ဗြိတိန်တွင် Covid – 19ကူးစက်လူနာသစ် ၈၁၂၅ ဦးထပ်တိုးပြီး တစ်နေ့တာ ကူးစက်မှုအများဆုံးစံချိန်တင်

 349

ရောင်နီ(NP News) - ဇွန် ၁၂
ဗြိတိန်နိုင်ငံတွင် ဇွန်လ ၁၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၈၁၂၅ ဦး ထပ်တိုးခဲ့ပြီး ယမန်နေ့ကထက် ၇၃၂ ဦးထပ်တိုးကာ ဖေဖော်ဝါရီ ၂၆ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးနေ့စဉ်ကူးစက်မှုဖြစ်ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

အိန္ဒိယတွင် ပထမဆုံးတွေ့ရှိခဲ့ရသည့် Delta coronavirus ( B16172 ) အမျိုးအစားသစ်သည် ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီလက လော့ဒေါင်းချမှတ်ခဲ့ရသည့် ဗြိတိန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းထက် ၆ဝ ရာခိုင်နှုန်းပိုမိုကူးစက်နိုင်စွမ်းရှိကြောင်း ဗြိတိန်အစိုးရက ဇွန်လ ၁၁ ရက်ကပြောသည်။

အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲကြောင့် ဗြိတိန်တွင် ယခင်ဇန်နဝါရီလကတည်းက ကန့်သတ်ထားသည့် Social Distancing ကန့်သတ်ချက်များကို ဖယ်ရှားနိုင်ခြင်းရှိနိုင်မည်လောဆိုသည့် မေးခွန်းများထွက်ပေါ်လာခဲ့ကြောင်းသိရသည်။ အိန္ဒိယသိပ္ပံပညာရှင်များက ကူးစက်မှုမြန်ဆန်သည့် B16172 COVID-19 မျိုးကွဲတိုက်ဖျက်ရေးတွင် ကမ္ဘာလုံးဆိုင် ရာတုံ့ပြန်မှုများလိုအပ်ကြောင်းပြောသည်။

ဗြိတိန်တွင် ဇန်နဝါရီလက ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဆေးရုံများတွင် စွမ်း ဆောင်နိုင်ရည်ကျဆင်းကာ ၃ လကြာလော့ဒေါင်းပိတ်ဆို့ခဲ့ရကြောင်း သိရသည်။ နိုင်ငံအစိုးရအနေဖြင့် အများပြည်သူကာကွယ်ဆေးထိုးနှံပေးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်အရွယ်ရောက်ပြီးသူ ၂၉ သန်းနီးပါးကို ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။

နေ့စဉ်ကူးစက်မှုဖြစ်စဉ်များတွင် ကူးစက်လူနာ ၉ဝ ရာခိုင်နှုန်းသည် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူများဖြစ်ပြီး ယင်းဗိုင်းရပ်စ်အမျိုးအစားကို ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းကသာ ဟန့်တားနိုင်စွမ်းရှိခြင်းကြောင့် အများပြည်သူအနေဖြင့် ကာကွယ်ဆေး ၂ ကြိမ်ပြည့်ထိုးနှံကြရန် အစိုးရကတိုက်တွန်းထားသည်။ ဗြိတိန်သည် လူထုစုရုံးပွဲများ၊ မင်္ဂလာဆောင်များနှင့် နိုက်ကလပ်များကို ဇွန်လ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်ရန် ယခင်ကစီစဉ်ထားသော်လည်း တာဝန်ရှိသူများက ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေကို စောင့်ကြည့်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.