စစ်တပ်ကကျူးလွန်ခဲ့သည့် တရားမဲ့သတ်ဖြတ်မှုများအတွက် ခွင့်လွှတ်ပေးပါရန် ကိုလံဘီယာသမ္မတဟောင်း တောင်းဆို

 638

ဝတီ (NP News) - ဇွန် ၁၂
စစ်တပ်က လူထောင်ပေါင်းများစွာကို တရားမဲ့သတ်ဖြတ်ခဲ့သဖြင့် ထိုလုပ်ရပ်များအတွက် ခွင့်လွှတ်ပေးပါရန် သမ္မ တဟောင်း Juan Manuel Santos က ကိုလံဘီယာတွင် ဖွဲ့စည်းထားသည့်အမှန်တရားဖော်ထုတ်ရေးကော်မရှင်တွင် ထွက်ဆိုစဉ်တောင်းဆိုလိုက်သည်ဟု ဇွန်လ ၁၁ ရက် ရိုက်တာစ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သတ်ဖြတ်မှုများသည် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ၎င်းယူထားချိန်ကလည်းဖြစ်ပွားခဲ့ပြီး Santos က ၂ဝ၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည့်အတွက် အထက်ပါအမှန်တရားဖော်ထုတ်ရေးကော်မရှင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စစ်သားများက အရပ်သားများကို တရားမဲ့သတ်ဖြတ်ခဲ့ပြီးနောက် ဆုကြေးများရရန်အလို့ငှာ အဆိုပါအရပ်သားများကို ပြောက်ကျားတပ်သားသူပုန်များအဖြစ် စာရင်းတင်ပြခဲ့သည်။

သမ္မတ Alvaro Uribe အုပ်ချုပ်စဉ် ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း လူပေါင်း ၆၄ဝ၂ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး စစ်သားများက ထိုလူများကို သူပုန်များအဖြစ် စာရင်းလိမ်တင်ပြခဲ့ခြင်းဖြစ်ကာ မတရားသတ်ဖြတ်ခံခဲ့ရသူဦး ရေသည် ထို့ထက်များပြားနိုင်သည်ဟု အချို့အဖွဲ့များကပြောသည်။ Alvaro Uribe အုပ်ချုပ်စဉ်တွင် Santos ကကာကွယ်ရေးဝန်ကြီးအဖြစ် ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ သုံးနှစ်နီးပါးတာ ဝန်ထမ်းဆောင်ခဲ့သည်။ ကာကွယ် ရေးဝန်ကြီးအဖြစ် ၎င်းတာဝန်ထမ်းဆောင်နေချိန်တွင်ပင် အထက်ပါ ဥပဒေမဲ့ သတ်ဖြတ်မှုများကို ဖော်ထုတ်နိုင်ခဲ့ပြီး သူပုန်ဦးရေ များများသတ်ပေးနိုင်ရန် Uribe က ဖိအားပေးခဲ့သဖြင့် ထိုသို့မတရားမှုများ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ၊ စစ်တပ်သည် ခွင့်လွှတ်ပေးရန် တောင်းဆိုသင့်ကြောင်း Santos က ပြောသည်။

စစ်တပ်အရာရှိများနှင့် စစ်သားများ၏ ယင်းလုပ်ရပ်ကို ကြားသိရသည်နှင့် စုံစမ်းစစ်ဆေးမှုများ သေသေချာချာလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးချက်ရလဒ်ထွက်လာသည့်အခါ အံ့သြတုန်လှုပ်ခဲ့ရကြောင်း၊ စစ်တပ်အရာရှိ ၆ဝ ကျော်ကို ရာထူးမှထုတ်ပယ်ခြင်းအပါအဝင် နောက်နောင်ထိုသို့ထပ်မဖြစ်စေရန်တပ်ထဲတွင် ပြုပြင်ပြောင်းလဲမှုများစွာလုပ်ခဲ့ကြောင်း Santos ကဆက်လက်ပြောသည်။
#NPNews

Related news

© 2021. All rights reserved.