ငွေကျပ်ဘီလီယံ ၅ဝဝ တန်ဖိုးရှိ အစိုးရငွေတိုက်စာချုပ်များ လေလံတင်ရောင်းချခြင်း တရားဝင်မှုမရှိကြောင်း NUG ကြေညာ

 1203

NP News - ဇွန်လ ၁၅
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ဇွန်လ ၁၄ ရက်က အတည်ပြုထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် "တရားမဝင် အာဏာသိမ်းစစ်ကောင်စီ " ၏ လက်အောက်ခံအဖွဲ့အစည်းက ကြီးမှူးကျင်းပမည့် ငွေကျပ်ဘီလီယံ ၅ဝဝ တန်ဖိုးရှိ အစိုးရငွေတိုက်စာချုပ်များ လေလံတင်ရောင်းချပွဲသည် ဥပဒေကြောင်းအရ တရားဝင်မှုလုံးဝမရှိကြောင်း NUG ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဇွန်လ ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၆ တွင် “၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကန့် သတ်ထားသောအဖွဲ့အစည်း တစ်ရပ်ရပ်၏ ငွေချေးယူခြင်း၊ ကြွေးမြီတင်ရှိခြင်း သို့မဟုတ် ပေးရန်တာ ဝန်ရှိခြင်းသည် အစိုးရကြွေးမြီ သို့မဟုတ် ပြည်သူ့ကြွေးမြီ သို့မဟုတ် နိုင်ငံတော်၏ အာမခံချက်ရှိသည့် ကြွေးမြီဟု မှတ်ယူခြင်းမပြုရ။ ထိုကဲ့သို့သောငွေချေးခြင်း၊ ကြွေးမြီ သို့မဟုတ် ပေးရန်တာဝန်ရှိမှုတို့နှင့် စပ်လျဉ်း၍ ကန့်သတ်ထားသောအဖွဲ့အစည်း တစ်ရပ်ရပ်မှ ချုပ်ဆိုထားသော သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ သို့မဟုတ် အာမခံချက်များ အားလုံးသည် နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အ ပေါ်တွင် ဥပဒေအရသက်ရောက်မှု မရှိစေရ” ဟု အသစ်ဖြည့်စွက်ထားကြောင်း သိရသည်။

စစ်ကောင်စီလက်ထက်တွင် တာဝန်ယူဆောင်ရွက်နေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနက ဇွန်လ ၁၅ ရက်တွင် ငွေကျပ်ဘီလီယံ ၅ဝဝ တန်ကြေးရှိ ငွေတိုက်စာချုပ်များကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါ ငွေတိုက်စာချုပ်များသည် သက်တမ်းအားဖြင့် (၂) နှစ်ကျော်နှင့် (၄)နှစ်ကျော်ရှိသည့် စာချုပ်များဖြစ်ကာ (၂) နှစ်ကျော်သက်တမ်းရှိသည့် စာချုပ်များအတွက် အတိုးနှုန်းကို (၇ ဒသ မ ၂၅) ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားပြီး (၄) နှစ်ကျော်သက်တမ်းရှိသည့် ငွေတိုက်စာချုပ်များအတွက် အတိုးနှုန်းကို (၇ ဒသမ ၅) ရာခိုင်နှုန်းသတ်မှတ်ထားကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.