ ပိုများတယ်လို့ ဆိုပါတယ်။
ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်နိုင်ငံဟာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၃ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ထိုင်ဝမ်လူဦးရေ အားလုံးကို ကာကွယ်ဆေး လုံလောက်စွာ ထိုးနှံပေးနိုင်တဲ့ ကာကွယ်ဆေး သန်း ၃၀၀ ကျော်ကို Pfizer, Moderna နဲ့ AstraZeneca တို့မှ ဝယ်ယူပြီး လှူဒါန်းဖို့ သဘောတူညီခဲ့ပါတယ်။ “လွန်ခဲ့သော ၁၀ နှစ်၊ ဂျပန်အရှေ့ပိုင်းမှာ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခဲ့စဉ်က ထိုင်ဝမ်ပြည်သူများက ကျွန်တော်တို့ကို လှူဒါန်းမှုများ အမြောက်အများ ပြုလုပ်ခဲ့တယ်၊ ဒါကိုဂျပန်ပြည်သူများက ကွက်ကွက်ကွင်းကွင်း မြင်ခဲ့တယ်၊ ဒီလှူဒါန်းမှုဟာ ထိုင်ဝမ်နဲ့ ဂျပန်ရဲ့ မိတ်ဖက်ရင်းနှီးမှုကို ဖော်ပြနေပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးတွေဟာ မွန်းလွဲပိုင်း အချိန်မှာ ထိုင်ဝမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း ကူးစက်လူနာသစ် ၄၇၂ ဦး ထပ်တိုးခဲ့တာကြောင့် ကျွန်းမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်တိုက်ဖျတ်ရေး တင်းမာနေချိန်မှာ အခုလိုကာကွယ်ဆေး လှူဒါန်းခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး Chen Shih-chung က ပြောကြားခဲ့ပါတယ်။ ယင်းလှူဒါန်းမှုဟာ ကာကွယ်ဆေး ရောက်ရှိမှု နှေးကွေးခြင်းကြောင့် လူထုရဲ့ ဒေါသထွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ Tsai Ing-wen အတွက် အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ယခုအချိန်ထိ ထိုင်ဝမ်ဟာ အဓိကအားဖြင့် AstraZeneca နဲ့ Moderna မှ ဆေးပမာဏ ၈၆၀,၀၀၀ ( ဂျပန်ရဲ့ လှူဒါန်းမှုမပါ )ခန့်သာ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
#NPNews