မိမိလုပ်ရပ်ကြောင့် စစ်တပ်အပေါ် လူထုအယုံအကြည်ပိုမဲ့လာရသည်ဟုဆိုကာ ကနေဒါ ဒုစစ်ခေါင်းဆောင်ရာထူးမှနုတ်ထွက်

 521

ဝတီ (NP News) - ဇွန် ၁၅
အမျိုးသမီးများကို မဖွယ်မရာလုပ်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည့် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဂေါက်အတူ ကစားပြီးနောက်တွင် ကနေဒါ ဒုဗိုလ်ချုပ်ကြီးက ရာထူးမှ နုတ်ထွက်လိုက်သည်ဟု ဇွန်လ ၁၄ ရက်ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဂျွန်နသန်ဗန့်စ် စိတ်ပြေလက်ပျောက်ဖြစ်စေရန်အလို့ငှာ မိမိက ၎င်းကိုဂေါက်အတူရိုက်ရန် ဖိတ်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး မိုက်ခ်ရူလေက ပြောသည်။ ဒုဗိုလ်ချုပ်ကြီး မိုက်ခ်ရူလေ ယခင်ကတာဝန်ယူထားသည့်ရာထူးသည် အဆိုပါ ကနေဒါကာကွယ်ရေး ဝန်ကြီးဟောင်းကို စုံစမ်းစစ်ဆေးနေသည့် စစ်တပ်စုံစမ်းစစ်ဆေးရေးမှူးများအပေါ် သြဇာလွှမ်းနိုင်သည်။ မိမိတို့နှစ်ဦးသည် ထိုအမှုကိစ္စနှင့်ပတ်သက်ကာ အသေးစိတ် မဆွေးနွေးခဲ့ကြကြောင်း မိုက်ခ်ရူလေက ပြောသည်။

သို့သော် ယင်းကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဂေါက်အတူရိုက်သည့် မိမိလုပ်ရပ်ကြောင့် မကြာသေးမီက ဖြစ်ခဲ့သည့်အဖြစ်အပျက်များ တစ်ဖန်ပြန် ပြင်းထန်လာကာ စစ်တပ်အပေါ်လည်း လူထုယုံကြည်မှု ပိုမိုပျက်ပြားသွားရသည်ဟု မိုက်ခ်ရူလေက ဝန်ခံပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဟောင်းသည် အမျိုးသမီးသုံးဦးကို မဖွယ်မရာပြုမှုဖြင့် စွပ်စွဲခံထားရပြီး ၎င်းက ထိုစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။ ၎င်းတို့နှစ်ဦး ဂေါက်အတူရိုက်သည့်ကိစ္စသည် သတင်းမီဒီယာ နှစ်ခုကြောင့် လူသိ ရှင်ကြားဖြစ်သွားခြင်းဖြစ်သည်။

#NPNews

Related news

© 2021. All rights reserved.