မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးခဲ့သူများအတွက် နယူးဇီလန်က ဒေါ်လာ ၂ ဒသမ ၇၅သန်းကူညီထောက်ပံ့မည်

 438

ဂျန်ဇက် (NP News)- ဇွန် ၁၄
နယူးဇီလန်အစိုးရက မြန်မာနိုင်ငံမှနေရပ်စွန့်ခွာထွက်ပြေးခဲ့သူများအတွက် အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇၅သန်းကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး မာဟူတာက မြန်မာနိုင်ငံ၏ အာဏာ သိမ်းမှုဖြစ်စဉ်အပေါ် စိုးရိမ်မိ ကြောင်း၊ ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့်လူပေါင်း ၃၃၆ဝဝဝ၏ အခြေအနေများ ပိုမိုဆိုးရွားလာကြောင်းပြောသည်။

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက" အရပ်သားအစိုးရထံအာဏာလွှဲပြောင်းပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတိုက်တွန်းတာတွေဆက်လက်လုပ်ဆောင်သွားမယ်"ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်တွင် နယူးဇီလန်သည် မြန်မာနိုင်ငံနှင့် စစ်ရေး၊ နိုင်ငံရေး ဆက်ဆံရေးဖြတ်တောက်ကြောင်းကြေညာခဲ့ရာ နယူးဇီလန်အစိုးရသည် ထောက်ပံ့ပေးမည့် ငွေကြေးကို စစ်ကောင်စီလက်ခံရရှိမည်မဟုတ်ကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန် ကြီးကဆက်လက်ပြောသည်။ နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပြင် ဘင်္ဂးလားဒေ့ရှ်ကိုလည်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြပွဲများနေ့စဉ်ထွက်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲများဖြိုခွင်းခံခဲ့ရခြင်းကြောင့် လူပေါင်း ၈၆၃ ဦးလည်းသေဆုံးခဲ့ရသည်။ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရ သူ ၄၈ဝဝခန့်ရှိကြောင်း AAPP၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
#NPNews

Related news

© 2021. All rights reserved.